အငြိမ့်ကား

ကိုမေဒါ

ခုတလော ဘာရယ်မသိ၊ ပွဲတော်လွမ်းစိတ်တွေပေါ်နေတယ်။ ပွဲတော်ဆိုတာ ဆယ့်နှစ်ပွဲခြိမ့်ခြိမ့်သဲတွေ၊ နယ်ဘက် တောဘက်က အလှူတွေ။ အသံလေး အိုးအီ အိုးအီ ဗေထီ ဗေထီ တောင် မကြားရတာကြာပေါ့။ လူတွေ ငွေစကြေးစ ခမ်းခြောက်၊ စိုက်ရေးပျိုးရေး မလုပ်ကိုင်နိုင်တော့ တောအလှူတွေ၊ ဆယ့်နှစ်ရာသီဘုရားပွဲတွေလည်း အရင်လို ဘယ်စည်နိုင်ပါ့ မလဲ။ လုပ်ရင်တောင် ရှင်ဖြစ်အလှူလေးနဲ့ ဘုရားဆွမ်းကျပွဲလေးလောက်ပဲပေါ့။ ကျွန်တော်ကတော့ ငယ်ငယ်ကကြားခဲ့ရတဲ့ ဆိုင်းသံဗုံသံတွေ တဆူဆူတဝေဝေရှိတဲ့ကာလကို သတိ တရရှိနေတယ်။

ကျွန်တော်ကြီးပြင်းခဲ့တာ ၁၉၉၀ ပြည့်နှစ်လွန် သက္ကရာဇ်တွေ။ ကြက်ပျံမကျစည်ကားတဲ့ ဆယ့်နှစ်ပွဲဈေးတွေကို နှစ်တွေအကြာကြီး ပီပီပြင်ပြင်ဖြတ်သန်းဖူးလိုက်တဲ့ မျိုးဆက်မ ဟုတ်ပေမယ့် အဖျားအနားလေးမှီလိုက်သေးတယ်။ ဦးဖိုးကျားရဲ့ ‘မိတဆိုးရှင်ပြု’ လို ရင်နင့်ဖွယ်၊ ဆွတ်ပျံ့ဖွယ် အလှူကြီးမျိူး မကြုံဖူးပေမယ့် ပကာသနနည်းနည်းစွက်တဲ့ နယ်အလှူ တွေကြုံခဲ့ဖူးတယ်။

တောအလှူနဲ့ နယ်အလှူနဲ့က ပုံသဏ္ဌာန်ချင်း ဆင်တူရိုးမှားတွေရှိကြတယ်။ တောအလှူတွေအကြောင်း ဆရာနေဝင်းမြင့်ရေးတဲ့ အက်ဆေးတွေဖတ်ရတာ အရမ်းကောင်းတာပဲ။ “ အဝေးကမှန်း ဟိုရွာလမ်း ထီးတန်းကြီး လှပါဘိ” ဆိုတဲ့ မင်းသု၀ဏ်ရဲ့ ‘ဗြောသံ’ ကဗျာကို ခေါင်းစဉ်အဖြစ် ယူသုံးထားတယ်။ လူထုဒေါ်အမာကျတော့ အညာတခိုက ဆယ့်နှစ်ပွဲ ဈေးတွေအကြောင်းရေးတာ သိပ်ပီပြင်တာပဲ။ ကျွန်တော်တို့ လုံး၀မတွေ့နိုင်တော့တဲ့ ဂေဇက်ရ ဟီးဟီးထနေတဲ့ ပွဲတော်ကွင်းတွေကို မြင်ယောင်လာစေတယ်။

