အလုပ်ချိန် ၁၈ နာရီ

#ကိုပေါက်

အချိန်က ည ၁၀ နာရီ‌စွန်းရုံရှိသေး လမ်းမပေါ်၌ လူသွားလူလာ မရှိသလောက်ဖြစ်နေပြီ။ ကားတစ်စီးတစ်လေမျှ တွေ့ရ‌သေးသည်။ ယခင် ရန်ကုန်မြို့ပြည လမ်းမများနှင့် ယခု ရန်ကုန်မြို့ပြည လမ်းမများမှာ အတော်ပင်ကွာခြားလှသည်။ ယခင်က ည ၁၀ နာရီကျော်အချိန်ဆိုလျှင် လမ်းမပေါ်၌ လူသွားလူလာမပြတ်၊ ကားများလည်း ဥဒဟိုသွားလာနေကြ၊ ယခုတော့ ကားနှင့်လူများပင်မဆိုထားနှင့် ခွေးတစ်ကောင် ကြောင်တစ်မြီးပင် တွေ့ရခဲလှသည်။

တိတ်ဆိတ်လှသည့် ရန်ကုန်မြို့ပြအခြေနေကြောင့် နယ်၌ကြီးပြင်းခဲ့ရသည့် ငယ်ဘဝအချိန်များပင် ပြန်ပြောင်းသတိရမိသည်။ ညရှစ်နာရီထိုးပြီဆိုတာနှင့် မီးမှိတ်၊ တံခါးပိတ်အိပ်ဆို သည့် အချိန်များပင်ဖြစ်သည်။ အမေ့၏အဖေ အဖိုးဆိုလျှင် နေဝင်မိုးချုပ်စပြုတာနှင့် အိမ်တံခါးများပိတ်ရန် အချက်ပေးနေလေပြီ။ ယခု ရန်ကုန်မြို့ပြ အခြေအနေကလည်း လွန်ခဲ့ သောနှစ် ၂၀ ကျော်က နယ်၌ ကြီးပြင်းခဲ့ရသည့် ငယ်ဘဝအခြေအနေများကို အမှတ်ရစေသည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်ကာလများကပင် ရန်ကုန်မြို့ပြ အိမ်ပြန်ချိန်များက စည်ကားလှသည်။ လမ်းမပေါ်၌ လူသူမပြတ်၊ ကားမပြတ်၊ လိုင်းကားများပင် ညလုံးပေါက်ပြေးဆွဲသည့် ကားအချို့ရှိခဲ့သည်။ စားချင်တာ စားမလား၊ သွားချင်တာ သွားမလား၊ လပ်လွတ်စွာ သွားလာစားသောက်နိုင်သည်။ ယခုတော့ သွားလာစားသောက်ဖို့နေနေသာသာ အလုပ်ပြန် နောက်ကျလျှင်ပင် လိုင်းကားအခက်အခဲကြောင့် တက္ကစီငှားရသည်။ တက္ကစီဆိုသည်မှာလည်း ယခင်လို ငှားချင်တိုင်း ငှား၍မရ၊ မိုးချုပ်ပြီဆိုတာနှင့် လမ်းကြောင်းသင့်မှသာ လိုက် ကြသည်။ ကားတိုင်းမလိုက်၊ ပိုဆိုးသည်က တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုပင်ဖြစ်သည်။

ယခုခေတ်က လူတိုင်း Facebook အသုံးပြုနေကြတော့ လိုင်းပေါ်၌ လုယက်မှုသတင်း၊ သတ်ဖြတ်မှုသတင်းတွေ မကြာခဏဆိုသလို ကြားနေရသည့်အတွက် သူ့မယုံ၊ ကိုယ့်မယုံ ပြဿနာကလည်း ရှိသေးသည်။ ကားငှားစီးသူနှင့် ကားသမား အပြန်အလှန်ယုံကြည်မှုရမှသာ လိုရာခရီးကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်။ ယခု မိမိပြန်ရမည့်နေရာက မနီးမဝေးဆိုသော်လည်း ည ၁၀ နာရီ‌ ကျော်အချိန်ဖြစ်၍ တစ်ဦးတည်းလမ်းလျှောက်ရန် မသင့်‌ပေ။ ယခုခေတ်က မိန်းကလေးမဆိုထားနှင့် ယောကျာ်းလေးသည်ပင် တစ်ဦးတည်း မလုံခြုံသည့်ဘဝ။ တက္ကစီငှားဖို့ကလည်း ငှားချင်တိုင်း ငှားမရ၊ ကားကမလာ၊ လာလည်း လမ်းမသင့်၍ မတင်၊ ဒီအတိုင်းသာ ဆက်စောင့်နေလျှင် အိမ်ပြန်ချိန် ပို၍နောက်ကျမည် ဖြစ်သည်။

