ဇရာအန်တုအစွမ်းနဲ့ လာဘ်ပေး၊ လာဘ်ယူ ကျန်းမာရေး

လူတိုင်းဟာ ကိုယ့်မှာရှိတာတွေကို တန်ဖိုးထား ထိန်းသိမ်းရမယ့်အစား မရှိသေးတဲ့အရာတွေကို စိတ်ရောက်နေကြသူတွေဟာ သူတို့လိုချင်၊ ရချင်တာရဖို့အတွက် ရုပ်ဝတ္ထုပစ္စည်း သာမက စိတ်ပိုင်းဆိုင်ရာ လိုချင်တပ်မက်မှုအတွက်ပါ အသည်းအသန် ကြိုးစားနေကြတာပါပဲ။ ကိုယ့်မှာရှိနေတဲ့ တန်ဖိုးထားထိန်းသိမ်းရမယ့် အရာတစ်ခုက ‘ကျန်းမာရေး’ ဖြစ် တယ်ဆိုတာသိကြပေမဲ့ တကယ်လက်တွေ့မှာတော့ သိပ်အရေးထားတာမျိုး နည်းပါးကြပါတယ်။ မကျန်းမမာဖြစ်လာတော့မှ ပြန်လည်ပြီး ကျန်းမာလာဖို့အတွက် ‘လာဘ်ပေး၊ လာဘ်ယူ’ လုပ်ရတော့တာပါပဲ။ တစ်နည်းအားဖြင့် အစားအသောက်နဲ့ ပြန်လည်ထိန်းညှိယူတာမျိုး ဒါမှမဟုတ် ဆေးဝါးနဲ့ ပြန်လည်ထိန်းညှိယူတာမျိုးပါ။ အစားအသောက်နဲ့ ခန္ဓာ ကိုယ်ရဲ့ကျန်းမာရေးထိန်းညှိဖို့ အင်တင်အောက်ဆီဒန့် (Antioxidants) အကြောင်း အပြည့်အစုံမပြောခင် ‘ဗီတာမင်’ နဲ့ ‘Oxidation လို့ခေါ်တဲ့ အောက်ဆီဂျင်ပြည့်ဝမှု’ကစပြီး တင် ပြပါမယ်။

၁၉၁၁-၁၂ ခုနှစ်က ပိုလန်နိုင်ငံသား ဓာတုဗေဒပညာရှင် ကာစီနာဖန့်ခ် (Casiner Funk) ဟာ လူတို့စားသောက်တဲ့ အစားအစာတွေထဲမှာ ‘သက်စောင့်ဓာတ်’ ဖြစ်တဲ့ အမင် (Amines) ကို စတင်တွေ့ရှိခဲ့ပါတယ်။ ဒီ ‘ဓာတ်’ ကို ရှင်သန်မှု (Life) လို့ အဓိပ္ပာယ်ရတဲ့ လက်တင်ဝေါဟာရ ဗီတာ (Vita) နဲ့ပေါင်းစပ်ပြီး (Vita + Amines = Vitamin) ဆိုပြီး လူတိုင်း သိရှိနေ ကြတဲ့ ဗီတာမင်ဆိုတာ ဖြစ်လာတာပါ။ ဗီတာမင်တွေက အမျိုးအမည်များပြားပေမဲ့ တကယ်တမ်းခွဲကြည့်လိုက်ရင် ‘ရေတွင်ပျော်ဝင်တဲ့အုပ်စု’ နဲ့ ‘အဆီတွင်ပျော်ဝင်တဲ့အုပ်စု’ ဖြစ် ပါတယ်။ ဗီတာမင် (A), (B), (C), (D), (E), (K) တို့ထဲက ဗီတာမင် A, D, E, K တို့သည် အဆီတွင်ပျော်ဝင်နိုင်သည့် ဗီတာမင်များဖြစ်ပြီး၊ ဗီတာမင် C နှင့် B သည် ရေတွင်ပျော်ဝင် နိုင်တဲ့ ဗီတာမင်များဖြစ်ပါတယ်။