ကျွန်တော်ငယ်ငယ်က နယ်အလှူတွေအများနဲ့ ကြုံခဲ့ဖူးတယ်။ နယ်အလှူတွေရဲ့သဘောလည်း တောဘက်ထက် နည်းနည်းထပ်ချဲ့တာမျိုးတွေများတယ်။ လှူရေးတန်းရေးထက် ပကာ သနဘက်ခြမ်းတွေ ချဲ့တာမျိုးဆိုလိုတာပါ။ ဆိုင်းနဲ့ဝိုင်းနဲ့ အငြိမ့်ခံရုံနဲ့တင် အညာသူ‌ဌေးတွေက မတင်းတိမ်နိုင်ဘူး။ အလှူလှည့်မှာ ဇာချဲ့တာတွေရှိသေးတယ်။ ဒေဝါ၀င်း၊ ရာဇာ၀င်း စတဲ့၀န်ခင်းပြီး မင်းခမ်းမင်းနားပုံစံ ထည့်တာတွေလုပ်ကြတယ်။ မောင်ရှင်လောင်းကို မြင်းနဲ့တင်ရုံ အားမရကြလို့ ဆင်နဲ့ပါလှည့်တယ်။ ဖျော်ဖြေရေးမှာ အငြိမ့်ရော၊ စင်တင်တေးဂီ တ‌ပါထည့်တယ်။ နောက်ပိုင်းအလှူမှာ လူစိတ်၀င်စားမှုပိုရအောင် မိုးကြိုးငှက်ငယ်လို တေးသရုပ်ဖော်တွေထည့်တယ်။

အဲဒီကဏ္ဍတွေထဲမှာ ကျွန်တော်မှတ်မိနေတာက အလှုအ၀င်နေ့မှာ ကတဲ့၊ ဆိုတဲ့ အငြိမ့်ကားတွေဖြစ်တယ်။ အညာအလှူရဲ့သဘောက အလှူအ၀င်နေ့နဲ့ အလှူကြီးနေ့ နှစ်ရက်ခွဲလုပ် တယ်။ ရှေ့မှာ ဆူဆူညံညံဝိုင်းကြ၊ ၀န်းကြရင်း ရုံစမ်းထမင်းကျွေးဆိုတာတွေရှိသေးတယ်။ ခု “ အငြိမ့်ကား” ၊ အရပ်ခေါ် “ မင်းသမီးကား” ခေါ်ကြတဲ့ ဖျော်ဖြေမှုမျိုးဟာ အလှူအ၀င် နေ့မှာ အလှူလှည့်နဲ့ လိုက်ပါဖျော်ဖြေရတဲ့ အငြိမ့်ဖျော်ဖြေမှုပုံစံတမျိုးကို ရည်ညွှန်းတာဖြစ်တယ်။ ဆယ်ဘီးကားကြီးပေါ် ပစ္စည်းပစ္စယတွေတင်ပြီး အငြိမ့်မင်းသမီးနှစ်လက် တခါ တလေသုံးလက် အလှည့်ကျဖျော်ဖြေရတဲ့သဘော။ အလှူလှည့်တန်းကြီးရဲ့နောက်ဆုံးက အဲဒီအငြိမ့်ကားကအပိတ်လိုက်တယ်။ တခါတလေ တေးသရုပ်ဖော်ကားပါရင်တော့ အငြိမ့် ကားက အရင်၊ သူကနောက် ဆိုပြီး အလှူလှည့်သူတွေက စီပေးကြတယ်။ အငြိမ့်ကားပေါ်မှာက ဆောင်းဘောက်အကြီးကြီးနှစ်လုံး၊ အသံချဲ့ကိရိယာတွေပါတယ်။ ဆိုင်းဝိုင်းအစုံ မထည့်ထားဘူး။ မောင်းဆိုင်း တခါတလေ ခါးပြတ်ဝိုင်းနဲ့ တီးကြ၊ ဆိုကြ၊ အလုပ်လုပ်ကြတယ်။

မောင်းဆိုင်းဆိုတာက ကြေးမောင်းလေးတွေ အရွယ်စုံနဲ့ စည်းအစုံ၊ ဝါးအစုံ၊ ပတ်မပါတယ်။ တခါတလေ ဝါးပတ္တ လားလေးပါရင်တော့ အသံကပိုသာတယ်။ တီးသူ၊ မှုတ်သူက ငါးယောက်ထက်မပိုဘူး။ မောင်းဆိုင်းနဲ့ အညာမင်းသမီးလေးတွေ အလှုလှည့်တလျှောက်လုံး ကကြ၊ ဆိုကြရတာပေါ့။

မင်းသမီးရော အတီးဆရာတွေရော အညာနေပူပူ ဖုန်ထူထူမှာ ချွေးတလုံးလုံး တော်တော်ကြိုးကြိုးစားစားဆိုကြ၊ ကကြတာပါပဲ။ အညာကပေတရာလမ်းတွေက ဖုန်ပေါတယ်။ လမ်းပေါ်လူထူထူတက်လာပြီဆို လူလုံးအတိုင်း ဖုန်လုံးက တက်လိုက်လာတာပဲ

