မိုးစက်တွေက ပူလိုက်တာ

#မောင်ပေါက်

“ စနေ မိုးက‌တော့ ဆွေပြီထင်တယ်ဟေ့”

ကိုသောင်းတန်တို့အဖွဲ့ ကျားထိုးရင်း သံပြိုင်ပြောမိကြသည်။ ကိုသောင်းတန်၊ ကိုမြင့်စိန်၊ ကိုလှအေး၊ ကိုဌေးလွင် (အမည်လွှဲ)တို့လေးယောက် နှစ်ယောက်တစ်ခုံစီ ကျားထိုးရင်း စနေ နေ့ ရွာတဲ့မိုးကို မှတ်ချက်ပြုကြသည်။ ကိုသောင်းတန်နှင့် ကိုလှအေးကတစ်ခုံ၊ ကိုမြင့်စိန်နှင့် ကိုဌေးလွင်ကတစ်ခုံ မိုးကောင်းကောင်းနှင့် ဆိုက်ကားငှားစီးမည့် ထမင်းရှင်ပါဆင်ဂျာ များကိုမျှော်ရင်း စိတ်ပြေလက်ပျောက် ကျားထိုးနေကြခြင်းဖြစ်သည်။

“စနေမိုးဆိုတာမျိုးကလည်း ရွာပြီဆို ဆွေတတ်တဲ့အမျိုးမဟုတ်လား။ ကြားဖူးတာတော့ စနေမိုးဆွေရင် တစ်ပတ်ကြာတယ် ပြောကြတာပဲ။ စနေနေ့ကိုပြန်ရောက်မှ မိုးဆွေတာ ရပ် တယ်ဆိုပဲ” ဟု ကိုသောင်းတန်က ကိုမြင့်စိန်၊ ကိုလှအေး၊ ကိုဌေးလွင်တို့ကို စနေမိုးအကြောင်း ကြာဖူးနားဝကို ပြောပြသည်။

“ဟုတ်တယ် ကိုသောင်းတန်ရ ကျွန်တော်လည်းကြားဖူးတယ်။ ဟုတ် မဟုတ်တော့မသိဘူး” ဟု ကိုဌေးလွင်က ကျားထိုးရင်း ကိုသောင်းတန်စကားကို အသိအမှတ်ပြုလေဟန်‌ပြော သည်။ “ဟုတ် မဟုတ်သိချင်ရင် သေချာအောင် တစ်ပတ်စောင့်ကြည်လေ” ဟု ကိုမြင့်စိန်က စကားစဝင်ထောက်လေသည်။

“သေချာ၊ မသေချာတော့မသိဘူး မိုးကောင်းပုံထောက်ရင်တော့ ဒီနေ့ အုံနာခတောင်ရပါ့မလားမသိဘူး” ဟု ကိုလှအေးက မိုးကောင်းမှုကိုအကြောင်းပြုပြီး အလုပ်မကောင်းမှာကို စိုး ရိမ်နေလေသည်။ “အေးကွာ ဒီနေ့ တစ်သောင်းခွဲလောက်ရအောင်နင်းမယ်လို့ စိတ်ကူးထားတာ၊ အခုတော့ မိုးကောင်းပုံနဲ့ ဈေးဦးတောင်မပေါက်သေးဘူး” ဟု ကိုသောင်းတန်က မိုး အကြောင်းပြုရင်း ညည်းတွားပြောဆိုသည်။

“အေးဗျာ အလုပ်အကိုင်တွေက ကောင်းတာဆိုတော့ မိုးကောင်းချက်နဲ့ ပါဆင်ဂျာကတော့ရဖို့ လမ်းမမြင်ဘူး ဆရာရေ” ဟု ကိုမြင့်စိန်က ကျားတစ်ကွက်ရွေ့ ရင်း ဘဝတူလုပ်ဖော် ကိုင်ဘက်များကို ပြောသည်။ “ရတာ၊ မရတာ သူ့အပိုင်း ကိုမြင့်စိန်ရေ စောင့်ရမှာကျွန်တော်တို့အလုပ်။ လက်ရော၊ ခြေထောက်ရောလှုပ်မှ ဝမ်းရေးဖြေရှင်းနိုင်မှာဆိုတော့ လှုပ်ဖို့က အဓိကမဟုတ်လား” ဟု ကိုဌေးလွင်က ကိုမြင့်စိန်ကို အားပေးစကားဆိုသည်။