အက်တမ် (Atom) ခေါ် အနုမြူတစ်လုံးမှာ အီလက်ထရွန် (Electron) ‘အမ’ ဓာတ်၊ ပရိုတွန် (Proton) ‘အဖို’ ဓာတ်၊ ညူထရွန် (Neutron) ခေါ် ‘ကြားခံထိန်းကွပ်’ ဓာတ်တို့ဟာ အနုမြူ အက်တမ်ရဲ့ ဝတ်ဆံဖြစ်တဲ့ ညုကလိယပ်စ် (Nucleus) ကိုဗဟိုပြုပြီး သွေဖည်ဝိုင်း (Ellipse) လှည့်ပတ်တည်ရှိနေပါတယ်။ ဥပမာ- ရေမော်လီကျူးမှာဆိုရင် ဓာတုဖွဲ့စည်းပုံနည်းစဉ်အ တိုင်း H2O ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်အက်တမ်နှစ်လုံးနဲ့ အောက်ဆီဂျင်အက်တမ်တစ်လုံးနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ နောက်ထပ်အောက်ဆီဂျင်အက်တမ်တစ်လုံး ထပ်ပေါင်းထည့် လိုက်တဲ့အခါ အောက်ဆီဂျင်ပြည့်ဝမှု (Oxidation) ဖြစ်သွားပါတော့တယ်။ အဲဒီအခါ အပိုအောက်ဆီဂျင်အက်တမ်ဟာ နားခိုဖွဲ့စည်းဖို့ မော်လီကျူးမရှိတော့ဘဲ မူလရှိရင်းစွဲ မော်လီ ကျူးကို ထိုးဖောက်မွှေနှောက်လို့ ရေမော်လီကျူး ပျက်စီးသွားရပါတယ်။

ဒီဥပမာအတိုင်း (ခန္ဓာကိုယ်မှာ) အောက်ဆီဂျင်အက်တမ်တစ်လုံး ရှိရမယ့်နေရာမှာ အပိုအောက်ဆီဂျင်တစ်လုံး တိုးလာတဲ့အခါ အောက်ဆီဂျင်ပြည့်ဝသွားပြီး အက်တမ်တစ်လုံးမှ အီလက်ထရွန်ကို တိုက်ထုတ်ပစ်လိုက်တာပါပဲ။ အဲဒီအခါ ဓာတုဖွဲ့စည်းပုံ ပျက်စီးသွားပြီး ဓာတ်တုံ့ပြန်မှု ဖြစ်ပေါ်နေခြင်းကို ထိန်းချုပ်မှုကင်းလွတ်နေခြင်း သို့မဟုတ် ကင်းပသွားခြင်း (Free Radical) လို့ သိပ္ပံအသုံးအနှုန်းက ဆိုပါတယ်။ အဲဒီလိုအခြေအနေမှာ အောက်ဆီဂျင်ပြည့်ဝမှု ဖိစီးခြင်း (Oxidation Stress) ဖြစ်ပေါ်လာပြီး ကလာပ်စည်း (Cell) များ ပျက်စီး သွားရတော့တာပါ။ တစ်နည်းအားဖြင့် အနုမြူအက်တမ်ပျက်စီးသွားလို့ အနုမြူအက်တမ်တွေနဲ့ ဖွဲ့စည်းဖြစ်ပေါ်နေတဲ့ ကလာပ်စည်းတွေလည်း ပျက်စီးရတာဖြစ်ပါတယ်။

ဒီနေရာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်တဲ့ အင်တီအောက်ဆီဒင့် (Antioxidants) ဓာတ်ရဲ့သဘာဝက အက်တမ်အနုမြူထိန်းကွပ်မှု ကင်းလွတ်နေချိန်မှာ ဓာတ်တုံ့ပြန်မှုကြောင့် ကလာပ်စည်းတွေ မထိခိုက်စေဖို့ ကြားခံဓာတ်တစ်ခုအနေနဲ့ တည်ငြိမ်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အောက်ဆီဂျင်ပြည့်ဝမှုဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝ အတိုင်း ဖြစ်ပေါ်တတ်လေ့ရှိရာ ထိုဖြစ်စဉ်ကို ညီညွတ်မျှတအောင် အင်တီအောက်ဆီဒင့်က ဆောင်ရွက်ပေး၊ လုပ်ဆောင်ပေးတဲ့အတွက် လူ့ကျန်းမာရးကို ထိန်းသိမ်းပေးနိုင်တာ ဖြစ်ပါတယ်။

