ဝါလကင်းလွတ် သီတင်းကျွတ်

မြင့်မြတ်အောင်မြင်

“သာစွလေ မြောက်လေပြန်စ

ကောင်းကင်လနှင့် အသဝတီ

ပြည့်လာညီသော် ရာသီတူခွင်

ရေပြင်လှတင့် ကြာမျိုးပွင့်၍

မြတ်ကျင့်ခေါင်ထွက် သီတင်းကျွတ်ကား” ဟု ညောင်ရမ်းခေတ် ဆယ့်နှစ်ရာသီဖွဲ့ လူးတားတွင် စာဆိုတော်ကြီး ဆီသည်ရွာစား ဦးအောင်ကြီးက လှပစွာနိဒါန်းပျိုး၍ သီတင်းကျွတ်လ ဖွဲ့ လူးတားတစ်ပုဒ်ကို ရေးခဲ့သည်။

ဗုဒ္ဓမြတ်စွာ ဘုရားသခင်သည် ဘုရားအဖြစ်ကို ရတော်မူပြီး ဝါတော် (၇) ဝါ မြောက်၌ ဝါတွင်းသုံးလပတ်လုံး တာဝတိံသာနတ်ပြည်၌ သီတင်းသုံးတော်မူကာ ပင်လယ်က သစ်ပင်ခြေ ရင်းရှိ မြကျောက်ဖြာပေါ်တွင် အဘိဓမ္မာတရားတော်ကို နေ့ညမပြတ် ဟောတော်မူရင်း မယ်တော်မိနတ်သားအား မွေးကျေးဇူးဆပ်တော်မူသည်။ ထိုတရားတော်သည် သုံးလပြည့် သည့် သီတင်းကျွတ် လပြည့်နေ့တွင် ပြီးတော်မူသည်။

ထိုအဘိဓမ္မာတရားတော်ကို စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့ ခညောင်းနာယူကြရာ ထိုသုံးလပြည့်တော်မူသည့် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားရှင်ကိုယ် တော်မြတ်ကြီးသည် လူ့ပြည်သို့ ပြန်လည်ကြွတော်မူသည်။

ထို့ကြောင့်လည်း သိကြားမင်းသည် မြင်းမိုရ်တောင်ထိပ်ဖျား၌ ဦးတည်သော ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတို့ကို မြင်းမိုရ်တောင်ခြေရင်းရှိ သင်္ကဿမြို့တွင် တည်ရှိစေသည်။ ထို့ကြောင့်လည်း မြတ်စွာဘုရားသခင်သည် မြင်းမိုရ်တောင်ထိပ်မှစတင်ကာ ပတ္တမြားစောင်းတန်းတစ်လျောက် တံခိုးပြာဋိများ ပြတော်မူရင်း လူ့ပြည်သို့ ပြန်လည် ဆင်းသက်တော်မူသည်။

ထိုသို့ ဆင်းသက်တော်မူရာတွင် ပဉ္စသီခနတ်သားသည် လယ်ယာနံပါးမှ ဗေလုဝနတ်စောင်းကို တီးခတ်၍လည်းကောင်း၊ မတလိနတ်သားသည် လက်ဝဲနံပါးမှ ပန်းနံ့သာတို့ကို ကိုင် စွဲ၍လည်းကောင်း၊ သုယာမနတ်မင်းသည် စာမရီသား မြီးယပ်ကို ခတ်၍လည်းကောင်း၊ သန္တုသီတနတ်မင်းသည် ပတ္တမြားယပ်ကို လွဲခပ်ပေး၍လည်းကောင်း၊ သိကြားမင်းသည် ဝီဇယုတ္တရ ခရုသင်းကို မှုတ်လျက်လည်းကောင်း လက်ယာဖက်မှပူဇော်ကာ လိုက်ပါလာကြသည်။ ထိုအတူပင် လက်ဝဲဘက် ငွေစောင်းတန်းမှ သဟံပတိ ဗြဟ္မာကြီးသည် ထီးဖြူ ကြီးကို မြတ်စွာဘုရားအား ဆောင်းမိုးပူဇော်ကာ လူ့ပြည်သို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

နတ်ပြည်မှ (လူ့ပြည်)သင်္ကဿနဂိုပြည်ရှိ စောင်းတန်းဦးသို့ မြတ်စွာဘုရား ခြေတော်ချသည့်အခါ၌လည်း တပည့်ကြီးရှင်သာရိပုတ္တရာ မထေမြတ်ကြီးက ဦးစွာပူဇော်ကန်တော့ပြီး လျင် နတ်ဗြဟ္မာအပေါင်းနှင့် မင်းမိဖုရား၊ မူးကြီးမတ်ရာ၊ လူအပေါင်းတို့ကလည်း ဦးနှိမ်မာန်လျော့ ပူဇော်ကန်တော့ကြသည်။

