တာလပတ်အမိုးလေး လုံရဲ့လား

ကိုပေါက်

ရန်ကုန်မြို့၌ စက်ဘီးစီးနင်းသူ များပြားလာမှုကြောင့် ကိုဝတုတ်တစ်ယောက် ယခင်ထက် စက်ဘီးပြင်ရမှု စိပ်လာသည်။ ကိုဗစ်မဖြစ်ခင်ကာလများက စက်ဘီးစီးကြသော်လည်း ကိုဗစ်နောက်ပိုင်း စက်ဘီးစီးသူ သိသိသာသာများပြားလာသည်။

ထို့အတူ ပစ္စည်းနှင့် အစားအသောက် ပို့ဆောင်ကြသည့် Delivery လုပ်ငန်းများလည်း တွင်ကျယ်လာမှုကြောင့် စက်ဘီးဖြင့် အလုပ်လုပ်သူ များပြားလာခြင်း ဖြစ်သည်။ ထိုသို့များ ပြားလာခြင်းကြောင့် ကိုဝတုတ်တစ်ယောက် ယခင်ထက် စက်ဘီးပိုပြင်ရသည်ဟု ဆိုရမည်။

စက်ဘီးပိုပြင်ရ၍ ဝင်ငွေတိုးလာသည်ဟု ဆိုရသော်လည်း ကြီးမြင့်လာသည့် အရပ်ရပ်ကုန်ဈေးနှုန်းကြောင့် အလုပ်ပိုလုပ်ရ၍ လူပိုပင်ပန်းတာလျှင် အဖတ်တင်သည်။ စုမိဆောင်းမိ သည့်အဆင့်ကို မရောက်နိုင်သေးဘဲ ဂျာအေးသူ့အမေ ရိုက်သကဲ့သို့ လုံးလည်ချာလည် လိုက်နေသေးသည်။

လူလွတ်ဆိုလျှင် လက်ရှိစက်ဘီးပြင်ရသည့်ဝင်ငွေနှင့် အတန်အသင့်အဆင်ပြေသည်ဟု ဆို၍ရသော်လည်း အိမ်ထောင်သည် အိမ်ငှားဘဝမို့ သမင်မွေးရင်း ကျားစားရင်းဆိုသလို ကိုဝတုတ်တစ်ယောက် ဖြစ်နေသေးသည်။ ထိုသို့သော အခက်အခဲကို ကိုဝတုတ်တစ်ဦးတည်း ကြုံတွေ့နေရခြင်းမျိုးမဟုတ်၊ အခြေခံလူတန်းစားအသီးသီး ကြုံတွေ့နေရခြင်းဖြစ် သည်။ ထိုအခက်အခဲကို ကျော်လွှားနိုင်ဖို့ဆိုလျှင် ဝင်ငွေနှင့်ထွက်ငွေမျှတပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှသာ အဆင်ပြေမည်ဖြစ်သည်။

ဝင်ငွေနှင့်ထွက်ငွေ မမျှတခြင်းကြောင့် ကိုဝတုတ်ကဲ့သို့ အခြေခံလူတန်းစားများ စားဝတ်နေရေးအတွက် လုံးပန်းရင်း ကျန်းမာရေးကိစ္စရပ်ကို မေ့ထားရသည်။ ကျန်းမာရေးဖြစ်လာမှ သာ ဖြစ်ရောဆိုသည့်စိတ်နှင့် အာဟာရပြည့်ဝရေးထက် ဝမ်းဝရေးကို ဦးစားပေးနေရသည်။ လက်ရှိအခြေအနေနှင့် ကျန်းမာရေးဖြစ်လာပြီဆိုလျှင်လည်း ကုန်ကျစရိတ်မှာ ကိုဝ တုတ်တို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်မှာ သေချာလှသည်။

ထို့အတွက်ကြောင့် ကျန်းမာရေးတစ်ခုခုဖြစ်မှာကို ကိုဝတုတ်စိုးရိမ်သည်။ ကျန်းမာရေးဖြစ်လျှင် အလုပ်ကိုင်ပျက်သည့်အတွက် ဝင်ငွေမရှိ ထွက်ငွေချည်းနှင့်သာကြုံရမည်။ မိအေး နှစ်ခါနာမည့်အဖြစ်မျိုးတော့ ကိုဝတုတ်အဖြစ်မခံနိုင်။ တော်ရုံတန်ရုံ အာဂန္တုဧည့်သည်အဖျားဆိုလျှင် လမ်းထိပ်ဆေးဆိုင်က ဘိုင်အိုဂျက်ဆစ်တစ်လုံးလောက်နှင့် ပြီးသည်ကများ သည်။