ထိုအချိန်တွင် မီးရောင်မှိတ်တုတ်မှိတ်တုတ်နှင့် သုံးဘီးဆိုင်ကယ်(ဘေးတွဲ) တစ်စီး မျက်နှာချင်းဆိုင်လမ်းမက မောင်းလာတာကို တွေ့လိုက်ရသည်။ ရလို့ရငြား ငှားကြည့်ရမှာပဲ ဆို သည့်စိတ်နှင့် လက်တားလိုက်မိသည်။ လက်တားလိုက်သည်နှင့် သုံးဘီးက ကိုယ့်ရှေ့တည့်တည့် စိုက်စိုက်မြိုက်မြိုက်ရောက်လာသည်။

“ ဆရာကြီး သုံးဘီးအားလား”

သုံးဘီးမောင်းသူက သေချာစိုက်ကြည့်ပြီးမှ “ ဘယ်သွားမှာလဲ ငါကသိမ်းပြီ အိမ် ပြန်တော့မလို့”

“ သိပ်မဝေးပါဘူး ဆရာကြီးရာ။ ဒီနားလေးတင်ပါ ကားငှားနေတာ ကားကလည်းမလာတော့ ဆရာကြီးတွေ့တာနဲ့ တားလိုက်တာ။ အဆင်ပြေရင် လိုက်ပို့ပေးပါလား”

ကျွန်တော်သွားရမည့်နေရာအား ပြောလိုက်သောအခါ သုံးဘီးဆရာက စဉ်းစားဟန်ပြုပြီးမှ “ လမ်းတော့ မကြုံဘူးကွ၊ ငါက ဟိုဘက်ရပ်ကွက်ပြန်ရမှာ။ အချိန်ကလည်း နောက်ကျ နေပြီ။ ဒါနဲ့ မင်းတစ်ယောက်တည်းလား”

“ ဟုတ်ပါတယ် ကျွန်တော်တစ်ယောက်တည်းပါ။ အဆင်ပြေရင် လိုက်ပို့ပေးပါလားဗျ”

သုံးဘီးဆရာ အတော်ကြာ စဉ်းစားပြီးမှ “ ဒါဆိုလည်း တက်ကွာ”

သုံးဘီးဆရာဆီက ခွင့်ပြုချက်ပါမစ်ရသည့်နှင့် ကျွန်တော်လည်း မဆိုင်းမတွ သုံးဘီးပေါ် တက်ထိုင်လိုက်သည်။

သုံးဘီးပေါ် ရောက်ရောက်ချင်းဆိုသလို သုံးဘီးဆရာက စကားဆိုသည်။

“ ငါက လိုက်မပို့ချင်လို့တော့ မဟုတ်ဘူးကွ။ ပိုက်ဆံရတာ လိုက်ပို့ချင်တာပေါ့။ ခေတ်ကာလအခြေအနေလည်း မင်းသိတဲ့အတိုင်းပဲ။ ညဘက်က လူတိုင်းမတင်ရဲဘူး။ လူအခြေနေ၊ နေရာအခြေနေကြည့်ပြီးမှ လိုက်ပို့ရဲတာဟ။ ညဘက် သုံးယောက်လောက်ငှားပြီဆို မျက်မှန်းတန်းမိတဲ့လူက ပြဿနာမရှိပေမယ့် လူစိမ်းဆိုရင် သတိထားရတယ်။ မယုံလို့တော့ မဟုတ်ဘူးပေါ့ကွာ။ အခြေနေအရ သတိဆိုတာ ပိုတယ်မရှိဘူးလေ။ အခုတောင် မင်းတစ်ယောက်တည်းမလို့ လိုက်ပို့တာ။ မင်းလည်း ငါမပို့ရင် အခက်အခဲဖြစ်နေမှာစိုးလို့ လိုက် ပို့လိုက်တာ။ ဒီလမ်းတွေက မောင်းနေကျဆိုပေမယ့် ညဘက်ဆို သတိကတော့ထားရတာပဲ ဟေ့။ ဟိုဟိုဒီဒီသတင်းတွေကလည်း ကြားနေရတာဆိုတော့ မင်းတို့က ပိုသိမှာပါကွာ”