ထိုဘုရားရှင်လက်ထဲက အဖြစ်အပျက်ကို အကြောင်းပြုကာ ခေတ်အဆက်ဆက် သီတင်းကျွတ်လပြည့်ညတိုင်းတွင် ပြည်သူပြည်သားတို့သည် နတ်ပြည်မှ ဘုရားရှင်တော်အား ကြိုဆိုပူဇော်သည့်အနေဖြင့် မီးပုံးများ၊ မီးပန်းများ၊ မီးရှုးများနှင့် ဆီမီးရောင်စုံ ထွန်းညှိပူဇော်သည်။

သီတင်းကျွတ်ပွဲတော်ကို ပုဂံခေတ်မှစတင်၍ ကျင်းပလာခဲ့ကြသည်။ ထိုပွဲတော်ကို ဆီမီးမြင်းမိုရ်ပွဲ တာဝတိံသာပွဲဟုလည်း ခေါ်ဆိုသည်။ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်များပါမက ယခုခေတ်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြခြင်းဖြင့်လည်း ဘုရားရှင်ကိုယ်တ်ေမြတ်ကြီး၏ ကျေးဇူးတော်ကို ဆပ်လျက်ရှိကြသည်။

သီတင်းကျွတ်ပွဲတော်ကို ပုဂံခေတ်မှစတင်၍ ကျင်းပလာခဲ့ကြသည်။ ထိုပွဲတော်ကို ဆီမီးမြင်းမိုရ်ပွဲ တာဝတိံသာပွဲဟုလည်း ခေါ်ဆိုသည်။ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်များပါမက ယခုခေတ်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြခြင်းဖြင့်လည်း ဘုရားရှင်ကိုယ်တ်ေမြတ်ကြီး၏ ကျေးဇူးတော်ကို ဆပ်လျက်ရှိကြသည်။

အချို့အရပ်များတွင် သီတင်းကျွတ်ပွဲတော်ကို တာဝတိံသာပွဲအသွင်ဖြင့် ကျင်းပကြရာတွင် မြင့်မိုရ်တောင်ပုံ ပြသာဒ်ကြီးများပြုလုပ်ကာ ထိုပြသာဒ်ကြီးများပေါ် တွင် နဂါး၊ ဂဠုန်၊ ဂုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗအရုပ်များဖြင့် ဘုံငါးဆင့်ဆောက်၍ ဆေးများခြယ်ထားကြသည်။ ထို့ပြင် ဘုံငါးဆင့်အထက်၌ နတ်ပြည်နှစ်ပြည့် စတုမဟာရာဇ်နှင့် တာဝတိံသာနတ်ပြည်တို့ ဆောက်ထားပြီး နတ်ရုပ်ဗြဟ္မာရုပ်၊ သိကြားမင်းရုပ်တို့ ရေးခြယ်ထားကြပြီးလျင် အပေါ်ဆုံးတွင် ဘုရားရှင်ကိုယ်တော် မြတ်ကြီး၏ ပုံတော်ကို ရေးခြယ်ပူဇော်ထားကြသည်။

အချို့နေရာများ၌လည်း ပန်းရထားများပြုလုပ် ကြိုဆိုထားကြသည်။ အထူးသဖြင့် မြတ်စွာဘုရား၏ ပုံတော်ရှေ့တွင် သိကြားမင်းကြီးနှင့်အတူ နတ်မင်းကြီးများဖြစ်သော ဇဝန၊ မာတလီပိသကြုံ၊ ပဉ္စသီခ စသည့်နတ်တို့၏ ပုံတော်များကိုလည်း ရေးခြယ်ထားကြကာ ပုံသဏ္ဌာန်အမျိုးမျိုးရှိ ဆေးရောင်စုံ မီးပုံးကြီးငယ်များကို ထွန်းညှိပူဇော်ကာ သီတင်းကျွတ် လဆန်း(၁၄)ရက်နေ့မှစ၍ လပြည့်နေ့ပါမက လဆုပ်(၁)ရက်နေ့အထိပါ ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

ထို့ပြင် ရပ်ကွက်မျိုးစုံ၊ လမ်းပေါင်းအသွယ်သွယ်တို့တွင်လည်း ဇာတ်ပွဲများ၊ အငြိမ့်ပွဲများ၊ ရုပ်ရှင်ကားများ၊ စင်တင်ဇာတ်ရုပ်များ၊ စျေးဆိုင်မျိုးစုံများဖြင့် ညနေခင်းမှ ညနက်သည် အထိ ဖျော်ဖြေရောင်းချကြသည်မှာ တိုးမပေါက်အောင် စည်ကားမြဲဖြစ်သည်။