မသက်သာသည့်အဆုံးမှသာ ရပ်ကွက်ဆေးခန်း ပြေးရသည်။ အတတ်နိုင်ဆုံး အလုပ်မပျက်အောင် အားတင်းရသည်။ အလုပ်တစ်ရက်နားလျှင် တစ်ရက်ဝင် ငွေသိသာသည်။ စက် ဘီးပြင်သည့် အလုပ်မှာလည်း ပြင်ရသည့်အချိန်ရှိသလို မပြင်ရသည့်အချိန်မျိုးနှင့်ကြုံလျှင် ငုတ်တုတ်မေ့တတ်သည့်အဖြစ်မျိုး။

ယခုရက်ပိုင်း စက်ဘီးအပြင်လေးစိပ်လာ၍ ကိုဝတုတ်တစ်ယောက် ဝင်ငွေလည်း စိပ်လာသည်။ ရတုန်းလေးရှာထားမှ မရသည့်အချိန် ဝင်ငွေပြန်ကာမိမည်ဖြစ်သည်။ တစ်ရက် နှစ်သောင်း၊ နှစ်သောင်းကျော်ရသည့် ရက်မျိုးရှိသလို တစ်သောင်း၊ တစ်သောင်းခွဲရသည့် ရက်မျိုးနှင့်လည်းကြုံရသည်။ ဝင်ငွေက ပြင်သူရှိမှရသည့်အလုပ်မျိုး ဖြစ်သည့်အတွက် ခန့်မှန်းရခက်သည်။

ဝင်ငွေအနည်းအများထက် ပုံမှန်ဝင်ငွေရှိရေးက အရေးကြီးသည်။ ထို့ကြောင့် အလုပ်စိပ်သည်ဖြစ်စေ၊ ကျဲသည်ဖြစ်စေ ကိုဝတုတ်တစ်ယောက် မနက်ဆိုလျှင် စက်ဘီးပြင်ရာနေရာသို့ အစောလာ၍ ညနေဆို မိုးချုပ်မှ အလုပ်သိမ်းသည်

ဝင်ငွေအနည်းအများထက် ပုံမှန်ဝင်ငွေရှိရေးက အရေးကြီးသည်။ ထို့ကြောင့် အလုပ်စိပ်သည်ဖြစ်စေ၊ ကျဲသည်ဖြစ်စေ ကိုဝတုတ်တစ်ယောက် မနက်ဆိုလျှင် စက်ဘီးပြင်ရာနေရာ သို့ အစောလာ၍ ညနေဆို မိုးချုပ်မှ အလုပ်သိမ်းသည်။

ကိုဝတုတ်က အသက်လေးဆယ်ဝန်းကျင်အရွယ်၊ လူပုံက အသားညိုညို ခပ်ဝဝ၊ ထို့ကြောင့်လည်း သူ့ဆီ စက်ဘီးလာပြင်သူများက နာမည်အရင်းထက် ကိုဝတုတ်ဟုသာခေါ်ကြ သည်။ စက်ဘီးပြင်ကျွမ်းကျင်သလို စေတနာလည်းပါသည်။ လူမှုဆက်ဆံရေးအပိုင်းလည်း ပြောစရာမလို၊ သူ့ဆီစက်ဘီးလာပြင်သည့် လူတိုင်းကို လေးလေးစားစားဆက်ဆံသည်။

သူနှင့်ပြင်သည့် စက်ဘီးဆို တစ်ခါဆိုတစ်ခါမေ့လောက်အောင် စီးရသည်။ ဘီးပေါက်လို့ ဖာတာကအစ သေချာဂရုတစိုက်လုပ်ပေးသည်။ လက်ခကိုလည်း အတတ်နိုင်ဆုံး အခြား သူများထက် လျှော့ယူသည်။ ကိုဝတုတ်ဆီမှာ အများဆုံး စက်ဘီးလာပြင်ကြသူများက ပစ္စည်းပို့၊ အစားအသောက်ပို့ဆောင်ကြသည့် Delivery အလုပ်လုပ်သူများဖြစ်သည်။