“လှုပ်တာက ပြဿနာမရှိဘူး ကိုယ်လူရေ။ လှုပ်ရင်းမမြုပ်ဖို့က ‌အရေးကြီးတယ်” ဟု ကိုသောင်းတန်က ကိုဌေးလွင်သတိချပ်မိစေရန် ပြောလိုက်ခြင်းဖြစ်သည်။ “ဟုတ်ပါ့ဗျာ ကို သောင်းတန်ပြောမှာပဲ ကျွန်တော်လည်း သတိထားမိတော့တယ်။ ကျွန်တော်တို့ဘဝတွေက တကယ်ကိုလှုပ်ရင်း မသိမသာရော၊ သိသိသာသာပါ မြုပ်နေပါပရောလား” ဟု ကိုလှ အေးက ကိုသောင်းတန်စကားကို ထောက်ခံပြော ပြောဆိုသည်။

“မြုပ်ဆို ခေတ်ကာလကိုပဲ အပြစ်တင်ရမလား၊ ကိုယ့်ဘဝကိုယ်ပဲ အပြစ်တင်ရမလား၊ မဝေခွဲတတ်တော့ပါဘူး” ဟု ကိုမြင့်စိန်က လက်ရှိ၎င်းတို့ ကြုံတွေ့နေရသည့် အခြေအနေကို ကျားကွက်ရွေ့ရင်း ညည်းတွားပြောဆိုသည်။

“အပြစ်ဆိုတာမျိုးကလည်း တင်စရာရှိရင်တော့ တင်ရမှာပဲဗျို့။ တင်သင့် မတင်သင့်ဘဲ ခွဲခြားတတ်ဖို့လို့တာ အပြစ်ရှိပါလျက်နဲ့ အပြစ်ရှိသူကို အပြစ်ရှိကြောင်းမပြောဘဲ ရင်ငုံနှုတ် ပိတ်နေတာမျိုးကျတော့လည်း မကောင်းပြန်ဘူး” ဟု ကိုသောင်းတန်က ကိုမြင့်စိန်စကားကို ထပ်ဆင့်ပံ့ပိုး ပြောဆိုသည်။

“ကိုသောင်းတန် ပြောတာဟုတ်တယ်။ အမှန်နဲ့ အမှားလိုပေါ့ မှားမှန်းသိသိကြီးနဲ့ အပြစ်ရှိတာကို အပြစ်မရှိပါဘူး အမှန်ပါဆိုပြီး တစ်ဖက်ပိတ်အမြင်နဲ့ ပြောတဲ့သူမျိုးကျတော့လည်း အသိခေါက်ခက် အဝင်နက်ပဲပြောရမလား၊ သိသိကြီးနဲ့ မိုက်တယ်ပဲ ပြောရမလား” ဟု ကိုလှအေးက ကိုသောင်းတန်းစကားကို ထပ်မံ၍ထောက်ခံ‌ပြော ပြောသည်။

“အဲဒါတွေ အသာထားပါ။ လှုပ်ရှားမှ မုန့်စားရမယ့်ဘဝတွေမို့၊ ဟိုမှာ အမြဲစီးနေကျအဒေါ်ကြီးလာပြီ ဘယ်သူလိုက်မှာလဲ။ စီနီယာအရဆို ကျွန်တော့်အလှည့် နော်။ ဒါပေမယ့် ခင် ဗျားတို့ကိုဦးစားပေးမယ်။ နောက်အခေါက်မှ ကျွန်တော်လိုက်တော့မယ်။ ဒီမှာကျားက ကင်းဝင်နေပြီ။ ကိုမြင့်စိန်ကို ဒီတစ်ခါတော့ နိုင်အောင်‌ကစားလိုက်ဦးမယ်။ ဒီဂိတ်မှာ ကျားဘု ရင်ဆိုပြီး နာမည်ကြီးနေတာဆိုတော့” ဟု ကိုဌေးလွင်က ကင်းဝင်တဲ့ကျားကိုရွေ့ရင်း ဘဝတူများကို ဦးစားပေးစကားဆိုသည်။