အလားတူပင် မြန်မာပြည်အရပ်ရပ်ရှိ အိမ်တိုင်းတွင်လည်းကောင်း၊ လမ်းများတွင်လည်းကောင်း၊ ဖရောင်းတိုင်မီးများ၊ ဆီမီးခွက်များသာမက ရောင်စုံလျပ်စစ်မီးပုံသဏ္ဌာန် အမျိုး မျိုးကို အရွယ်အမျိုးမျိုး လှပစွာ ညဘက်ထွန်းညှိ ပူဇော်ကြသည်။

သီတင်းကျွတ်ပွဲတော်သည် ပြည်သူပြည်သား လူပုဂ္ဂိုလ်တို့အတွက်သာ အရေးကြီးသည်မဟုတ်ပဲ ရဟန်းသံဃာတော်များအတွက်ပါ အလွန်အရေးကြီးသောကာလဖြစ်သည်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဝါတွင်းသုံးလလုံး နတ်ပြည်ရှိ မယ်တော်မိနတ်သားနှင့်အပေါင်းပါ နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရားဟောနေစဉ်တွင် လူ့ ပြည်ရှိ ရဟန်းသံဃာတော် တို့သည်လည်း ထိုဝါတွင်းသုံးလလုံး မိမိတို့ကျောင်းသင်ခန်းများထဲတွင်သာ သီတင်းသုံးနေကြရပြီး ပြင်ပသို့ ခရီးသွားခွင့်မရှိပေ။

သီတင်းကျွတ်လပြည့်နောက်ပိုင်း ဝါကျွတ်ပြီးမှသာ ရဟန်းသံဃာတော်များ လိုရာခရီးသို့ ကြွမြန်းနိုင်ခွင့်ရှိကြသည်။ အထူးကောင်းမွန်သော မြတ်စွာဘုရား၏ အစီအမံအဆုံးအမ တော်ဖြစ်သည်။

ဤသီတင်းကျွတ်ပွဲတော်သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ကြည်ညိုရိုကျိုးစွာ ပူဇော်ကန်တော့ကြရုံမက ရဟန်းသံဃာတော်များနှင့် အဖိုး၊ အဖွား အဖေ၊ အမေ ဆရာ၊ ဆရာမနှင့် အသက်ဂုဏ်ဝါကြီးသူများကိုလည်း လူတိုင်းသည် မာန်မာနများနှိမ့်ချလျက်လည်းကောင်း၊ ကျေးဇူးတော်များကို တန်ဖိုးထား အသိအမှတ်ပြုလျက်နှင့် လှူဖွယ်ပစ္စည်း အမျိုးမျိုးဖြင့် ရိုကျိုးစွာ ပူဇော်ကန်တော့ကြမြဲဖြစ်သည်။

ထို့ကြောင့် မိုးလေကင်းလွတ်သည့် သီတင်းကျွတ်လ သီတင်းကျွတ်ပွဲတော်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အတွက် မရှိမဖြစ် နှစ်စဉ်ကျင်းပကြမည့် ယဉ်ကျေးမှုတန်ဖိုး ကြီး မားလှသည့် ပွဲတော်ကြီးဖြစ်လေသည်။

ထို့ပြင် ဥတုရာသီ သာယာလှပသည့် ဤသီတင်းကျွတ်လတွင် လူတိုင်းလူတိုင်းသည် မိမိတို့နှင့်သက်ဆိုင်ရာ ကောင်းမှုအမျိုးမျိုးကို အကျိုးရှိစွာ ပြုလုပ်နိုင်ကြသဖြင့်လည်း မည် သည့်ပွဲတော်နှင့်မျှ မလဲနိုင်သော သီတင်းကျွတ်မီးထွန်းပွဲတော်အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ကြပေသည်။

အထူးသဖြင့် မိမိတို့၏ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ တစ်မိသားစုနှင့် တစ်မိသားစု ချစ်ခင်နှစ်သက်စွာ ထိမ်းမြားလက်ထပ်ပြီး ဘဝတစ်လျောက်လုံး ပျော်ရွှင်စွာ စတင်နေနိုင်ပြီ ဖြစ်သည့် လကောင်းလမြတ်လည်း ဖြစ်ပေသည်။

#မြင့်မြတ်အောင်မြင်

Photo: Sanctum Inle Resort

#ယနေ့ခေတ်

ဝါလကင်းလွတ် သီတင်းကျွတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်