ဘေးကင်းစိတ်ချရတဲ့ အစားအစာတွေ စားသုံးဖို့ ဘာကြောင့်လိုအပ်သလဲ

သွေး (စစ်ကိုင်း)

နေ့စဉ်နဲ့အမျှ ကျွန်မတို့စားသောက်နေရတဲ့ အစားအစာတွေရဲ့ ဘေးကင်းစိတ်ချရမှုဟာ အထူးပဲအရေးကြီးလှပါတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေကနေ အာဟာရ ‘ဆေး’ မဖြစ်ဘဲ ‘ဘေး’ ဖြစ်နေတာတွေလည်း တွေ့ နေရပါတယ်။ စားသောက်နေထိုင်မှုပုံစံတွေနဲ့ ဆက်စပ်ပြီး အသည်းရောင်အသားဝါရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါတွေဖြစ်နေတာမို့ ဂရုတစိုက်နဲ့ဆင်ခြင်ပြီး စားသောက်သင့်ပါတယ်။

လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအစာတွေဟာ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာတွေထက် ပိုစိတ်ချရတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်အနေအထားအရ အချိန်ပေးပြီး ချက်ပြုတ်နိုင်တဲ့ အနေအထားမရှိသူတွေဟာ လွယ်လင့်တကူစားနိုင်တဲ့ အစားအစာတွေ၊ ဥပမာအားဖြင့် စည်သွတ်ဘူး၊ ခေါက်ဆွဲခြောက်၊ ပြုပြင်စီမံထားတဲ့ အသားတွေကို စားသောက်ကြရပါတယ်။ ဈေးကွက်ထဲမှာလည်း တံဆိပ်အမျိုးမျိုးနဲ့ အဆင်သင့်စားသောက်နိုင်တဲ့ အစားအစားတွေ အများကြီးရှိနေတာပါ။ တချို့သောတံဆိပ်တွေမှာ ပါဝင်ပစ္စည်း၊ ထုတ်လုပ်တဲ့ရက်စွဲနဲ့ သက်တမ်းကုန်ဆုံးရက်စွဲကို သေသေချာချာဖော်ပြပေးထားပေမဲ့ တချို့တံဆိပ်တွေမှာတော့ ဖော်ပြမထားပါဘူး။ သက်တမ်းလွန်အ စားအစားတွေကို စားသောက်မိရင် ကျန်းမာရေးကိုထိခိုက်မှာပါ။

ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးရာမှာ ပိုးသတ်ဆေးတွေ၊ ဓာတုပစ္စည်းတွေ သုံးစွဲကြတဲ့အတွက် မချက်ပြုတ်ခင်မှာ ဆားရည်စိမ်ထားပြီးမှ ချက်ပြုတ်ဖို့ အကြံပြုထားတွေလည်း တွေ့ရပါတယ်။ အရွယ်အစားကြီးမားတဲ့ ဟင်းသီးဟင်းရွက်တွေကို ဂရုတစိုက်နဲ့ သေသေချာချာမဆေးကြောမိရင် ဓာတုပစ္စည်းအကြွင်းအကျန်တွေ ကပ်ငြိနေနိုင်ပါတယ်။ ဂေါ်ဖီထုပ် လို၊ ရုံးပတီသီးလို အသီးအရွက်တွေကို အစိမ်းစားသုံးတာထက် ဆားရည်စိမ်ပြီးမှ ဒါမှမဟုတ် ရေနွေးဆူဆူနဲ့ စိမ်ထားပြီးမှ ဒါမှမဟုတ် ချက်ပြုတ်ပြီးမှ စားသုံးသင့်ပါတယ်။