“ကိုမြင့်စိန် ခင်ဗျားလိုက်ချင်လည်း လိုက်နော်။ လိုက်ရင်တော့အရှုံးပဲ ဘယ်လိုလဲ” ဟု ကိုဌေးလွင်က ကိုမြင့်စိန်ကိုမေးသည်။ “နိုင်အောင်သာကစားပါ ကိုယ့်လူရာ။ အနိုင်အရှုံးမပေါ် တဲ့နှစ်ယောက် လိုက်လိမ့်မယ်‌လေ” ဟု ကိုမြင့်စိန်က ကိုသောင်းတန်နှင့် ကိုလှအေးတို့ကို ရည်ရွယ်ပြောသည်။

“ကိုသောင်းတန် ခင်ဗျားလိုက်ချင်လိုက်လေ ကျွန်တော်နောက်အခေါက်မှ လိုက် လိုက်မယ်၊ ခင်ဗျားဈေးဦးပေါက်ရင် ကျွန်တော်မပေါက်သလိုပါပဲ။ အယ် မ ဟုတ်ပါဘူး ကျွန်တော်ပေါက်သလိုပါပဲပြောတာ” ဟု ကိုလှအေးက ကိုသောင်း တန်ကို ဘဝတူခြင်း ဦးစားပေးသည့်အနေဖြင့် နောက်ပြောင်စကားဆိုသည်။

“ဒါဆိုလည်း ပြီးရောဗျာ။ ကျွန်တော်ပဲ သွားလိုက်မယ်။ ဟိုဆရာနှစ်ယောက်ကလည်း အရှိန်ကောင်း၊ ခင်ဗျားကလည်း ဦးစားပေးဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်လိုက် ရင် ကျွန်တော့်ထက်မိုက်တဲ့သူ ဘယ်သူရှိဦးမလဲ” ဟု ကို သောင်းတန်က လုပ်ဖော်ကိုက်ဘက်များ၏ ဦးစားပေးမှုကို အသိမှတ်ပြု ပြောဆိုသည်။

“ဟဲ့ နင်တို့ ဆွဲကောင်းကြလား” ဟု ကိုသောင်းတတ်တို့ဂိတ်၌ အမြဲငှားစီးနေကျ ဖောက်သည်အဒေါ်ကြီးက ဆိုက်ကားစီးရင်း ကိုသောင်းတန်ကို မေးလိုက်ခြင်းဖြစ်သည်။

“ဆွဲကောင်း၊ မကောင်း ဂိတ်မှာကျားထိုးနေတာသာကြည့်တော့ အဒေါ်ရေ။ မိုးကဒီလောက်ကောင်းနေမှာတော့ ဘယ်လာဆွဲကောင်းတော့မလဲ” ဟု ကို သောင်းတန်က မိုးကိုအပြစ် တင်ရင်း ဆိုက်ကားငှားစီးမည့်သူမရှိကြောင်း ပြန်လည်ပြောဆိုသည်။

“အဲဒါဆိုလည်း မိုးကောင်းကောင်းနဲ့ အိမ်ပြန်ပြီးကွေးပေါ့ဟာ” ဟု အဒေါ်ကြီးက ကိုသောင်းတန်ကို စနောက်စကားဆိုသည်။

