မိုးမချုပ်ချင်လည်း ချုပ်နေရဦးမည်

ကိုပေါက်

နံနက် ၆ နာရီထိုးပြီဆိုတာနှင့် အလုပ်သွားရန် ကိုရှည်ကြီးတစ်ယောက် ပြင်ဆင်သည်။ မိန်းမလုပ်သူမှာလည်း ယောက်ျားဖြစ်သူ အလုပ်သွားလျှင် ထမင်းချိုင့် အမီထည့်နိုင်ရေး ချက်ပြုတ်စရာရှိသည်များကို စောစောထ၍ချက်ပြုတ်သည်။

ထိုသို့ ပြုမှုဆောင်ရွက်ခြင်းသည် ကိုရှည်ကြီးတို့ လင်မယားနှစ်ယောက်အတွက် နိစ္စဓူဝဖြစ်သည်။ နှိုးစက်မလိုအောင် လင်မယားနှစ်ယောက် အချိန်မှန်ထကြသည်။ ချက်ဖို့၊ ပြုတ်ဖို့ ဟင်းချက်စရာများကို မိန်းမလုပ်သူက ညနေခင်းကတည်းက ဈေးသွား၍ ဝယ်ခြမ်းသည်။

အခြားသူများကဲ့သို့ များများစားစားမဝယ်နိုင်၊ အသား၊ ငါးဝယ်မည်ဆိုလျှင်လည်း ကြာကြာခံအောင် ထည့်သိမ်းရမည့် ရေခဲသေတ္တာမရှိ။ အသား၊ ငါးကလည်း တစ်ပတ်ကို နှစ်ရက် လောက်သာချက်သည်။ ချွေတာစုဆောင်း သူဌေးလောင်းဆိုသည့် ဆောင်ပုဒ်ကို လိုက်နာ၍တော့မဟုတ် ကိုယ့်ဝင်ငွေ ကိုယ်သာသိခြင်းကြောင့်ဖြစ်သည်။ ကြီးမြင့်နေသည့် ကုန်ဈေး နှုန်းနှင့် ဝင်ငွေ ချိန်ဆရသည်။

ယနေ့တော့ ကိုရှည်ကြီးထမင်းချိုင့်ထဲ ငါး,ငါးပိချက်ဟင်း ပါမှာသေချာလှသည်။ ငါး,ငါးပိချက်ဟင်းက ကိုရှည်ကြီးအကြိုက်ဆုံး ဟင်းလျာထဲမှာ ပါဝင်နေလေတော့ မိန်းမလုပ်သူကို ငရုတ်သီးစိမ်းလေးညှပ်၊ ကြက်သွန်နီလေးလှီးကာ အလုပ်မသွားခင် ဝိုင်းကူပေးဖြစ်သည်။

မိန်းမလုပ်သူမှာ ကိုရှည်ကြီးဝေယျာဝစ္စပြီးလျှင်လည်း နားရမည်မဟုတ်၊ ကလေးဝေယျာဝစ္စက ကျန်သေးသည်။ တစ်ဦးတည်းသားလေးမွေးထား၍ သာသက်သာသည် ပြောရမည်။ လက်ရှိခေတ်အခြေအနေအရ နှစ်ယောက်၊ သုံး ယောက်သာ မွေးထားလျှင် ကိုရှည်ကြီးတို့ လင်မယားနှစ်ယောက် လွယ်မည်မထင်။

လင်မယားနှစ်ယောက်တည်းက ဖြစ်သလိုနေ၊ ဖြစ်သလိုစား၍ ရသော်လည်း ကလေးက ဖြစ်သလိုနေ၊ ဖြစ်သလိုစား၍ မရ။ ကိုရှည်ကြီးမှာလည်း တစ်ဦးတည်းသောသားလေး ရှိ လာပြီဖြစ်၍ ယခင်ထက် အလုပ်ပိုကြိုးစားရသည်။

ကိုရှည်ကြီးတို့လင်မယားက အသက်ကြီးမှ စွံကြသည့်စုံတွဲ၊ လူပျိုကြီး၊ အပျို ကြီးစာရင်းဝင်လို့လွန်မှ အကြောင်းပါ၍ ပေါင်းဖက်ကြရသည်ဟု ဆိုရမည်။ ရင်သွေးရဖို့ မလွယ်ကူဘူး ဟု အများကထင်ကြေးပေးကြသော်လည်း ကံကောင်းထောက်မစွာနှင့် အသက်လေးဆယ်ကျော်မှ ကိုရှည်ကြီးတို့ဘဝထဲ သားလေးတစ်ဦး ရောက်လာခဲ့သည်။