“ ကိုဝတုတ်ရေ လုပ်ပါဦး ဘီးပေါက်သွားလို့”

“ အေးညီ ခဏလေးစောင့် ဒါလေးပြီးရင် ဖာပေးမယ်နော်”

“ လုပ်ပါ အစ်ကိုရယ် ကျွန်တော် အော်ဒါပို့စရာလေး ရှိသေးလို့”

ထို့သို့ ပြောလိုက်သည်နှင့် ဦးစားပေးသင့်သူကို ဦးစားပေးသည့်အနေဖြင့် အရေးမကြီးသည့်ဘီးကို ခဏထားကာ ချက်ချင်းထလုပ်ပေးတတ်သည်။ သို့အတွက်ကြောင့်လည်း Delivery ပို့ဆောင်သူများက စက်ဘီးပျက်ပြီဆိုလျှင် ကိုဝတုတ်ရှိရာအရပ်ကို အပြေးလာကြသည်။ မလွဲသာမရှောင်သာ ပစ္စည်းပို့ရင်း ကြုံသည့်နေရာ ပြင်ကြရသော်လည်း လမ်း ကြောသင့်ပါက ကိုဝတုတ်ဆီသာ စက်ဘီးတွန်း၍ ရောက်အောင်လာကြသည်။

အချို့စက်ဘီးပြင်သူများဆိုလျှင် ဘီးပေါက်တာလောက်ကို သိပ်မပြင်ပေးချင်ကြ မအားတာကများကြသည်။ စောင့်နိုင်လျှင်လုပ် မစောင့်နိုင်လျှင် မလုပ်ရုံသာရှိသည်။ ကြီးကြီးမား မားပျက်မှသာ ပြင်ပေးတတ်ကြသည်။ ကြီးကြီးမားမားပျက်လျှင်လည်း ပြင်သူမအား၍ တစ်ရက်တည်းနှင့်မပြီး နောက်တစ်ရက် ချိန်းတတ်ကြသေးသည်။

ထိုအခက်အခဲကို ကိုယ်ချင်းစာသည့်အနေဖြင့် ကိုဝတုတ်က သူ့ဆီ စက်ဘီးလာပြင်သူများကို ပြင်နေကျဖြစ်ဖြစ်၊ မဖြစ်ဖြစ် မခွဲခြားဘဲ ဦးစာပေးသင့်သူကို ဦးစားပေး ပြင်ပေးသည်။ ပြင်ခကိုလည်း အတတ်နိုင်ဆုံးလျှော့ယူသည်။ ဘီးပေါက်လျှင် တစ်ပေါက်တစ်ထောင်နှင့် အခြားနေရာများတွင်ပေးရလျှင် ကိုဝတုတ်က တစ်ပေါက် ငါးရာသာယူ၍ ဖာပေးသည်။ ပစ္စည်းဝယ်လဲရလျှင်လည်း လက်ခကို သူများထက်အတတ်နိုင်ဆုံး လျှော့ယူသည်။

“ မင်းတို့က နေပူမရှောင်၊ မိုးရွာမရှောင် ပင်ပင်ပန်းပန်းနင်းနေရတာ မင်းတို့ဆီက ငါပိုမယူရက်ပါဘူးကွာ” ဟု သူ့ဆီ စက်ဘီးလာပြင်သည့် Delivery ပို့ဆောင်သူများကို ကိုဝတုတ် ပြောလေ့ရှိသည်။

အချို့ Delivery ပို့ဆောင်သူများဆိုလျှင် အော်ဒါက မပို့ရသေး စက်ဘီးပြင်စရိတ်က အရင်ထွက်လို့ တစ်နေ့တာလုပ်အားခ စက်ဘီးပြင်စရိတ် ဖြစ်ကြရသည်။ အစစအရာရာ ဈေး နှုန်းကြီးမြင့်နေသည့်အချိန်တွင် စက်ဘီးနှင့် ဆက်စပ်ပစ္စည်းများမှာလည်း ဈေးနှုန်းကြီးမြင့်လာမှုကြောင့် စက်ဘီးပျက်မှာကို Delivery ပို့ဆောင်သူများ စိုးရိမ်ကြသည်။ တစ်ခါပျက် လျှင် တစ်ခါဆိုသလောက် ကုန်ကျစရိတ်က များလှသည်။