“မနောက်ပါနဲ့ အဒေါ်ရယ်။ မိုးကောင်းကောင်းနဲ့ ကွေးနိုင်တဲ့သူတွေက ကွေးနိုင်ပေမယ့် ကျွန်တော်တို့ဘဝတွေက မကွေးနိုင်ဘူး ‌အဒေါ်ရေ။ လက်ရော၊ ခြေထောက်ရောလှုပ်မှ ဝမ်း ရေးအဆင်ပြေမှာဆိုတော့ ငှားစီးမယ့်သူမရှိလည်း နေပူပူ၊ မိုးရွာရွာ ဂိတ်တော့ရောက်အောင်လာရတာပဲ။ အခုတောင် အဒေါ်ရောက်လာလို့ ဈေးဦးပေါက်တာ” ဟု ကိုသောင်းတန်က ဆိုက်ကားကို အားထည့်နင်းရင်း ရင်တွင်းခံစားချက်များ မိုးရေနှင့်အတူ ထွက်ကျလာသည်။

“အေးပါဟယ် ငါလည်းနင်တို့နဲ့ ဘဝတူပါပဲ။ ငါလည်း မကွေးနိုင်ပါဘူး။ ဆိုင်အတွက် လိုတာလေးတွေလာဝယ်တာ ခဏစောင့်ပေးဦး အပြန်လည်းစီးမယ်။ နင့်ကို စောင့်ခပိုပေးပါ မယ်” ဟု စီးနေကျ ဖောက်သည်အဒေါ်ကြီးက ပြောသည်။

“ရပါတယ်အဒေါ်ရယ်။ ဂိတ်ပြန်လည်း ပါဆင်ဂျာမရမယ့်အတူတူ အဒေါ့်ကိုစောင့်တာ ပိုသေချာပါတယ်” ဟု ကို သောင်းတန်က ပြန်ပြောသည်။

“အဲဒါဆိုလည်း ဒီနားမှာပဲစောင့်နေလိုက် ငါပြန်လာခဲ့မယ်” ဟု အဒေါ်ကြီးက ကိုသောင်းတန်ကိုပြောရင်း ဆိုက်ကားပေါ်ကဆင်းကာ မိုးရေစက်များကြားမှဖြတ်ရင်း ဈေးအတွင်းဝင် သွားသည်။

ဆိုက်ကားအုံနာခ တစ်ရက်ကိုထောင့်နှစ်ရာ၊ အိမ်စရိတ်၊ ကလေးမုန့်ဖိုး၊ လကုန်လျှင် အိမ်ငှားခ စသည့်အထွေထွေအသုံးစရိတ်များပေါင်းလျှင် ကိုသောင်းတန်အတွက် တစ်နေ့တစ်သောင်းခွဲခန့် ဝင်ငွေရှိမှ အဆိုပါစရိတ်အားလုံး ကာမိရုံရှိမည်။

ဆိုက်ကားအုံနာခ တစ်ရက်ကိုထောင့်နှစ်ရာ၊ အိမ်စရိတ်၊ ကလေးမုန့်ဖိုး၊ လကုန်လျှင် အိမ်ငှားခ စသည့်အထွေထွေအသုံးစရိတ်များပေါင်းလျှင် ကိုသောင်းတန်အတွက် တစ်နေ့တစ် သောင်းခွဲခန့် ဝင်ငွေရှိမှ အဆိုပါစရိတ်အားလုံး ကာမိရုံရှိမည်။

ထိုစရိတ်များထက် ပိုဆိုးသည်က နေ့ပြန်တိုးနှင့်ချေးထားသည့် အကြွေးများ၊ လူမှန်ရင်အကြွေးနှင့်မကင်းပါဘူးဟု လူအတော်များများ ပြောတတ်ကြသော်လည်း ဝင်ငွေနှင့်ထွက်ငွေ မမျှသူများအဖို့ အကြွေးမကင်းသည့်အပြင် အကြွေးမရှင်းနိုင်ပါ ဖြစ်ကြရသည်။ ထိုအထဲတွင် ကိုသောင်းတန်တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။