ကလေးလိုချင်၍ မေးလိုက်ရသည့်ဗေဒင်၊ တောင်းလိုက်ရသည့် သားဆုပန်မှု၊ ကံအကြောင်း တိုက်ဆိုင်လာ၍ပဲလား မပြောတတ် ဆိုက်ဆိုက်မြိုက်မြိုက်ဆိုသလို ကိုရှည်ကြီးတို့ လင် မယားနှစ်ယောက်ဘဝထဲသို့ သားဦးလေး ရောက်လာခဲ့သည်။ သားဦးဆိုသည့်အတိုင်း ကိုရှည်ကြီးက သားဖြစ်သူကို ချစ်စနိုးနှင့် သားဦးလေးဟုသာ ခေါ်သည်။

သားဦးလေး မွေးပြီးကတည်းက ကိုရှည်ကြီးတစ်ယောက် အစစအရာရာ ပြောင်းလဲလာသည်။ ဆင်ခြင်စရာရှိသည်များလည်း ဆင်ခြင်တတ်လာသည်။ လူပျိုဘဝ မိဘနှင့်အတူနေ စဉ်ကတည်းက စွဲစွဲမြဲမြဲသောက်လာခဲ့သည့် အရက်၊ အိမ်ထောင်ရက်သားကျပြီးချိန်တွင်လည်း အလျဉ်းသင့်သလို သောက်လာခဲ့သည့်အရက်ကို တိကနဲနေအောင် တုံးတိဖြတ်နိုင်ခဲ့ သည်။

မိန်းမလုပ်သူပင် အံ့ဩရသည်အထိဖြစ်ခဲ့သည်။ သူအကြိမ်ကြိမ် ဖြောင်းဖြနားချသည့်ကြားက အပေါင်းသင်းနှင့်ဆုံလျှင်သော်လည်းကောင်း၊ အလုပ်အကိုင် အဆင်မပြေ၍သော် လည်းကောင်း အကြောင်းအမျိုးမျိုးပြကာ သောက်လာခဲ့သည့် အရက် သားဦးလေးနှင့်တွေ့တော့မှ ပြောစရာမလိုအောင် ပြတ်ခဲ့ရသည်။ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူက ကိုရှည်ကြီး ၏ဇနီး ဖြစ်မည်ထင်သည်။

ယောက်ျားလုပ်သူ အရက်ပြတ်၍ ပျော်မဆုံးဖြစ်နေသည့်ဇနီး သားဦးလေးရှိလာပြီးနောက် ကိုရှည်ကြီးအတွက် ပူပန်စရာတစ်ခုတိုးလာပြန်သည်။ အခြားတော့မဟုတ် ကိုရှည်ကြီး အလုပ်ပြန် နောက်ကျခြင်းကြောင့်ဖြစ်သည်။ ကိုရှည်ကြီး အလုပ်ပြန်နောက်ကျသည်မှာလည်း မဟုတ်တာတစ်ခုခု လုပ်နေခြင်း‌ကြောင့်မဟုတ် သားဖြစ်သူ အနာဂတ်အတွက် ဝင် ငွေပိုရရန် အလုပ်ပိုလုပ်လာခြင်းကြောင့်ဖြစ်သည်။

နံနက် ၇ နာရီကတည်းက အလုပ်သွားသည့် ကိုရှည်ကြီးတစ်ယောက် ည ၈ နာ ရီ‌ကျော်မှ အိမ်ပြန်ရောက်တတ်သည်။ တစ်ခါတစ်ရံ ထိုအချိန်ထက် နောက်ကျ၍ ပြန်ရောက်သည့် အခါများလည်းရှိသည်။ ၂၄ နာရီမနားဘဲ အလုပ်လုပ်၍ရလျှင် ကိုရှည်ကြီး လုပ်လိုက်ချင်သေးသည်။ မဖြစ်နိုင်၍သာ လက်လျှော့ထားသည့်သဘော၊ စိတ်ကတော့ အသက်အရွယ်နှင့် မမျှအောင် ဆောင်နေသည်။