နည်းနည်းလေး ထပ်ရှင်းရရင် လူ့ခန္ဓာကိုယ်မှာ ဆဲလ်တွေ၊ ဂလင်းစ်တွေကနေ စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်း (ချွေး၊ အပေါ့၊ အလေး အပါအဝင်) တွေရှိတယ်။ သူတို့ကို Free Radical လို့ခေါ်ပါတယ်။ အဲဒီ စွန့်ပစ်ပစ္စည်းတွေ  အရမ်းများလာရင်၊ ပုံမှန်စွန့်ထုတ်မှု မလုပ်တော့ရင် ခန္ဓာကိုယ်ထဲမှာ ခိုအောင်းနေပြီး၊ အထူးဖြင့် အဆုတ်၊ အသည်း၊ နှလုံး၊ အစာ အိမ်၊ ပန်ကရိယ၊ ကျောက်ကပ် စတဲ့ကလီစာတွေရဲ့ ပုံမှန်လုပ်ဆောင်မှု ကြွက်သားတွေကို ရောင်ရမ်းတာမျိုးတွေ ဖြစ်စေပြီး အားနည်းသွားစေတာပါပဲ။ အဲဒီကနေ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေ၊ ကင်ဆာ၊ အဆစ်အမြစ်တွေယောင်တဲ့ ရောဂါမျိုး၊ အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါမျိုးတွေ၊ မျိုးမအောင်တာမျိုးတွေ၊ ပါကင်ဆန်ရောဂါမျိုး စတဲ့ရောဂါမျိုးတွေ ဟာ ဆဲလ်တွေကဓာတ်တိုးတဲ့ဖြစ်စဉ်တွေ ကမောက်ကမဖြစ်တဲ့အချိန်မျိုးတွေမှာ ဝင်ရောက်လာနိုင်တာပါပဲ။ အဲဒီ Free Radicals တွေကို ထိန်းပေးနိုင်တဲ့ပစ္စည်းကို ဓာတ်တိုးဆန့်ကျင် ပစ္စည်း (သို့) အင်တီအောက်စီဒင့် (Antioxidants) ဆိုတာလို့ခေါ်တာ ဖြစ်ပါတယ်။

အင်တီအောက်စီဒင့်ဆိုတာ ပစ္စည်းတစ်မျိုးတည်းကိုခေါ်တာမဟုတ်ပါ။ ဓာတ်တိုးဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိရှိတဲ့ပစ္စည်းတွေကိုခေါ်တာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ (က) ဗီတာမင် အေ (ခ) ဗီတာမင် စီ (ဂ) ဗီတာမင် အီး (ဃ) ဘီတာ ကယ်ရို တင်း၊ (င) လိုက်ကိုပင်း၊ (စ) လူတင်း၊ (ဆ) ဆလီနီယမ်၊ (ဇ) မဂ္ဂနိစ့်၊ (ဈ) ဇီယန်သင်း စတဲ့ပစ္စည်းတွေ ပါပါတယ်။

ဗီတာမင်အေ – မျက်စိအမြင်အာရုံ၊ အရိုးတည်ဆောက်မှုနဲ့ အသားအရေတို့အတွက် ကောင်းပါတယ်။ ရောဂါဝင်လာရင် ကြံ့ကြံ့ခံနိုင်စေတယ်။ အသည်းမှာတွေ့တယ်၊ ဟာရင်း (Herring) ပင်လယ်ငါးမှာတွေ့မယ်။ ဟင်းသီးဟင်းရွက် အားလုံးလိုလိုမှာတွေ့မယ်။ ကန်စွန်းဥ၊ မုန်လာဥနီ၊ မုန်ညင်း၊ ‌‌ဂေါ်ဖီ၊ အချဉ်သီးတွေမှာ ပါပါတယ်။

