တက်ဖို့ မစဉ်းစားနဲ့၊ ဆင်းဖို့သာ ပြင်

အိမ်မှာ စျေးဝယ်တစ်ပိုင်း အိမ်ရှင်မနေရာကို မမျှော်လင်ပဲ ပေးအပ်ခံရသည့် ကျနော်အဖို့ စျေးဝယ်ရသည်အကြောင်းကိုသာပြောနေလို့ ကျနော်နေ့စဉ် ကြုံနေရတာတွေကို သိပ်ပြည့် ပြည့်စုံစုံသိမည်မထင်။ မနက်စောစော ရုံးသွားရတာ၊ ရုံးဝန်းကျင်အကြောင်းလေးလည်း ပြောဦးမှဖြစ်မည်။ ဒါမှ ယနေ့ကာလအကြောင်း သိကြမည်။

တကယ်တော့ စျေးမဝယ်ရသည့်မနက်တွေ အိမ်ထောင်ထီးတွေဖြစ်နေသည့် ကျနော်တို့အဖို့ ပျော်စရာ။ ဥပမာပြောရလျှင် ယနေ့ ဆရာမစာမမေးဆိုသည့်နေ့တွေလို့ ပျော်ခြင်းမျိုး၊ စာကျက်ခိုင်းလိုက်သည့်ဆရာမ နေမကောင်းလို့ မလာသည့်အခါ ပျော်သည့်အပျော်မျိုး။ အလွန်စိတ်ချမ်းသာရသည်။

အဘယ်မျှ စိတ်မချမ်းသာပဲနေမလဲ။ စျေးထဲက ငြီးသံပေါင်းစုံနှင့် မတန်တဆတက်လာသည့် စျေးနူန်းများ၏အသံကို မကြားရသည်နှင့်ပင် စိတ်ချမ်းသာဖွယ်။ ထိုသို့သောနေ့မျိုးတွင် အရာရာသည် သာယာနေသည်။ ထိုသို့သောနေ့မျိုးဆို မနက်စောစော လိုင်းကားစီးကာ ရုံးသို့စောစောသွားပြီး မနက်စောစော မြို့ထဲသဝေထိုးနေတော့သည်။

ဒီရက်ပိုင်း လောင်စာဆီ၊ ဓာတ်ဆီအခက်အခဲကြောင့် လမ်းမပေါ် ကိုယ်ပိုင်ကားတွေရှင်းနေသည်။ တက္ကစီကတော့ ရှိသော်လည်းရှားသဖြင့် လုယက်ငှားနေရသည်ကို တွေ့ရသည်။ ယခင်လို ပေါပေါများများမတွေ့ရ။ လိုင်းကားတွေကတော့ စီအန်ဂျီကားတွေဆိုသော်လည်း မီးပြတ်တာမှန်နေတော့ ကားတစ်စီးလာပြီဆို လူတွေအပြည့်။ ယခင်လို ချောင်ချောင်ချိ ချိဆိုတာ ရာဇဝင်ထဲရောက်သွားပြီ။ ဒီတော့ မနက် ၇ နာရီလောက်ထွက်စီးလျှင် အသင့်အတင့် ကားချောင်သေးသည်။ လှည်းတန်း၊ စိုက်ပျိုးရေးလောက်ဆို နေရာရပြီ။ ဒီလိုမဟုတ်ပဲ ၇ နာရီခွဲ ၈နာရီဆိုလျှင် စောစောကပြောသလို တိုးဝှေ့စီးကြပေတော့။

ဒီလိုလူကျပ်ရသည်ထဲ အုပ်စုလိုက်တက်လာသည့် ခါးပိုက်နှိုက်တွေရန်ကလည်း ရှိသေးသည်။ တစ်ခါသော် ကျနော်အနား ခါးပိုက်နှိုက်များ နှိုက်ဖို့ကြံတာ ကြုံရသည်။ ကျနော်အနား ခါးပိုက်နှိုက်များ အထင်ကြီးပြီးကပ်လာချိန် ကျနော်က သူတိုမြင်အောင် ပိုက်ဆံအိတ်နှင့် ကီးပတ်ဖုန်းကိုထုတ်ပြီး အိတ်ထဲက တစ်ရာတန် နှစ်ရာတန်များကို မြင်အောင်ပြလိုက်သည်။ ခါးပိုက်နှိုက်များလည်း ဒီကောင်ဘိုင်ကောင်ဆိုပြီး ကျနော်နားကနေ ခွာသွားကြသည်။ လိုင်းကားပေါ်မှာက ဒီလိုအဖြစ်တွေရှိသည်။ တစ်ခါတစ်လေ ခါးပိုက်နှိုက်ခံရသဖြင့် ငိုကြယိုကြ၊ ရန်ဖြစ်ကြတာလည်း ကြုံရသည်။ ကျနော်ကတော့ ခါးပိုက်နှိုက်တွေ ရန်ပြုလာလျှင် ပေးလိုက်မည်ဟု စိတ်ကပိုင်းဖြတ်ထားရသည်။ အဘယ်ကြောင့်ဆို သူတို့က အုပ်လိုက်။ ကိုယ် က ငါးဆယ်ကျော်သက်ကြီးပိုင်း။ ဘာမဟုတ်သည့် ပိုက်ဆံလေး ငါးထောင်၊ တစ်သောင်းဝန်းကျင်နှင့် ကိုယ်အသက်ရန်ရှာသွားရင် ဘယ်လိုလုပ်မလဲ။ ဖြစ်လာရင် ဘယ်သူမှဝင်ကူ သည့်ခေတ်မဟုတ်။