ကိုရှည်ကြီးတို့ဘဝထဲ သားဦးလေးရောက်လာမှ ကိုရှည်ကြီး အလုပ်လုပ်ရသည်မှာ ပို၍ခွန်အားရှိသလို ခံစားလာရသည်။ သားသမီးစိတ်ကြောင့်လည်း ဖြစ်နိုင်သည်။ မိဘနှင့်အတူ နေစဉ်က အလုပ်မယ်မယ်ရရ မလုပ်ခဲ့သူတစ်ဦးက ယခုတော့ သားသမီးစိတ်ကြောင့် အလုပ်ပိုလုပ်၍ အိမ်ပြန်နောက်ကျတတ်လေပြီ။ ကိုရှည်ကြီးတစ်ယောက် မိဘနေရာရောက် တော့မှ မိဘနှစ်ပါးကိုပို၍ ကိုယ်ချင်းစာတတ်လာသည်။

ယခင်မိဘနှင့်နေစဉ် ဆိုးခဲ့မိုက်ခဲ့မှုများကြောင့် မိဘနှစ်ပါး စိတ်ဆင်းရဲခဲ့ရမှုများရှိသည်ကို ပြန်တွေးလိုက်တိုင်း ကိုရှည်ကြီးရင်ထဲ နောင်တတရား ကြီးစွာရလေသည်။ ကိုယ်တိုင်သား သမီးရလာတော့မှ မိဘကျေးဇူး၊ မေတ္တာတရားကို ပိုခံစားတတ်လာသည်။ မိဘနှင့်နေစဉ် အလုပ်မလုပ်သည်က ဖြည့်တွေး၍ရသော်လည်း အရက်မူးလာတိုင်း မိဘစိတ်ဆင်းရဲ အောင် ပြောဆိုခဲ့မိသည်များက ကို ရှည်ကြီးအတွက် ပိုခံစားရလေသည်။

ယခုတော့ ကိုရှည်ကြီး ယခင်လိုမဟုတ်တော့ သိသိသာသာ ပြောင်းလဲသွားပြီ။ မိဘနှစ်ပါးထံ အချိန်ရလျှင်ရသလို ရောက်အောင်သွားသည်။ မိဘစကား နားထောင်တတ်လာသည်။ ကိုရှည်ကြီးနေထိုင်သည့်နေရာနှင့် မိဘနှစ်ပါး နေထိုင်သည့်နေရာမှာ တစ်မြို့နယ်တည်းဖြစ်သည်။ သို့သော်လည်း မည်မျှပင်နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ မိဘဆီရောက်အောင် သွားရမည်ဆိုသည့် အသိမရှိလျှင် နီးလျက်နှင့်လည်း ဝေးနေကြဦးမည် မဟုတ်လား။

မိဘနှစ်ပါးမှာလည်း မြေးဖြစ်သူ သားဦးလေးကြောင့် ကိုရှည်ကြီး ပြောင်းလဲလာမှုကို ဝမ်းသာမဆုံးဖြစ်ကြရသည်။ မိဘဟူသည်က သားသမီး ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ သားအပေါ်ထားရှိသည့် မေတ္တာတရားကတော့ ပြောင်းလဲရိုး ထုံးစံမရှိပေ။ ကိုယ့်သားသမီးလိမ္မာလျှင် ဝမ်းသာသည်။ မလိမ္မာ၍ ဆိုးမိုက်နေလျှင်လည်း တောင်းဆိုးပလုံးဆိုးသာ ပစ် ရိုးထုံးစံရှိမည် သားဆိုး၊ သမီးဆိုးကို ပစ်ရိုးထုံးစံမရှိတတ်ကြပေ။(အချို့မှာ မလွဲသာမရှောင်သာ၍ ပစ်ရသည်များရှိသော်လည်း ထိုအထဲတွင် ကိုရှည်ကြီး မိဘနှစ်ပါး မပါခဲ့ပေ)