နောက်တစ်ခုကတော့ ဟင်းတွေချက်ပြုတ်ရာမှာ ဆီကိုအများကြီးထည့်ပြီး ချက်ပြုတ်ကြတာပါ။ ပဲဆီ၊ နှမ်းဆီအစစ် တွေက ဈေးကွက်ထဲမှာ ရှားပါးနေပြီဖြစ်လို့ ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီတွေကို အသုံးပြုတာများပါတယ်။ ဟင်းသီးဟင်းရွက်ဆီပဲဖြစ်ဖြစ်၊ စားအုန်းဆီပဲဖြစ်ဖြစ် အလွန်အကျွံမသုံးသင့်သလို၊ အထူးသဖြင့် စားအုန်းဆီဟာ လူသားတွေရဲ့ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ကိုလက်စထရောများတဲ့အတွက် ရေရှည်စားသုံးရင် နှလုံးသွေးကြောပိတ်တာမျိုးထိ ဖြစ်နိုင်ပါတယ်။ စားအုန်းဆီဟာ ပြည့်ဝဆီအမျိုးအစားဖြစ်တဲ့အတွက် triglyceride လို့ခေါ်တဲ့ သွေးတွင်းအဆီကိုပါ မြင့်မားစေတယ်လို့ health.harvard.edu ဝက်ဘ်ဆိုက်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ စားအုန်းဆီမှာ ပြည့်ဝဆီပါဝင်မှုက ၅၀ ရာခိုင်နှုန်းနီးပါးထိရှိနေလို့ နေ့စဉ်စားသုံးဖို့ ဘယ်လိုမှမသင့်တော်တာ အမှန်ပါ။

နောက်ထပ်သတိပြုရမယ့် အချက်တစ်ချက်ကတော့ ပြန်ကြော်ဆီတွေရဲ့ ကျန်းမာရေးအန္တရာယ်ဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်တချို့မှာ အီကြာကွေး၊ စမူဆာ၊ ပလာတာ စတာတွေကြော်တဲ့အခါ ပြန်ကြော်ဆီတွေအသုံးပြုကြပါတယ်။ ဒီလို အကြိမ်ကြိမ်အထပ်ထပ် ပြန်သုံးပြီးကြော်တဲ့ ပြန်ကြော်ဆီတွေက ရေရှည်မှာ ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ် စေနိုင်တာ သတိပြုသင့်ပါတယ်။

ဟင်းချက်ရာမှာ အချိုမှုန့်၊ ငရုတ်သီးမှုန့်တွေ အလွန်အကျွံသုံးစွဲတာမျိုးကိုလည်း ရှောင်ရှားရမှာဖြစ်ပါတယ်။ တချို့သူတွေက လျှာအရသာကိုအလိုလိုက်ပြီး ဟင်းထဲမှာ အချိုမှုန့်အများအပြားထည့်ချက်မှ အရသာကောင်းတယ်လို့ မှတ်ထင်နေပါတယ်။ “အချိုမှုန့်မပါရင် မစားတတ်ဘူး၊ ဘာလိုနေမှန်း မသိဘူး” လို့တောင် ပြောကြတာရှိပါတယ်။ အချိုမှုန့်ကို ရေရှည်စားသုံးနေရင် ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေရစေနိုင်တယ်ဆိုတာ လေ့လာကြည့်ရအောင်ပါ။ အချို မှုန့်ကို Monosodium glutamate လို့ခေါ်ပြီး တစ်နေ့ကို ပမာဏအနည်းငယ်စားသုံးတယ်ဆိုရင်တောင် အဝလွန်ခြင်းကိုဖြစ်စေနိုင်တယ်လို့ သုတေသနပြု လေ့လာချက်တွေအရ သိရပါတယ်။ ဒါ့အပြင် သွေးတိုးနဲ့ အရိုးပွရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ နှစ်သက်လို့ စားသုံးမယ်ဆိုရင်တောင် အလွန်အကျွံမထည့်ဘဲ စားသုံးသင့်ပါတယ်။