မင်းသမီးရော အတီးဆရာတွေရော အညာနေပူပူ ဖုန်ထူထူမှာ ချွေးတလုံးလုံး တော်တော်ကြိုးကြိုးစားစားဆိုကြ၊ ကကြတာပါပဲ။ အညာကပေတရာလမ်းတွေက ဖုန်ပေါတယ်။ လမ်းပေါ်လူထူထူတက်လာပြီဆို လူလုံးအတိုင်း ဖုန်လုံးက တက်လိုက်လာတာပဲ။ ဒီဖုန်လုံးကိုရှုရင်း မင်းသမီးခမျာ အသံငါးပေါက်သံရအောင် ဟစ်ရတယ်။ အညာက မင်းသမီးတွေ က‌‌တော့ လုံး၀ play back နဲ့မကဘူး။ အသံမကောင်းတဲ့သူတောင် အသံရအောင်ညှစ်ထုတ်ပြီး ကိုယ့်ကမယ့်သီချင်း ကိုယ်ဆိုကြတာပဲ။ ပရိသတ်ကလည်း ဧည့်ခံမဏ္ဍပ်ထိ အငြိမ့် လိုက်မကြည့်နိုင်သေးခင် မင်းသမီးကနိုင်သလား၊ ဆိုနိုင်သလားဆိုတာ အငြိမ့်ကားပေါ်မှာ ကနေပုံကြည့်ရင်း အကဲခပ်ကြတာကိုး။

ကျွန်တော်ငယ်ငယ်က အများဆုံးကြည့်ခဲ့ဖူးတဲ့ မင်းသမီးက ကျောက်ပန်းတောင်းမင်းသမီး “ မူယာ၀င်း “ ပါပဲ။ မူယာ၀င်းနဲ့ခေတ်ပြိုင် မျက်လုံးကြာ တအားကောင်းလို့ နာမည်ကြီးတဲ့ “ မြတ်မွန်အေး” ကို အငြိမ့်စင်၊ အငြိမ့်ကားပေါ် မှာထက် စတိတ်ရှိူးဆိုတဲ့အစီအစဉ်မှာ အများကြီးကြည့်ခဲ့ဖူးတယ်။ အငြိမ့်ကားပေါ်မှာ မင်းသမီးခါးတောင်အင်္ကျီနဲ့ အများဆုံးကြည့်ခဲ့ ဖူးတာ မူယာ၀င်းဖြစ်‌နေတယ်။

မူယာ၀င်းဆိုတာ တခြားသူဟုတ်ရိုးလား။ အခု မင်းသားဝေဠုကျော်ရဲ့ အမျိုးသမီး ရေကြည်ချမ်းမြရဲ့အမေ အငြိမ့်မင်းသမီးပေါ့။ မူယာ၀င်းငယ်ငယ်ကတော့ အသားညိုစိမ့်စိမ့် မျက် လုံးမျက်ခုံးကောင်းကောင်းနဲ့ပါ။ မိတ်ကပ်လိမ်းပြီး အငြိမ့်မင်းသမီး၀တ်စုံ၀တ်ထားရင် အကြည့်ခံတဲ့ အညာမင်းသမီးတလက်ပါပဲ။ အဆိုအကလည်း တော်တော်ပိုင်နိုင်တဲ့ မင်းသမီး ဖြစ်ပါတယ်။ သူ့တူမ “ ထက်ထက်ထူးဝေ” ဆိုတာလည်း သူနဲ့အတူ လိုက်ကတတ်ပါတယ်။

ကျွန်တော်တို့မီတဲ့ခေတ်မှာ ကျောက်ပန်းတောင်းမင်းသမီး စကားဝါဒေလီမြင့်က အညာ‌‌ကျေးဘက် သိပ်မကဖြစ်တော့ဘဲ မန္တလေးတက်ပြီးကနေတာမို့ သူ့ကိုသိပ်မကြည့်ဖြစ်လိုက် ဘူး။