ယခုတော့ ကိုရှည်ကြီး ပြောင်းလဲမှုကြောင့် မိဘနှစ်ပါး စိတ်ချမ်းသာရသည်။ သို့သော် ဇနီးဖြစ်သူနှင့်အတူ မိဘနှစ်ပါးမှာလည်း ကိုရှည်ကြီး အလုပ်ပြန်နောက်ကျမှုကြောင့် စိတ်ပူပန် ရပြန်သည်။ လူပျိုဘဝ ၎င်းတို့နှင့်အတူနေစဉ် အိမ်ပြန်နောက်ကျတုန်းကလည်း ပူပန်ရသည်။ ယခင်အချိန် ပူပန်မှုကတစ်မျိုး၊ ယခုပူပန်မှုက ခေတ်ကာလအခြေအနေအရ ပို၍ပူပန် ရသည်။

ဘယ်မှာတော့ ဖုန်းတွေ၊ ပိုက်ဆံတွေ လုသွားပြန်ပြီ။ ဘယ်မှာတော့ ပစ္စည်းယူရုံတင်မက လူကိုပါသတ်သွားတာဆိုသည့် သတင်းများကြားတိုင်း မိဘကတစ်လှည့်၊ ဇနီးသည်ကတစ်လှည့် ကိုရှည်ကြီးထံ ဖုန်းဆက်ကြရသည်”

ဘယ်မှာတော့ ဖုန်းတွေ၊ ပိုက်ဆံတွေ လုသွားပြန်ပြီ။ ဘယ်မှာတော့ ပစ္စည်းယူရုံတင်မက လူကိုပါသတ်သွားတာဆိုသည့် သတင်းများကြားတိုင်း မိဘကတစ်လှည့်၊ ဇနီးသည်ကတစ် လှည့် ကိုရှည်ကြီးထံ ဖုန်းဆက်ကြရသည်။ “ သား အိမ် ပြန်ရောက်ပြီလား၊ ဘယ်မှာလဲ” ၊ “ ယောက်ျား အိမ်နားနီးပြီလား၊ ဘယ်နားကို ရောက်ပြီလဲ” ဟု တစ်လှည့်ဆီ အကြိမ်ကြိမ်ဖုန်း ဆက်တတ်ကြသည်။

ကိုရှည်ကြီးအလုပ်က Delivery ပစ္စည်းပို့သည့်အလုပ်၊ နံနက် ၇ နာရီခန့် လှိုင်သာယာကနေ သမိုင်းအထိ ‌စက်ဘီးနင်းလာကာ တစ်နေ့တာ ပစ္စည်းပို့ဆောင်သည့်အလုပ်ကို လုပ်ကိုင် ခြင်းဖြစ်သည်။ ပို့ရသည့် လမ်းကြောင်းမှာလည်း နီးသည့်လမ်းကြောင်းရှိသကဲ့သို့ ဝေးသည့်လမ်းကြောင်းများလည်းပါသည်။ အကြောင်းရေ များများပို့ရလျှင် ပိုက်ဆံများများရ သည်။ ပို့ရသည့်လမ်းကြောင်း ဝေးလျှင်လည်း ပို့ခပိုရသည်။

အော်ဒါဆက်သည့် ရက်များနှင့်ကြုံလျှင် ထမင်းကို အလုအယက်စားရသည်။ ဇနီးဖြစ်သူ ထည့်ပေးလိုက်သည့် ထမင်းချိုင့်လေးဖွင့်ကာ အရိပ်ကောင်းသည့် နေရာတစ်ခုတွင် စက် ဘီးရပ်၍ စားလေ့ရှိသည်။ အရသာခံချိန်မရ ဗိုက်ပြည့်ဖို့က အရေးကြီးသည်။ မြန်မြန်နင်း၊ များများပို့နိုင်မှ ဝင်ငွေပို့ရမည်။ ဝင်ငွေပိုရမှ သားဦးလေးအတွက် လိုအပ်တာမှန်သမျှ ဝယ်ပေးနိုင်မည်၊ ဆင်‌ပေးနိုင်မည်၊ တင့်တောင်းတင့်တယ် ထားနိုင်မည်။

သားဦးလေးက ကျောင်းနေအရွယ် မရောက်သေးသော်လည်း မူကြိုထားလျှင် ထားလို့ရသည့် အရွယ်ရောက်နေပြီဖြစ်သည်။ သားဦးလေးကို မူကြိုထားရန် ကိုရှည်ကြီး ဆုံးဖြတ် ထားသည်။ ထို့အတွက်ကြောင့် ကိုရှည်ကြီး များများနင်းနိုင်မှ များများဝင်ငွေရမည်။ များများဝင်ငွေရမှ သားဦးလေးအတွက် မူကြိုခ၊ လိုအပ်သည့် ကျောပိုးအိတ်၊ ရေဘူး၊ စာရေး ကိရိယာအစုံဝယ်ပေးနိုင်မည်။