“အာဖလာတောက်စင်” ဟာ ငရုတ်သီးခြောက်တွေမှာသာမက မြေပဲလိုသီးနှံတွေမှာလည်း ရှိနိုင်ပါတယ်။ ဈေးကွက်ထဲမှာရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေနဲ့ အရောင်တင်မှုန့်တွေကို စစ်ဆေးကြည့်ရာမှာ အသည်းကင်ဆာဖြစ်စေတဲ့ “အာဖလာတောက်စင်” မှိုနဲ့ ဆိုးဆေးတွေပါဝင်နေတာ ၂၀၁၆ ခုနှစ်ကတည်းက တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကနေ ရောင်းချခွင့်မပြုဘဲ သိမ်းဆည်းဖို့ သတိပေးတာတွေ ရှိခဲ့ဖူးပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ဈေးကွက်ထဲရောင်းချနေတဲ့ အစားအသောက်တံဆိပ်တချို့ကို စစ်ဆေးကြည့်ရာမှာ ခွင့်ပြုထားခြင်းမရှိတဲ့ တာရှည်ခံဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေအသုံးပြုပြီး ထုတ်လုပ်ခဲ့တဲ့ အစားအသောက်တံဆိပ် ၃၀ ကျော် တွေ့ရှိခဲ့ပါတယ်။ အဲဒီအစားအသောက်တွေထဲမှာ မက်မန်းယို၊ ဆီးယို၊ သရက်ယို၊ ရှောက်သီးတော်ဖီ၊ စတော်ဘယ်ရီအရသာ အချိုရည်တွေမှာ Sodium Cyclamate သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲထားတာ ဖြစ်ပါတယ်။ ပဲကြီးလှော်မှာ ခွင့်မပြုဆိုးဆေးဖြစ်တဲ့ Auramine O ကို သုံးစွဲထားတာ တွေ့ရှိခဲ့ပါတယ်။ Sodium Cyclamate ပမာဏလွန်ကဲရင် ခေါင်းကိုက်တာအပါအဝင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ Auramine O ပါဝင်တဲ့ အစားအစာ ကို ရေရှည်စားသုံးမိရင် အသည်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းတို့ကို ထိခိုက်စေနိုင်ပါတယ်။

အမျိုးသား အစားအသောက်ဥပဒေ၊ ပုဒ်မ ၂၂ မှာ- ‘စားသုံးသူကို အဆိပ်သင့်စေနိုင်တဲ့ ဒါမှမဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအသောက်၊ စံမမီ အစားအသောက်၊ လိုင် စင်ထုတ်ပေးခွင့်ရှိတဲ့ သက်ဆိုင်ရာအစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းကသတ်မှတ်တဲ့ အချက်အလက်တွေမပါတဲ့ အစားအသောက်ကို ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူးခဲ့ရင် ပုဒ်မ ၂၈ အရ ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ၃ သိန်းအထိ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံးထိ ချမှတ်နိုင်တယ်’ လို့ ဖော်ပြထားပါတယ်။ ဥပဒေအတိုင်း လက်တွေ့အရေးယူနိုင်မှသာ ဘေးကင်းစိတ်ချရ တဲ့ အစားအသောက်တွေ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေ နှစ်သက်စွာစားသုံးကြတဲ့ ရိုးရာမုန့်ဟင်းခါးမှာပါဝင်တဲ့ မုန့်ဖတ်တွေရဲ့ သန့်ရှင်းရေးကလည်း အရေးကြီးပါတယ်။ မုန့်ဖတ်တွေ၊ ခေါက်ဆွဲတွေမှာ တာရှည်ခံဆေးတွေ အသုံးပြုတာမျိုး ရှိနေတာကြောင့်ပါ။ အထူးသဖြင့် ဖော်မလင် (ခေါ်) ဖော်မယ်ဒီဟိုက် အသုံးပြုထားတဲ့ မုန့်ဖတ်ကိုစားမိရင် ကင်ဆာရောဂါထိ ဖြစ်ပွားစေနိုင်ပါတယ်။ မုန့်ဖတ်တွေမှာသာမက ပဲသွေး၊ ပဲပြားတွေထုတ်လုပ်ရာမှာလည်း ဖော်မလင်အသုံးပြုတာတွေ ရှိပါတယ်။