အငြိမ့်ကားတွေပေါ်မှာ အများဆုံးဆိုတတ်တဲ့ သီချင်းတွေက အများသိပြီး နားစွဲလွယ်တဲ့ သီချင်းမျိုးတွေဖြစ်ပါတယ်။ မလှဘူးပြောရင်ငိုလိုက်မယ်လို့ နာမည်ကြီးတဲ့ “ ကိုလူချော” သီချင်း၊ ညိုညိုစန်းရဲ့ “ ထန်းရွက်ပုတီး” ၊ ပပမြိုင်ရဲ့ “ ကျွန်မမှာချစ်သူရှိတယ် ရှင်ငရဲကြီးလိမ့်မယ်” ဒါမျိုး‌ရေဒီယိုသီချင်းတွေနဲ့ ဆိုကြကကြတယ်။ အငြိမ့်စင်ပေါ်မှာလို ပညာခန်းပြလို့ ရတဲ့ သီချင်းကြီး၊ သီချင်းခန့်တွေ သိပ်မဆိုကြဘူး။ သီချင်းတပိုဒ်မှာ မူယာ၀င်းက “ မာယာသန်း ကျမဆရာ မေတ္တာရိပ်မှာ ခိုလှုံသည်” လို့ဆိုပြီး သူ့ဆရာမာယာသန်းကို ဂုဏ်ပြုသွား တာ အမှတ်ရတယ်။

အငြိမ့်ကားပေါ်မှာ မင်းသမီးရဲ့အလုပ်က အငြိမ့်ခွင်အစစ်လို့ အလှူဗျုပ္ပတ်တွေ ခင်းတာမျိုး၊ အလှု့ရှင်အကြောင်း ဝေဝေဆာဆာပြောတာမျိုး သိပ်မလုပ်တတ်ဘူး။ စကားပြောတာ သိပ်မလုပ်ဘဲ အဆိုအကနဲ့ အလှူလှည့်ကြည့်တဲ့ လမ်းဘေးဝဲယာပရိသတ်ကို ဧည့်ခံတဲ့သဘောပဲ အလုပ်လုပ်တယ်။

အငြိမ့်ကားပေါ်မှာ လူရွှင်တော်ဆိုတာမျိုး မပါတတ်ဘူး။ ညဘက် အလှူဧည့်ခံဆိုင်းနဲ့ အငြိမ့်ကျမှ ပါတတ်တာကိုး။ မင်းသမီးနဲ့ အတီးသမားတွေပဲ အလုပ်လုပ်ရတဲ့ ဖျော်ဖြေတင် ဆက်မှုမျိုးပဲ။ ဒီ အငြိမ့်ကားတွေနောက် လိုက်လာတဲ့ လူအုပ်ဟာ မင်းသမီးရဲ့အလှအပနဲ့ အဆိုအကပေါ်မူတည်ပြီး အစိပ်အကြဲဖြစ်လာတတ်တယ်။ ကလေးနဲ့ ခွေးနဲ့ရှေ့ မှာ ဟန် လောက်ပဲကတဲ့ မင်းသမီးရှိသလို အလှူလှည့်လာကြည့်တဲ့ပရိသတ်က ဆုတော်ငွေချပြီး ၀မ်းစမိုးတောင်းခံရတဲ့သူတွေရှိတယ်။

အလှူအိမ် ဒါမှမဟုတ် ဘုန်းကြီးကျောင်းစသည်ဖြင့် မဏ္ဍပ်ရှိရာရောက်တာနဲ့ အငြိမ့်ကားဇာတ်လမ်း တခန်းရပ်ရတယ်။ တခါတလေကျတော့လည်း ဒီကားပေါ်မှာပဲ ဆိုင်းဝိုင်းကြီး ပြန်ဆင်ပြီး အငြိမ့်စင်သဖွယ် ဖန်တီးကပြလိုက်တာရှိပါတယ်။ အငြိမ့်ကားတွေနဲ့ ပြိုင်ရတာ အလှဖန်တီးရှင်တွေကတဲ့ တေးသရုပ်ဖော်အဖွဲ့တွေဖြစ်တယ်။ တေးသရုပ်ဖော်ကတဲ့ မမများအဖွဲ့ကလည်း အငြိမ့်ကားပေါ်က အငြိမ့်မင်းသမီးထက် ပရိသတ်အာရုံစိုက်မှုရအောင် လှုပ်ရမ်းခါထိုး တင်ဆက်ကပြနိုင်ကြပါပေတယ်။ လူ့စိတ်သဘောအရလည်း မိန်းမ လျာက ထူးထူးခြားခြား၀တ်စားပြင်ဆင်ပြီး ကတာကို ကြည့်ချင်တာများတာကိုး။ ခါးတောင်အင်္ကျီ၊ ပုလဲပုတီးနဲ့ မြန်မာ‌မောင်းဆိုင်းသံအလိုက် ထဘီကလနားခတ်တဲ့ အငြိမ့်မင်း သမီးဟာ လူ‌တွေစိတ်ထဲမှာ ရိုးရှာပြီထင်ကြတာကိုး။