“ ဟုတ်တာပေါ့ ဆရာကြီးပြောတာမှန်ပါတယ်။ အခုအချိန်က သတိထားနိုင်မှ တော်ကာကျတာမလား။ လုတဲ့ယက်တဲ့ သတင်းတွေကလည်း မကြားချင်မှအဆုံးပဲလေ။ အခုလို ဆရာကြီးလိုက်ပို့ပေးတာကိုပဲ ကျေးဇူးတကယ်တင်ပါတယ်ဗျာ။ ဒီပြင်ဆို ကျွန်တော်လည်း ကားငှားမရတာနဲ့ ဘယ်လောက်ကြာနေဦးမလဲ မသိဘူး”

သုံးဘီးဆရာ စကားမဆုံးခင်မှာပင် “ ဟုတ်တာပေါ့ ဆရာကြီးပြောတာမှန်ပါတယ်။ အခုအချိန်က သတိထားနိုင်မှ တော်ကာကျတာမလား။ လုတဲ့ယက်တဲ့ သတင်းတွေကလည်း မကြားချင်မှအဆုံးပဲလေ။ အခုလို ဆရာကြီးလိုက်ပို့ပေးတာကိုပဲ ကျေးဇူးတကယ်တင်ပါတယ်ဗျာ။ ဒီပြင်ဆို ကျွန်တော်လည်း ကားငှားမရတာနဲ့ ဘယ်လောက်ကြာနေဦးမလဲ မသိဘူး” ဟု ကျေးဇူးတင်စကား ဆိုလိုက်သည်။

သူက ကိုယ့်ကိုယုံ၊ မယုံဆိုတာထက် ကိုယ်ကတော့ အိမ်ရောက်ချင်ဇောနှင့် သူ့ ကိုယုံကြည်နေမိသည်။

သုံးဘီးဆရာပုံစံက ခပ်ဝဝ၊ အသားညိုညို၊ နေပူထဲလှုပ်ရှားရုန်းကန်နေရသူမို့ အသားအရေက ညိုတဲ့အဆင့်ထက် ပိုတယ်ပဲ ပြောရမလား။ အသက်က ၅၆၊ နယ်ကအဖေနှင့်တောင် အသက်အရွယ်က မတိမ်းမယိမ်းဟု ဆိုရမည်။ သူ့နေရာမှာ ကိုယ့်အဖေသာဆိုလျှင်ဆိုသည့် ကိုယ်ချင်းစာစိတ်ကလေးဝင်မိတာကြောင့် သူ့အကြောင်း မေးကြည့်ဖြစ်ခဲ့သည်။

“ ဒါနဲ့ ဆရာကြီး အခုမှသိမ်းတာလား”

“ အေး ဟုတ်တယ်”

“ ဒီအချိန်က ပုံမှန်သိမ်းနေကျလား ဒီနေ့နောက်ကျတာလား”

“ နောက်မကျဘူး ပုံမှန်သိမ်းနေကျပဲ ဆိုပါတော့”

သုံးဘီးစီးရင်း သတိထားမိသည်က သူ၏သုံးဘီးဆိုင်ကယ် စက်သံနှင့် မီးအရောင်ပင်ဖြစ်သည်။ စက်သံက အင်ဂျင်ကျနေပြီဖြစ်၍ လီဗာအကုန်ဆွဲလျှင်ပင် ဂတ်ဂတ်အသံက မြည် လာသည်။ မီးကလည်း ရှေ့တစ်လှန်အကွာ မြင်ရရုံသာ။ မှိတ်တုတ်မှိတ်တုတ်၊ ပို၍ထူးခြားသည်က ဆိုင်ကယ်ဒိုင်ခွက်ပင်ဖြစ်သည်။ ဂီယာနံပါတ် ဘယ်လောက်နှင့် မောင်းနေသည်ကို မမြင်ရရုံမက၊ ပလတ်စတစ်ဖက်ကြိုးများနှင့်ပင် ဒိုင်ခွက်ကိုသိုင်း၍ ချည်ထားသည်ကို မြင်ရသည်။