မိန်းမဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် မလွှဲသာမရှောင်သာ အတိုးနှင့်ငွေချေးခဲ့ရပြီး အရင်းကျေဖို့ နေနေသာသာ၊ အတိုးပေါ်အတိုးဆင့်ကာ လုံးလည်ချာလည်လိုက်ခဲ့ရသည်။ ၎င်းဆိုက်ကားနင်းသည့် ဝင်ငွေတစ်ခုတည်းနှင့် ရပ်တည်ရသော မိသားစုသုံးယောက်၊ မိန်းမလုပ်သူက ကျန်းမာရေးချူချာ၊ သားလေးက လူမမယ်အရွယ်၊ အဆိုးထဲက အကောင်းဟူ ၍ပဲပြောရမလား ကလေးကတစ်ဦးတည်းသောသား၊ ကျောင်းနေအရွယ် မရောက်သေးသည်က ကိုသောင်းတန်အတွက် ဝန်တစ်ခုပေါ့ရသည်။

ယခင် မိန်းမလုပ်သူ ကျန်းမာရေးကောင်းစဉ်က ကျိုက်ဝိုင်းဈေးအတွင်း ငါးစိမ်း၊ ငါးစိုရောင်းသည့် ဝင်ငွေလေးကြောင့် လင်မယားနှစ်ယောက်လုပ်စာအားဖြင့် မိသားစုဝမ်းရေး အ တော်အတန်ဖြေရှင်းနိုင်ခဲ့သည်ဟု ဆိုရမည်။ ယခုအခါ ၎င်းတစ်ဦးတည်းဝင်ငွေဖြင့် မိသားစုဝမ်းရေးအပြင် အကြွေးအရေးပါ ပူပန်နေရလေပြီ။

တစ်ခါတစ်ရံ ဆိုက်ကားပျက်၍ ဆိုက်ကားပြင်ရသည့်အခန်းက ပါသေးသည်။ ရန်ကုန်မြို့၌ ဆိုက်ကားဈေးမှာလည်း ယခင်နှင်မတူ။ လက်ရှိ‌ပေါက်ဈေး လိုင်စင်အပါ သိန်းသုံးဆယ် ဝန်းကျင်ပေါက်သည်။ အုံနာနှင့်နင်းသည်သာ အဆင်ပြေသေးသည်ဟု ဆိုရမည်။ ဝယ်လျှင်လည်း မဝယ်နိုင်၊ ဝယ်နိုင်လျှင်လည်း ဝယ်မည်မဟုတ်။ ဝယ်မည့်ပိုက်ဆံများကို အရင်းနှီး တစ်ခုခုလုပ်ဖြစ်မှာ ကိုသောင်းတန်သေချာသလောက်ရှိသည်။

ထိုထိုသော အကြောင်းအရာများကို စဉ်းစားမိလျှင် ကိုသောင်းတန် ဆိုက်ကားနင်းရသည်မှာ အားမပါတော့ချေ။ ၎င်းအခက်အခဲများမှာ ကိုသောင်းတန်တစ်ဦးတည်း ကြုံတွေ့နေရ သည်လားဆိုလျှင် မဟုတ်ချေ။ ၎င်းနှင့်ဘဝတူ ကိုမြင့်စိန်၊ ကိုလှအေး၊ ကိုဌေးလွင်တို့လည်း ကြုံတွေ့နေရခြင်းဖြစ်သည်။ ကြုံတွေ့ရသည့် အခက်အခဲအကြပ်အတည်း အနည်းအများ သာ ကွာချင်ကွာလိမ့်မည်။ အားလုံးက ဘဝတူလုပ်ဖော်ကိုင်ဘက်များဖြစ်ကြသည်။

အလုပ်အကိုင်အဆင်မပြေ၍ တစ်ခါတစ်ရံ အကြံကုန်၊ ဂဠုန်ဆားချက်ဆိုသလို နှစ်လုံးထီ၊ သုံးလုံးထီလေးများ ဒီနေ့ဘာတစ်လုံးကောင်းတယ်၊ ဘာ ဝမ်းချိန်းလေးများ ကောင်းသည် ဟုဆိုလိုက်လျှင် ထိုးချင်ကြတာ အမော။ ပေါက်သည့်ရက်နှင့် မပေါက်သည့်ရက် အချိုးချလျှင် မပေါက်သည့်ရက်က ခပ်များများ။ သို့သော် စိတ်မနာနိုင်။ မျှော်လင့်ချက်နှင့် ထိုးကြ ပြန်သည်။