နယ်အလှူတွေနဲ့ ဝေးကွာနေပြီမို့ အငြိမ့်ကားတွေ အရင်လိုအလှူလှည့်တွေမှာ များများနဲ့မြိုင်မြိုင် ပါသလား၊ မပါသလားမသိတော့ပါဘူး။ အညာအငြိမ့်မင်းသမီးတွေ မခေကြတာ တော့ အဲဒီခေတ်ကတည်းကပါပဲ။ ဆိုနိုင်ကနိုင်ကြပါတယ်။ တခုပဲ။ တင်ဆက်မှုသ‌ဘောက ဆန်းသစ်တီထွင်မှုမတွေ့ရဘဲ ဆိုလွယ်၊ တီးလွယ်သီချင်းတွေနဲ့ ဖျော်ဖြေရေးဟာ ကြည့် ပါများနေကျလူအတွက် ထူးမလာတော့ဘူး။ တဖက်ကလည်းထူးခြားဆန်းပြားပြီး ပြီးပြည့်စုံတဲ့ တင်ဆက်မှုမျိုးတော့ မဟုတ်ပေမယ့် ရိုးရာအငြိမ့်အကကို အလှူလှည့်ရင်း အသုံးပြု ကြလို့ တနည်းတဖုံတော့ ကျေနပ်ရပါတယ်။

ခုချိန်မှာတော့ အရင်လို ထမင်းရည်ချောင်းစီး၊ မောင်းတီးပြီး အလှူကြီးပေးနိုင်တဲ့သူတွေ ရှားလာသလို အငြိမ့်သံ၊ ဆိုင်းသံတွေလည်း တိတ်ဆိတ်နေတာကြာခဲ့ပြီ။ အညာက‌ တောသူ တောင်သားတွေ ဆူဖြိုးမှ မြို့၀မယ်။ မြို့၀မှ စည်သံဗျောသံ ညံစာစာနဲ့ သဘင်သည်တွေအလုပ်ပြန်ဖြစ်လာမယ်။ ဒီလို လူမှုဓလေ့ပြန်ဖွံ့ဖြိုးဖို့ဆိုတာ နိုင်ငံစီးပွားတည်ငြိမ်မှုနဲ့ အများ ကြီးသက်ဆိုင်ပါသကော။ ဖုန်တထောင်းထောင်းထနေတဲ့ အညာပေတရာလမ်းလယ်မှာ အငြိမ့်ကားပေါ်က ခါးတောင်အင်္ကျီအနီရဲရဲနဲ့ အစွမ်းကုန်က‌နေတဲ့ မူယာ၀င်းတို့ခေတ်ကို လွမ်းမိရုံနဲ့ ကျေနပ်နေရပြန်ပါတယ်။

ကိုမေဒါ

(အညာမြေလတ်မြို့တွေမှာ အငြိမ့်ကားတွေနဲ့ အလှူလှည့်တဲ့ဓလေ့ ခုထိရှိပါသေးတယ်။ ဒီစာစုဟာ ၁၉၉၀ ပြည့်လွန်နှစ်‌တွေက အမှတ်တရတွေကို ပြန်ရေးပါတယ်။)

ဓာတ်ပုံ- TTZ

ဓာတ်ပုံ- TTZ

(အညာမြေလတ်မြို့တွေမှာ အငြိမ့်ကားတွေနဲ့ အလှူလှည့်တဲ့ဓလေ့ ခုထိရှိပါသေးတယ်။ ဒီစာစုဟာ ၁၉၉၀ ပြည့် လွန်နှစ်‌တွေက အမှတ်တရတွေကို ပြန်ရေးပါတယ်။)

အငြိမ့်ကား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်