သုံးဘီးက မောင်းနေသည်ဆိုသော်ငြားလည်း သွားနှုန်းက သိသိသာသာနှေးလှသည်။ ဆိုက်ကားထက် မြန်နေသည်ကိုပင် ကျေးဇူးတင်ရမလိုဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ လိုရာခရီးရောက်ဖို့က အရေးကြီးသည်မဟုတ်လား။ သုံးဘီးဆရာကြီးသာ လိုက်မပို့လျှင် အိမ်ပြန်ချိန် မည်မျှနောက်ကျနေဦးမည် မပြောတတ်ပေ။

“ ဆရာကြီး သုံးဘီးမောင်းတာ ကြာပြီလားဗျ”

“ အေး သုံးနှစ်လောက်တော့ရှိပြီ။ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပြီးကတည်းက ဆိုပါတော့”

“ အော် ဟုတ်လား။ ဒါနဲ့ ဒီသုံးဘီးမမောင်းခင်က ဘာအလုပ်လုပ်တာလဲဗျ”

“ အရင်ကတော့ ဆိုက်ကားနင်းတာ။ အသက်အရွယ်ကလည်း ရလာပြီဆိုတော့ အရင်လို အဝေးကြီးတွေ သိပ်မနင်းနိုင်‌တော့ဘူး။ ဝင်ငွေကလည်း အရင်လို မလောက်ငှတာနဲ့ အဆင် ပြေမလားဆိုပြီး သုံးဘီးပြောင်းမောင်းဖြစ်တာ”

သုံးဘီးဆရာကြီးက သူ့အကြောင်းကို စိတ်ပါလက်ပါ ပြောပြနေဟန်ကြောင့် အဆိုပါအခွင့်ရေးကို အရယူကာ သူ့အကြောင်းဆက်မေးဖြစ်ခဲ့သည်။

“ အခုကော သုံးဘီးမောင်းတာ အဆင်ပြေလားဗျ”

“ သိပ်တော့လည်း မထူးပါဘူးကွာ အရင်တုန်းက ဝင်ငွေနဲ့ ထွက်ငွေနဲ့က မျှတယ်ပြောလို့ရသေးတယ်။ အခုက ဝင်ငွေနဲ့ထွက်‌ငွေ မမျှတော့ဘူး။ တက်လာတဲ့ကုန်ဈေးနှုန်းနဲ့ အလုပ် ပိုလုပ်ရတာပဲ အဖတ်တင်တယ်။ နားချိန်တောင် မနားနိုင်ဘူး။ အဲလိုရှာတာတောင် ပိုလျှံဖို့နေနေသာသာ တစ်လတစ်လ အပတ်လည်အောင် မနည်းလုပ်နေရတာဟေ့”

သုံးဘီးဆရာကြီးက သူ့အကြောင်းကို ပြောပြနေရင်း ဟင်း…ဆိုသည့် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်သည်။

ကျွန်တော်လည်း သူ့အခြေနေကိုကြည့်ကာ သူ့အကြောင်းဆက်မေးဖြစ်ခဲ့သည်။

“ ဆရာကြီး တစ်မျိုးမထင်နဲ့နော်၊ သုံးဘီးမောင်းတာ တစ်နေ့ဘယ်လောက်ရလဲဗျ”

“ ပုံမှန်တော့ မရှိပါဘူးကွာ။ နှစ်သောင်းရတဲ့နေ့ ရသလို၊ နှစ်သောင်းခွဲရတဲ့နေ့လည်း ရှိတာပေါ့”

“ ဟာ ဟုတ်လား ဘယ်ဆိုးမလဲ”

ကျွန်တော့်ထက်တောင် သုံးဘီးဆရာကြီးက ဝင်ငွေကောင်းသေးသည်ဟု စိတ်ထဲက တွေးလိုက်မိသည်။ အတွေးသိပ်မကြာခင်မှာပင် သုံးဘီးဆရာကြီးက

“ ဘယ်ဆိုးမလဲ ဟုတ်လား။ ဆိုးတာပေါ့ကွ ငါဘယ်အချိန်ကနေ ဘယ်ချိန်အထိ မောင်းတယ်ဆိုတာ မင်းသိလို့လား”

သုံးဘီးဆရာကြီး အမေးကြောင့် ကျွန်တော်ကြောင်အအ ဖြစ်သွားသည်။

“ မ….မသိဘူးလေ ဆရာကြီးရဲ့”