ဗီတာမင်စီ – အရိုး၊ အရိုးနု၊ သွားနဲ့ သွားဖုံး ကျန်းမာရေးတို့အတွက် အားကိုးရတဲ့ ဗီတာမင်ဖြစ်တယ်။ အရေပြားမှာ ဒဏ်ရာရရင် ပိုးမဝင်အောင်တားပေးပြီး အနာဖေးတက်တာကို လည်းမြန်စေတယ်။ ပန်းဂေါ်ဖီစိမ်း (broccoli)၊ ငရုတ်သီး၊ သကြားမုန်လာ အစရှိတဲ့အစားများတဲ့ ဟင်းသီးဟင်းရွက်တိုင်းမှာ ပါဝင်သလို လိမ္မော်၊ ရှောက်၊ သံပုရာ၊ ကီဝီ၊ သရက်၊ မာ လကာ၊ စပျစ်ချဉ်၊ Black Currants မှာလည်း ပါပါတယ်။

ဗီတာမင်ဒီ – အရိုးတွေ သွားတွေအတွက် မရှိမဖြစ်သက်စောင့်ဓာတ်ပါ။ ဆဲလ် (ကလာပ်စည်း-cell) တွေ၊ အထူးသဖြင့် ခန္ဓာကိုယ်ခုခံအားနဲ့ ပတ်သက်နေတဲ့ ဆဲလ်တွေရဲ့ ကြီးထွားတိုး တက်မှုအတွက် အရေးပါပါတယ်။ ဒါကြောင့် ကိုဗစ်-19 ကာလမှာ ဗီတာမင်ဒီ ပေးရတာပါ။ ဗီတာမင်ဒီချို့တဲ့လာရင် နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဝင်လာတတ်ပါတယ်။ နေဆာလှုံရုံ နဲ့ လွယ်လွယ်ရနိုင်တယ်။ အစားအစာကနေ ဗီတာမင်ဒီရဖို့ အမဲအသည်း၊ နွားနို့၊ ဆာလမွန်ငါး (Salmon)၊ အနီရောင်ကျူနာငါး (Red Tuna)၊ စည်သွတ်ဆာဒင်း၊ စည်သွတ် ဟာရင်း (Sardines and Herrings) တို့ကနေ ရနိုင်ပါတယ်။

ဗီတာမင်အီး – ဗီတာမင်အီးဟာ နှလုံးအတွက်ကောင်းတယ်။ ရောင်ယမ်းမှုတွေကို သက်သာစေတယ်။ ဗာဒံသီး၊ သစ် ကြားသီး၊ လုံးတီးဆန်/ဂျုံ၊ ထောပတ်သီး စတာတွေကနေ ရနိုင် ပါတယ်။ ဗီတာမင်အီးက မျိုးပွားမှုစွမ်းအင်အတွက်လည်း အရေးပါပါတယ်။ ဗိတာမင်အီးဟာ ဆီလီနီယမ် (Selenium) လို့ခေါ်တဲ့ မရှိမဖြစ်လိုအပ်မယ့် Trace Element နဲ့ တွဲပြီး အလုပ်လုပ်ပါတယ်။ နှမ်းဖတ်ချဉ်၊ ငါးအဆီ၊ နှမ်းဆီ၊ နေကြာဆီတို့မှာ ပါဝင်ပါတယ်။

ဗီတာမင်ကေ – သွေးလွန်ရင်၊ သွေးမတိတ်ရင် ဗီတာမင်ကေ ပေးလေ့ရှိပါတယ်။ သွေးတိတ်အောင်လုပ်ပေးတဲ့ ဗီတာမင်ပါ။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ မုန်ညင်း၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာထုပ်၊ ကညွတ်၊ ဆလတ်ရွက်၊ အစိမ်း ရောင်ပဲသီးတောင့်တွေ၊ ပဲသီးစေ့တွေနဲ့ ဝီကီသီးတွေမှာလည်း ပါပါတယ်။