နောက်ထပ်သတိပြုရမယ့် ကျန်းမာရေးဆိုင်ရာပြဿနာတစ်ရပ်ကတော့ ကွမ်းယာစားသုံးမှုပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ မြို့ ပြမှာရော၊ ကျေးလက်မှာပါ ကွမ်းယာဆိုင်တွေကို အလွယ် တကူတွေ့နိုင်သလို အလွယ်တကူပင် ဝယ်ယူစားသုံးနိုင်ကြပါတယ်။ ကွမ်းစားသူတွေလည်း များပြားလာနေပါတယ်။ ဒါပေမဲ့ ကွမ်းသီးကို မှိုမတက်အောင် အသုံးပြုရတဲ့ မှိုသတ် ဆေးကနေ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ကို မသိကြသူတွေလည်း အများအပြားပါ။ မှိုသတ်ဆေးကြောင့် ကင်ဆာဖြစ်စေနိုင်သလို ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ်ကြောင့်လည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ ကွမ်းယာတဲ့အခါ မပါရင်မဖြစ်တဲ့ ထုံးပါ။ ထုံးဆိုတာက အယ်လ်ကာလိုင်း တစ်မျိုးဖြစ်ပြီး အက်စစ်ပြင်းတွေက စားသလိုမျိုး အယ်လ်ကာ လိုင်းအပြင်းတွေက ခံတွင်းထဲမှာရှိတဲ့ နုနယ်လှတဲ့သွေးကြောလေးတွေ၊ ပါးစောင်အတွင်းသားတွေကို စားတတ်ပါတယ်။ ‘ထုံးပေါက်တယ်’ ဆိုတာပါပဲ။ ကွမ်းစားတာကြောင့် ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာတွေသာမက ဆီးအိမ်ကင်ဆာထိပါ ဖြစ်စေနိုင်တဲ့အတွက် ကွမ်းစားတဲ့အလေ့အထကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။

ပိုက်ဆံချမ်းသာတိုင်း အစားအသောက်ကို ကောင်းကောင်းမွန်မွန် စားသောက်နိုင်တယ်လို့ လူအများစုက ထင်မှတ်နေတတ်ကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အစာနဲ့ စားသောက်နေထိုင်မှုပုံစံကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။ အသားနဲ့ အသီးအရွက်ကို မျှတအောင်စားသောက်ရမှာဖြစ်သလို တစ်ပတ်မှာနှစ်ကြိမ်လောက် ငါးစားသုံး သင့်ပါတယ်။ အသင့်စား အစားအသောက်တွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပြီး လတ်ဆတ်ကောင်းမွန်စွာ ချက်ပြုတ်ထားတဲ့အစားအစာတွေကို စားသုံးတာ ပိုကောင်းပါတယ်။

တစ်ဖက်ကလည်း အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုကို ကြပ်မတ်စစ်ဆေးသင့်သလို စံမမီ အစားအစာတွေ, စားသုံးရန်မသင့်တဲ့ အစားအစာတွေကို ဈေးကွက်ထဲကနေ ပြန်သိမ်းသင့်ပါတယ်။ သက်ရှည်ကျန်းမာအောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ရွေးချယ်စားသုံးဖို့ လိုအပ်သလို မကျန်းမမာဖြစ်စေမယ့် စားသုံးမှုအလေ့အထတွေကို ရှောင်ကြဉ်ကြဖို့ အထူးလိုအပ်ပါတယ်။

သွေး(စစ်ကိုင်း)

ဘေးကင်းစိတ်ချရတဲ့ အစားအစာတွေ စားသုံးဖို့ ဘာကြောင့်လိုအပ်သလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.