စက်ဘီးနှင့်ဆက်စပ်ပစ္စည်း ဈေးများမှာလည်း ယခင်ထက် နှစ်ဆ၊ သုံးဆ ဈေးပိုကြီးလာသည်။ ယခင်နှစ်ထောင်တန်ပစ္စည်းတစ်ခုက ယခု ခြောက်ထောင်၊ ခုနှစ်ထောင် ပေးဝယ် နေရသည်။ ထို့အတွက်ကြောင့် စက်ဘီးစီးသူများအတွက် ဘီးပေါက်တာလောက် ပြဿနာမရှိလှသော်လည်း ပစ္စည်းတစ်ခုခု ဝယ်လဲရပြီဆိုလျှင် ကုန်ကျစရိတ်က များလှသည်။ စက်ဘီးကောင်းလျှင်ကောင်းသလို ဝယ်လဲရသည့်ပစ္စည်းကလည်း ဈေးကြီးသည်။

“ ကိုဝတုတ် ကျွန်တော်စက်ဘီး ကြည့်ပေးပါဦး”

“ မင်းစက်ဘီးက လဲရမှာတွေ များလှချည်းလား”

“ ဟုတ်တယ် အစ်ကိုရေ ကျွန်တော်လည်း မလဲနိုင်သေးလို့ ရသလောက် မှေးနင်းနေတာ။ အခုဘယ်လိုမှ မရတော့လို့ အစ်ကို့ဆီ ရောက်လာတာ”

“ အဲလို မလုပ်ရဘူးညီရ။ ပစ္စည်းက တစ်ခုပျက်ရင် တစ်ခုလဲတော့ သက်သာတာပေါ့။ အခုလို လဲရမှာတွေများတော့ မင်းကုန်ကျစရိတ်များတာပေါ့။ ပစ္စည်းဈေးတွေက အရင်လို မဟုတ်ဘူး ဈေးကြီးတယ်”

“ ကျွန်တော်လည်း သိပါတယ်။ ကိုဝတုတ် အဆင်ပြေသလိုသာ ကြည့်လုပ်ပေး’

“ ဒီလိုလုပ်ကွာ မင်းသက်သာအောင် ငါ့မှာရှိတဲ့ အဟောင်းထဲက ကောင်း‌တာလေးတွေ ထည့်ပေးမယ်။ မရှိတဲ့ဟာတော့ အသစ်ဝယ်ထည့်ပေါ့ ဟုတ်ပြီလား”

“ ဟုတ်အစ်ကို ကျေးဇူးပဲ”

စက်ဘီးလာပြင်သူ၏ အခက်အခဲကို မပြောလည်းသိနေသည့် ကိုဝတုတ်တစ်ယောက် အပြန်အလှန် အကျိုးပြုသူအချင်းချင်း ကိုယ်ချင်းစာတရားနှင့် စေတနာထားကာ ကုန်ကျ စရိတ် အသက်သာဆုံးဖြစ်အောင်ပြင်ပေးသည်။

တစ်ပါးသူအခက်အခဲကို သိသကဲ့သို့ ကိုဝတုတ်တစ်ယောက် ကိုယ့်အခက်အခဲကိုလည်း နားလည်သည်။ အလုပ်လေးအဆင်ပြေရုံရှိမည် ကြံကာရှိသေး ပြဿနာက ကိုဝတုတ် အတွက် နေရာအခက်အခဲပင်ဖြစ်သည်။

“ ကိုဝတုတ် နေရာပြောင်းသွားတာလား”

“ မဟုတ်ပါဘူးကွာ မိုးရွာလို့ ဒီဘက် ခဏရွေ့လာတာ”

“ မသိပါဘူး မတွေ့တော့ ဒီနေ့ နားတယ်ထင်လို့”

“ မနားပါဘူးကွာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝတွေ ဘယ်နားလို့ ဖြစ်မလဲ။ စက်ဘီးပြင်မလို့လား”