ဗီတာမင်ဘီဝမ်း (B1) – ကြီးထွားမှုနဲ့ စွမ်းအင်ထုတ်လုပ်မှုမှာ ပါဝင်လုပ်ဆောင်ပါတယ်။ အာရုံကြောတွေရဲ့ တုံ့ပြန်မှုကို အားပေးပါတယ်။ ဝက်သား၊ ဂျုံပင်ပေါက်၊ လုံးတီးဆန်/ဂျုံ၊ လိမ္မော်သီး၊ ပဲအမျိုးမျိုးတို့မှာ ပါဝင်ပါတယ်။

ဗီတာမင်ဘီတူး (B2) – ဘီဝမ်းနဲ့တွဲဖက်ပြီး စွမ်းအင်ထုတ်လုပ်ရာမှာ တာဝန်ယူပါတယ်။ အရွတ်အကြောတွေ သန်မာစေပါတယ်။ သွေးနီဥထုတ်လုပ်ရာမှာကူညီလို့ သွေးအားကောင်း စေပါတယ်။ ကြက်သား၊ ခုံး (ဂုံး)၊ ကြက်ဥနဲ့ နို့၊ နို့ထွက်ပစ္စည်း၊ သစ်ကြားသီးတွေဆီက ရပါတယ်။

ဗီတာမင်ဘီသရီး (B3) – ခန္ဓာကိုယ် ပုံမှန်ကျန်းမာကြံ့ခိုင်ရေးကို အားပေးပါတယ်။ အထက်ကနှစ်မျိုးလိုပဲ စွမ်းအင်ထုတ်လုပ်ရာမှာလည်း အားပေးကူညီပါတယ်။ အသည်း၊ ကြက်ကင်၊ အသားလုံး၊ ကျူနာငါး (ငါးသေတ္တာငါး)၊ ဆာမွန်ငါး၊ ကော့ဒ် (Cod) ပင်လယ်ငါး၊ ပဲမျိုးစုံနဲ့ လုံးတီးဆန်/ဂျုံ/ပြောင်းတို့နဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ပါဝင်ပါတယ်။

ဗီတာမင်ဘီဖိုက် (B5) – စိတ်ဓာတ်ကျ၊ လေးလံထိုင်းမှိုင်းတာတွေကို ကုစားရာမှာ အသုံးပြုပါတယ်။ အသားစုံ၊ ငါးစုံ၊ ကြက်ဥအကျက်ပြုတ်၊ မှို၊ နေကြာစေ့ စတဲ့အစားအစားတွေမှာ ပါဝင်ပါတယ်။

ဗီတာမင်ဘီစစ်စ် (B6) – ဘီစစ်စ် ချို့တဲ့လာရင် စိတ်ကယောင်ချောက်ချား ဖြစ်တတ်တယ်လို့ တွေ့ရှိချက်တွေကဆိုပါတယ်။ မူးမော်၊ ပျို့အန်ရင် ဘီစစ်စ် သောက်ရတာ လူအများသိ ကြပါတယ်။ သွေးချိုကိုကျစေတာ၊ သွေးနီဥ ထုတ်လုပ်ရာမှာ အရေးကြီးပါတယ်။ ကြက်၊ ငါး၊ ပဲတီစိမ်း၊ အသည်း၊ နှမ်းလှော်၊ နေကြာစေ့ အစရှိတာတွေမှာ ပါပါတယ်။

ဗီတာမင်ဘီအိတ်ထ် (B8) – ဘီတာမင်ဘီအိတ်ထ်က ကိုယ်တွင်းသကြားဓာတ်တွေ၊ အဆီတွေကို လျှော့ချပေးပါတယ်။ ငါး၊ အူကလီစာ၊ အသည်း၊ ပန်းဂေါ်ဖီ၊ ကြက်ဥအနှစ်၊ ပဲပုပ်စေ့ တို့မှာ ပေါကြွယ်စွာ ပါပါတယ်။