“ ငါ မနက်လေးနာရီလောက်ကတည်းကထပြီး ဈေးမှာ ကုန်စိမ်း‌ရောင်းတဲ့သူတွေကို လိုက်မောင်းပို့တာက စလိုက်တာ၊ အခု မင်းကိုလိုက်ပို့တဲ့ အချိန်ထိပဲ။ နေ့လည်ထမင်းစားချိန် နားတာလောက်ပဲရှိတယ်။ အဲလောက် ရှာတာတောင်မှ လောက်ငှရုံပဲရှိတာ။ ပိုလျှံဖို့၊ စုမိဖို့တော့ ဝေးလာဝေးပဲ”

သုံးဘီးဆရာကြီးပြောမှပဲ သူ့အလုပ်အချိန်ကို ပြန်တွက်ကြည့်မိသည်။ တစ်နေ့ကို မနက်လေးနာရီကနေ ည ၁၀ အထိဆိုလျှင် ၁၈ နာရီရှိသည်။ ၁၈ နာရီဆို သည့်အလုပ်ချိန်သည် လူတစ်ယောက်အတွက် နည်းလှသည့် အလုပ်ချိန်မဟုတ်။ တစ်ရက် ၂၄ နာရီ။ ၂၄ ထဲက ၁၈ နှုတ်၊ ခြောက်ကျန်။ သုံးဘီးဆရာကြီး၏ နားချိန်မှာ ခြောက်နာရီသာရှိသည်။

ကိုယ့်အလုပ်ချိန်တောင် တစ်နေ့ ရှစ်နာရီသာရှိသည်။ သုံးဘီးဆရာကြီး အလုပ်လုပ်ချိန်မျိုး နိုင်ငံခြားမှာဆိုလျှင် ဝင်ငွေအတော်ကောင်းမည်။ မိသားစုလည်း လောက်ငှပိုလျှံမှာ သေချာလှသည်။ ယခုတော့ သုံးဘီးဆရာကြီး မြန်မာပြည်တွင် လူလာဖြစ်နေခြင်းကြောင့် ဆက်၍ရုန်းကန်ရဦးမှာ သေချာလှသည်။

စောစောက ကိုယ့်ထက်ဝင်ငွေကောင်းတာပဲဟု တွေးခဲ့မိသည့်စိတ်က သုံးဘီးဆရာကြီးအပြောကြောင့် ချက်ချင်းဆိုသကဲ့သို့ ကိုယ်ချင်းစားစိတ်ဝင်မိသွားပြန်သည်။ တစ်နေ့ နှစ်သောင်း၊ နှစ်သောင်းခွဲရဖို့ ပေးဆပ်ရသည့်အလုပ်ချိန်က သူ့အတွက်များလှပေသည်။

သူဒီလောက် အလုပ်တွေလုပ်နေပုံထောက်လျှင်တော့ သူမိသားစုထမင်းအိုးကလည်း မသေးမှာသေချာလှသည်။ ထို့အတွက်ကြောင့် သူ့မိသားစုအကြောင်း ဆက်၍မေးဖြစ်ခဲ့သည်။

“ ဆရာကြီး မိသားစုဘယ်နှယောက်ရှိလဲဗျ”

“ ကလေး လေးယောက်ရှိတယ်။ ငါတို့လင်မယားနဲ့ဆို ခြောက်ယောက်ပေါ့”

ကျွန်တော်ထင်သည့် အတိုင်းပင်ဖြစ်သည်။

“ ဟုတ်လား စားအိုးကတော့ မသေးဘူးနော်”

“ အေး အဲဒါကြောင့် နားချင်တာတောင် မနားနိုင်ဘူး။ ကုန်းရုန်းရှာနေရတာဟေ့”

“ ဟုတ်တာပေါ့ ကလေးတွေကကော ဘယ်အရွယ်ရောက်ပြီလဲ၊ ဆရာကြီး အမျိုးသမီးကရော အလုပ်လုပ်တာလားဗျ”

“ လေးယောက်စလုံး ကျောင်းနေအရွယ်တွေပဲ။ အမျိုးသမီးကတော့ သူတို့ဝေယျာဝစ္စနဲ့ ဘာအလုပ်မှ မလုပ်နိုင်ပါဘူးကွာ။ ငါ့ဝင်ငွေတစ်ခုတည်းပဲရှိတာ”

“ အော် ဒါကြောင့် ဆရာကြီးပိုကြိုးစားရတာပေါ့”