“ ဟုတ်တယ် အစ်ကို့မတွေ့လို့ ဟိုဘက်တောင် သွားတော့မလို့ အဲနားကပြောလို့ အစ်ကို ဒီဘက်မှာဆိုလို့ လိုက်လာတာ”

“ အေး ဟုတ်တယ် ခဏနေဟိုဘက် ပြန်ရွေ့မှာ အချိန်ရတယ်မလား ခဏစောင့် ဦး”

“ ရတယ်အစ်ကို အေးဆေး”

ပြောပြောဆိုဆိုနှင့် မိုးလည်းတိတ်ပြီမို့ ကိုဝတုတ်တစ်ယောက် ကားလမ်းတစ်ဖက်ရှိ စက်ဘီးပြင်နေကျနေရာသို့ ပစ္စည်းများသယ်ရင်း ရွေ့ရပြန်သည်။

ကိုဝတုတ် စက်ဘီးပြင်သည့်နေရာက ဆိုင်နှင့်ကနားနှင့်မဟုတ်၊ ကားလမ်းဘေး ပလပ်ဖောင်းနှင့် ရေမြောင်းပေါ် သစ်သားပြားခင်းကာ တာလပတ်မိုးပြီး ဝါးလုံးနှစ်လုံးနှင့် ထောက် ထားသည့်နေရာက သူစက်ဘီးပြင်သည့် နေရာဖြစ်သည်။ နံနက် ၈ နာရီထိုးပြီဆိုတာနှင့် စက်ဘီးပြင်သည့် ကိရိယာပစ္စည်းမျိုးစုံ ထည့်ထားသည့် လေးထောင့်စပ်စပ် ပုံးလေးကိုင်ပြီး စက်ဘီးပြင်ရာနေရာသို့ ကိုဝတုတ်ရောက်လာတတ်သည်။

ညနေဆို ပြင်စရာရှိလျှင် ရှိသလို ပြီးအောင်ပြင်ပေးပြီးမှ ပြန်သည်။ နောက်နေ့မှ လာခဲ့ဟူ၍ မချိန်းတတ်။ Delivery ပို့သူများဆိုလျှင် တစ်ခါတည်းပြီးအောင် ပြင်ပေးသည်။ နောက် နေ့ချိန်းလျှင် သူတို့လည်း အလုပ်ရှိသေးသည့်အတွက် အလုပ်ထိခိုက်မှာစိုးသည့် ကိုယ်ချင်းစာစိတ်ကြောင့် အတတ်နိုင်ဆုံး ပြီးအောင်ပြင်ပေးသည်။

မိုးရွာသည့်အချိန်မှသာ နေရာအခက်အခဲကြောင့် စက်ဘီးပြင်သူများ စောင့်ရသည်မှလွဲ၍ ကျန်အချိန်များတွင် တစ်ခါတည်းပြီးအောင် ပြင်ပေးသည်။ မိုးတွင်းဘက်ဖြစ်၍ မိုးရွာသည် က အဆန်းမဟုတ်သော်လည်း ကိုဝတုတ်အတွက် ဆန်းနေသည်။

ကိုဝတုတ် စက်ဘီးပြင်သည့်နေရာက ယခုနေရာနှင့်ဆိုလျှင် သုံးနေရာမြောက်ဟု ဆိုရမည်။ အရှေ့မှာ နှစ်နေရာလောက် အဆင်ပြေသလို နေရာလေးဦးပြီး စက်ဘီးပြင်ခဲ့ရသည်။ နွေ ဘက်ဆိုလျှင် သိပ်ပြဿနာမရှိလှသော်လည်း မိုးတွင်းဘက်ဆိုလျှင် အမိုးအကာမလုံမှုကြောင့် အခက်တွေ့ရသည်။ ယခုလည်း ကိုဝတုတ် စက်ဘီးပြင်သည့်နေရာ တာလပတ်အမိုး ဖြုတ်ထားရလေပြီ။

“ ကိုဝတုတ် တာလပတ်က ဖြုတ်ထားတာလား”

“ ဘယ်ကသာ တာလပတ်တွေ မမိုးရဘူးဆိုပြီး ဖြုတ်ခိုင်းထားလို့ဟေ့”

#ကိုပေါက်

#ယနေ့ခေတ်

တာလပတ်အမိုးလေး လုံရဲ့လား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်