ဗီတာမင်ဘီနိုင်း (B9) – ကိုယ်ဝန်ဆောင် ဗီတာမင်လို့ ခေါ်ပါတယ်။ သားသမီးရစေတယ်။ အစွမ်းကများပါတယ်။ မွေးလာမယ့်ကလေးကို အင်္ဂါစုံစေတယ်။ လူစဉ်မီစေတယ်။ သက် ရှိတွေရဲ့မဏ္ဍိုင်ဖြစ်တဲ့ ဒီအင်န်အေ (DNA) ဖြစ်ထွန်းဖို့ အရေးပါပါတယ်။ သန္ဓေသားရဲ့ အာရုံကြောစနစ်နဲ့ ရောဂါခုခံရေးစနစ် ဖွံ့ဖြိုးလာအောင် ကူညီအားပေးပါတယ်။ အမိဝမ်းတွင်း ကထွက်လာစ ကလေးငယ်မှာ မွေးဖွားမှုကြောင့် ထိခိုက်ပွန်းပဲ့တာတွေကို နာရီပိုင်းအတွင်း ပြန်လည်ကုပေးတာ ဗီတာမင်ဘီနိုင်းပါပဲ။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ စားဖို့နဲ့ နို့စို့အရွယ် ကို ဖြည့်စွက်အစာကျွေးဖို့ မုန်ညင်း၊ ကညွတ်၊ ဆလတ်၊ သကြားမုန်လာ အစရှိတာတွေနဲ့ ပဲစေ့အမျိုးမျိုး၊ နေကြာစေ့နဲ့ အားဖြည့် အထူးဆန်မှုန့်၊ ပဲမှုန့်တွေမှာ ပါပါတယ်။

ဗီတာမင်ဘီတွဲ (B12) – မျိုးရိုးဗီဇအတွက် ဒီအင်န်အေ (NDA) ပေါ်က ခရိုမိုဆုမ်း ထုတ်လုပ်ပေးတာ၊ အာရုံကြောက လာပ်စည်း (cell) တွေ ဖွံ့ဖြိုးဖို့အတွက်တော့ ဘီတွဲကကူညီလုပ် ဆောင်ပေးပါတယ်။ နို့၊ အသား၊ ငါး၊ ကြက်ဥတို့မှာ ပါပါတယ်။ ဗီတာမင်ဘီတွဲပါတဲ့ အားဆေးလည်း သောက်နိုင်ပါတယ်၊ ဒါမှမဟုတ် ထိုးဆေးလည်းရှိပါတယ်။

‘ကျန်းမာခြင်းသည် လာဘ်တစ်ပါး’ လို့ဆိုကြတဲ့အတိုင်း လာဘ်၊ လာဘပြည့်စုံမယ့် သင့်ရဲ့ကျန်းမာရေး ရရှိပြည့်စုံဖို့အတွက် ‘မကျန်းမာစေမယ့် အမူအကျင့်တွေ’ ရှောင်ကြဉ်ရမှာဖြစ် သလို သင့်ကျန်းမာရေးအတွက် လိုအပ်မယ့် အင်တီအောက်ဆီးဒင့် အစားအသောက်တွေ ရွေးချယ်စားသောက်ပေးဖို့ အကြံပြုတင်ပြလိုက်ပါတယ်။

နိုင်စွမ်း၊ ဇန်နဝါရီ ၁၉, ၂၀၂၄

Ref:

  • အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွင်- ဒေါက်တာချစ်စော Wisdom House ဇူလိုင်လ ၂၀၂၃
  • Myanmar Industrial Digest vol-7, No.1 March 2008
  • https://greenwaymyanmar.com/posts/What_is_antioxidant

ဇရာအန်တုအစွမ်းနဲ့ လာဘ်ပေး၊ လာဘ်ယူ ကျန်းမာရေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.