ထိုစိတ်ကူးများကို အကောင်ထည်ဖော်နိုင်ရန် ကိုရှည်ကြီးတစ်ယောက် မည်မျှ ဝေးသည့်နေရာဖြစ်စေ၊ ခုံးဆင်းခုံးတက်များသည့် လမ်းဖြစ်စေ မမောနိုင်၊ မပန်း နိုင် နေပူမရှောင်၊ မိုးရွာမရှောင် နင်းနေရဦးမည်။ ယခင် လင်မယားနှစ်ယောက်တည်းရှိစဉ်က အိမ်စရိတ်လေးရလျှင် အလုပ်စောစောသိမ်းတတ်သည့် ကိုရှည်ကြီးတစ်ယောက် သားဦးလေးရှိလာမှ သားသမီးဇောကြောင့်လား မပြောတတ် အချိန်တွေကို မေ့တတ်လာသည်။ ယခင်က ညနေစောင်းပြီဆို အလုပ်သိမ်းရန် နာရီတကြည့်ကြည့်လုပ်တတ်သူ၊ ယခုတော့ အချိန်တွေက ကိုရှည်ကြီးအတွက် အကုန်မြန်သလို ခံစားရသည်။

ခေတ်ကာလအခြေနေအရ မလွဲသာ၍ ည ၈ နာရီဝန်းကျင်အိမ်ပြန်ရသော်လည်း အခြေနေပေးလျှင် ပေးသလောက် ကိုရှည်ကြီး ပစ္စည်းပို့ချင်သေးသည်။ နေ့တိုင်းလုပ်ရသည့် အလုပ် ဖြစ်သည့်အတွက် အနားယူဖို့လိုအပ်သည်။ အနားမယူလျှင် ကျန်းမာရေးက လှည့်လာဦးမည်။ ကျန်းမာရေးဖြစ်လျှင် မလွယ်ကူမှန်း ကိုရှည်ကြီးသိလာသည်။ ယခင် အရက်သောက် စဉ်က ကျန်းမာရေး ဂရုမစိုက်တတ်သူတစ်ဦးက ယခု ကျန်းမာရေးတစ်ခုခုဖြစ်လျှင် အလုပ်ပျက်ပြီး ဝင်ငွေလျော့မည်ကို စိုးရိမ်နေမိသည်။

ကိုရှည်ကြီးလည်းလူပဲ နားချင်မှာပေါ့။ အိမ်စောစောပြန်ပြီး မိသားစုကို အချိန်ပေးချင်မှာပေါ့။ အခြားမိသားစုများကဲ့သို့ မိသားစုထမင်းဝိုင်း လက်ဆုံစားရင်း ပျော်ပျော်ရွှင်ရွှင် အေး အေးချမ်း နေချင်မှာပေါ့။ သို့သော် တစ်နေ့လုပ် တစ်နေ့စားဘဝဖြစ်၍ အခြေနေက ပေးမလာခဲ့ပေ။ လင်မယားနှစ်ယောက်တည်းဘဝထက် ကလေးရှိလာ၍ ပို၍အခြေအနေ မပေး တော့‌ချေ။

လင်မယားနှစ်ယောက်တည်းတုန်းက ရတာလေးနှင့် ဖြစ်သလို စား၍ရသော်လည်း ကလေးရှိလာပြီဖြစ်၍ ယခင်ကဲ့သို့ နေ၍မရ၊ ယခင်ထက် နှစ်ဆရှာနိုင်မှ တော်ကာကျမည်ဖြစ် သည်။ မိဘများမှာလည်း အဆင်ပြေသူများမဟုတ်။ လူပျိုဘဝက ပေးခဲ့သည့်ဒုက္ခများပင် များလှပြီ။ အိမ်ထောင်သည်ဘဝရောက်မှ မပေးနိုင်သည့်အပြင် ပြန်တောင်းရသည့် အ ဖြစ်မျိုး မဖြစ်ချင်။