“ဟဲ့ ဆိုက်ကားဆရာ ဘာတွေတွေးငေးနေတာလဲ။ ငါခေါ်တာတောင် မကြားပါလား။ မိုးကရွာရတဲ့အထဲ” ဟု အဒေါ်ကြီးက ကိုသောင်းတန်၏အတွေးကို တစ်ခန်းရပ်စေခဲ့သည်။ “မိုး သံနဲ့ မကြားလိုက်လို့ပါအဒေါ်ရယ် ဆော်ရီးနော်” “အေးအေး မြန်မြန်နင်း အိမ်ရောက်ရင် ချက်ရပြုတ်ရဦးမယ် မိုးကလည်း တိတ်ကိုမတိတ်နိုင်တော့ဘူး အေးလိုက်တာဟယ်” ဟု အ ဒေါ်ကြီးက မိုးကောင်းပုံကို အပြစ်တင်ပြောဆိုသည်။

အဒေါ်ကြီး၏ မိုးအေးလိုက်တာဟူသည့် စကားကိုကြားမှ ကိုသောင်းတန် စဉ်းစားမိသည်။ မနက်မိုးလင်းကတည်းက ရွာလိုက်သည့်မိုး ဂိတ်ရောက်တော့လည်း ကိုမြင့်စိန်၊ ကိုလှ အေး၊ ကိုဌေးလွင်တို့ မိုးကအေးလိုက်တာဟု ပြောသံမကြားမိ။ မကြားမိဆို မိုးကောင်းလို့ ဆိုက်ကားနင်းမကောင်းမှာကိုပဲ စိုးရိမ်နေကြသည် မဟုတ်လား။

ကိုသောင်းတန် မိုးရေထဲဆိုက်ကားနင်းနေရသော်လည်း အေးခြင်း၊ ချမ်းခြင်းကို မခံစားရ။ အဒေါ်ကြီးပြောမှပဲ မိုးကအမှန်တကယ်ရော အေးတာဟုတ်ရဲ့လားဟု ပြန်တွေးမိသည်။ ထို့အတူ ကိုမြင့်စိန်၊ ကိုလှအေး၊ ကိုဌေးလွင်တို့ရော အေးကြရဲ့လားဟု ကိုသောင်းတန်စဉ်းစားမိလာသည်။

စိတ်ပြေလက်ပျောက် ဂိတ်၌အားသည့်အချိန် ကျားထိုးကြသော်လည်း အားလုံးက လက်ရော၊ ခြေထောက်ရောလှုပ်မှ ပါးစပ်လှုပ်ရမည့်ဘဝများမို့ ဆိုက်ကားမနင်းရလျှင် အိမ်စရိတ် မရ၊ အိမ်စရိတ်မရလျှင် ဝမ်းရေးအဆင်မပြေနိုင်၊ ဝမ်းရေးနှင့်အတူ အကြွေးအရေးကလည်း ထပ်တူဖြစ်နေ‌လေတော့ ညနေဆိုက်ကားသိမ်းချိန် အိမ်ပြန်လျှင် နေ့ပြန်တိုးဖိုးက စောင့် ကြိုနေလေသည်။

စနေမိုး မည်သို့ပင်ဆွေပါ‌စေ၊ မည်သို့ပင်ရွာပါစေ ကိုသောင်းတန်၊ ကိုမြင့်စိန်၊ ကိုလှအေး၊ ကိုဌေးလွင်တို့အတွက်‌ မိုးစက်များက ပူနေဦးမှာ သေချာလှသည်။

မောင်ပေါက်

#ယနေ့ခေတ်

မိုးစက်တွေက ပူလိုက်တာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်