“ အေးပေါ့ကွာ”

“ အိမ်ကကော အငှားလား၊ အပိုင်လားဗျ”

“ မပိုင်ပါဘူးကွာ အငှားဘဝပါ။ အဲဒါကြောင့်လည်း မပိုလျှံတာပါတယ်။

“ တစ်လဘယ်လောက် ပေးရလဲဗျ”

“ တစ်လနှစ်သိန်း။ အဲဒါတောင် ဈေးသက်သာတာ ရွေးငှားထားတာ။ နောက်ဆိုရင် အိမ်ငှားစရိတ်က တက်ဦးမလား မသိပါဘူးကွာ”

သုံးဘီးဆရာကြီးပြောမှာပဲ အိမ်ငှားနေရသူများ၏ဘဝကို ပို၍ကိုယ်ချင်းစာမိလာသည်။ စားရေးထက်၊ နေရေးက ပို၍ပင်ခက်ခဲနေပေသည်။ ပြောသာပြောရတာ စားရေးကလည်း သိပ်တော့မထူးလှပေ။ ကြီးမြင့်နေသည့် ကုန်ဈေးနှုန်းကြောင့် အခြေခံလူတန်းစား အတော်များများပင် အခက်တွေ့နေရသည် မဟုတ်လား၊ ထိုအထဲတွင် မိမိကိုယ်တိုင်လည်း အပါ အဝင်ဖြစ်သည်။

မိမိအိမ်ထောင်ကျသည်မှာ လေးနှစ်ကျော်၊ ငါးနှစ်အတွင်း ရောက်လာသည်သာရှိသည် မယ်မယ်ရရ စုဆောင်းမိသည်က မရှိ။ ရသည့်လစာလေးနှင့် လင်မယားနှစ်ယောက် လောက် ငှအောင် သုံးစွဲနေရသည်။ ကံကောင်းသည်က ကလေးမရှိတာနှင့် အိမ်ငှားမနေရသည့် ဘဝပင်ဖြစ်သည်။ အိမ်ဆိုသည်မှာလည်း မိမိကိုယ်ပိုင်အိမ်တော့မဟုတ် မိန်းမကောင်းမှု အ ကြောင်းပြုကာ ယောက္ခမအိမ် ကပ်နေခွင့်ရခြင်းပင်ဖြစ်သည်။ ထိုကျေးဇူးများပင် ဆပ်၍မကုန် ရှိလှပေသည်။ အိမ်ငှားနေရလျှင်၊ ကလေးသာရှိလျှင် ကိုယ်လည်း သုံးဘီးဆရာကြီး ကဲ့သို့ မနားမနေလုပ်ရမည်မှာ သေချာလှသည်။

“ ဆရာကြီး ရှေ့နားလေးမှာ ရပ်လိုက်နော် ဘယ်လောက်ပေးရမလဲဗျ”

“ အဆင်ပြေသလိုသာ ကြည့်ပေးကွာ”

ခရီးအကွာအဝေးအရ ခန့်မှန်းပေးလိုက်၍ ရသော်လည်း အခြေခံလူတန်းစား ဘဝတူခြင်း ကိုယ်ချင်းစာတာကတစ်ကြောင်း၊ အချိန်နောက်ကျနေ၍ ကားငှားလို့မရသည်ကိုပင် သူ့ အိမ်ပြန်ချိန် နောက်ကျခံ၍ ယုံယုံကြည်ကြည် လိုက်ပို့ပေးသည်ကတစ်ကြောင်း စသည့်အကြောင်းများကြောင့် အိတ်ထဲက ငါးထောင်တန်တစ်ရွက် ထုတ်ပေးလိုက်မိသည်။

“ ဆရာကြီး ပိုတာမအမ်းတော့နဲ့နော် ယူထားလိုက်။ တကူးတကလိုက်ပို့ပေးတာ ကျေးဇူးပါဗျာ။ ဂရုစိုက်မောင်းပြန်ဦးနော်” ဟုပြောရင်း သုံးဘီးဆရာကြီး၏ အလုပ်ချိန်မှာ ကျွန်တော် ကြောင့် ၁၈ နာရီကျော်ခဲ့ရလေပြီ။

#ကိုပေါက်

ဓာတ်ပုံ- ယနေ့ခေတ်

#ယနေ့ခေတ်

အလုပ်ချိန် ၁၈ နာရီ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်