သားဦးလေးကြောင့် ပြောင်းလဲလာသည့် စိတ်အခြေအနေကိုပင် ကျေးဇူးတင်ရမည်။ မိဘများက သားသမီးပေးနိုင်သည်၊ မပေးနိုင်သည်ထက် လိမ္မာပြောင်းလဲလာသည်ကိုပင် ဝမ်း သာမဆုံး ရှိလှသည်။ ကြွေးဟောင်းဆပ်ဖို့ထက် ကြွေးသစ်ချနိုင်ရေး ကိုရှည်ကြီးကြိုးစားရပေဦးမည်။ မိဘဟူသည်က သားသမီးဆီက မျော့်လင့်ချက်မထား၊ သိတတ်မှုနှင့်ပေးလျှင် သာ လက်ခံတတ်ကြသည်။

ယခုလည်း ကိုရှည်ကြီးတစ်ယောက် အတွေးပေါင်းများစွာ ရင်ဝယ်ပိုက်ရင်း ကိုးမိုင်ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံရာ တော်ဝင်လမ်းခုံးအတက်လမ်းကို အားထည့်နင်းနေလေသည်။ ဆယ်မိုင်ကုန်း အော်ဒါတစ်ကြောင်း ပို့ပြီးလျှင် ဥက္ကလာလမ်းမှဖြတ်ကာ မြောက်ဥက္ကလာ ကျောက်ရေတွင်းဘက် ပို့ရဦးမည်။ ည ၇ နာရီခွဲခန့်ရှိပြီမို့ ကျောက်ရေတွင်း အော်ဒါပို့ပြီး လျှင် ကိုရှည်ကြီးတစ်ယောက် အိမ်ပြန်ဖို့သင့်လေပြီ။ အော်ဒါရှိလျှင် ကိုရှည်ကြီး ထပ်ပို့ချင်စိတ်ရှိသေးသည်။ သို့သော် လှိုင်သာယာပြန်ရမှာမို့ အချိန်က စကားပြောလာသည်။

ခေတ်အခြေနေအရ ညမှောင်လျှင် မဆိုထားနှင့် နေခင်းကြောင်တောင်ပင် လုယက်မှုများက ဖြစ်ပွားနေလေတော့ ကိုရှည်ကြီးတစ်ယောက် သတိဝီရိယ အတော်ထားရသည်။ ယခု နောက်ပိုင်း လုယက်သူများကလည်း Delivery ပို့ ဆောင်သူများကို ပစ်မှတ်ထားလာသည့်အတွက် ပို၍သတိထားရသည်။ ပစ္စည်းလုတာထက် လူကိုပါ အန္တရာယ်ပြုလာခြင်းကြောင့် စိုးရိမ်စိတ်ရှိသော်လည်း သားသမီး လူတန်းစေ့ထားနိုင်ရေး စိတ်ဇောက စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးလေသည်။

လာမည့်ဘေး ပြေးတွေ့ရုံမှတစ်ပါး အခြားမရှိ၊ မဖြစ်သေးသည်ကို ကြိုတင်တွေးဆကာ ပူပင်နေမည့်အစား စားဝတ်နေရေး၊ သားသမီးအရေးကို ရှေ့ရှုကာ ကိုရှည်ကြီးတစ်ယောက် နောက်ရက်များတွင်လည်း အလုပ်ပြန်ချိန် မိုးချုပ်နေဦးမည်။

စက်ဘီးနင်းရင်း ဖုန်းသံမြည်လာ၍ ကိုင်လိုက်စဉ် အမေ့အသံကြားရသည် “ သား အိမ်ပြန်ရောက်ပြီလား၊ ဘယ်မှာလဲ” အမေ့ဖုန်းချပြီး သိပ်မကြာ ထပ်ဆင့်ဆိုသလို ဖုန်းဝင်လာပြန် သည် ဇနီးအသံ “ ယောက်ျား အိမ်နားနီးပြီလား၊ ဘယ်နားရောက်ပြီလဲ” ဟု အမေလုပ်သူရော ဇနီးဖြစ်သူပါ စိုးရိမ်ပူပန်စိတ်များဖြင့် ဖုန်းဆက်ကြလေသည်။

#ကိုပေါက်

#ယနေ့ခေတ်

မိုးမချုပ်ချင်လည်း ချုပ်နေရဦးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်