ပြီးခဲ့သည့် သုံးလေးနှစ်တုန်းကတော့ ဒီလိုခါးပိုက်နှိုက်တွေကို သူတပြန်ကိုယ်တပြန် ပြန်ခုခံလို့ရသေးသည်။ ပြီးတော့ ဆွမ်းကြီးဝိုင်းလောင်းကြမည့် လူတွေနှင့်။ ဒီတော့ ခါးပိုက်နှိုက် တွေ ဒီလောက်လဲ အတင့်မရဲသေး။ အခုတော့ သူတို့ခေတ်။ ကားပေါ် သူတို့အုပ်စုတွေ တက်လာပြီဆို ကားသမားက “ကိုယ်ဖုန်း ကိုယ်ပိုက်ဆံအိတ် သတိထားနော်။ ပါသွားမှ ရဲစခန်း မောင်းပေးမှာ မဟုတ်ဘူး။” ဟု သတိပေးသည်။ ဒီလိုဆို သိပေတော့။ ကားပေါ် တစ်အုပ်တစ်မကြီး ပါလာပြီဆိုတာ။ ခါးပိုက်နှိုက်တွေကို မြင်ရဖန်များသဖြင့် တစ်ခါတစ်လေ ခါးပိုက် နှိုက်တွေနှင့်ကိုယ့်မှာ မျက်မှန်းတောင်တန်းမိလို့။

ဒီတော့ အန္တရာယ်ကင်း၊ ရန်ရှင်း မနက်စောစောအလုပ်သွားတာ အကောင်းဆုံးဖြစ်သည်။ မနက်စောစောသွားလျှင် ဟံသာဝတီလောက်ကစပြီး နေရာရသဖြင့် ချောင်ချောင်ချိချိဖြင့် မြေနီကုန်းတံတားအဖြတ်ကနေ ရွှေတိဂုံကိုအာရုံပြုကာ ပြည်သူရင်ပြင်အရောက် ဘုရားဦးချနိုင်သည်။ လိုင်းကားက ၁၅ လမ်း၊ လသာ၊ သိမ်ကြီးစျေးထိရောက်သဖြင့် ထိုနေရာမှ အလုပ်ထိလမ်းလျှောက်ကာ မနက်စောစော ဟိုတွေးဒီတွေးဖြင့် ခြောက်သွေ့နေသည့် ရန်ကုန်မြို့မနက်ခင်းကို ရှုစားနိုင်သည်။ ဒီလိုမျိုးဖြင့် မနက်ဘက် အလုပ်စောစောသွားရခြင်းကို ကျနော်နှစ်သက်ခြင်းဖြစ်သည်။

ယခင်ကဆို မနက်ဘက်မြိုထဲရောက်မှ ကော်ဖီသောက်သည်။ လမ်းထဲမှာက လူမစုံ။ မြိုထဲလမ်းပလက်ဖောင်းမှာ လူရှင်းနေချိန် မြစ်ဘက်ကတိုက်လာသည့် မနက်လေပြေနှင့် ကော် ဖီတစ်ခွက်သောက်ရတဲ့အရသာက မလဲနိုင်။ ယခု ဒီလိုပုံမှန်သောက်မည်ဆို အသုံးလျော့ရမည်။ ပုံမှန်အားဖြင့် ကော်ဖီပလိန်းသောက်သည့်အခါ စီးကရက်တစ်လိပ်ဖွာရင်းသောက်ရမှ အာသာပြေသည်။ ယခုတော့ ဆေးလိပ်ကို ဖြတ်လိုက်ရသည်။ ကော်ဖီပလိန်းက တစ်ခွက်ကိုခြောက်ရာ။ ဒါတောင် ဖျော်ပြီးသားလာချခြင်းဖြစ်ရာ ကော်ဖီမစ်နှစ်ထုပ်ကို သုံးခွက်ရ အောင် ဖျော်တာနှင့်တိုးလျှင် ကျနော်တို့မှာ ကော်ဖီမစ်တောင် လစ်မစ်မပြည်။ ခေတ်ကိုက ပြည့်ပြည့်ဝဝမရသည့် ခေတ်ဖြစ်သည်။

ဒါမျိုးမကြုံချင်လျှင် အိမ်ကနေ ကော်ဖီမစ်တစ်ထုပ် ရုံးကိုယူသွား။ ဟိုရောက်မှ ရေနွေးကြိုကာသောက်။ ဒီတော့ လဘက်ရည်ဆိုင်ထိုင်ဖြစ်တာ အတော်နည်းသွားသည်။ ယနေ့မနက် တော့ အိမ်ကနေ အဆာပြေမစားလာသဖြင့် လမ်း ၃၀ အောက်ဘလောက်က အသုပ်ဆိုင်မှာ ဝင်စားဖြစ်သည်။ အသုပ်က အရင်ကဆို တစ်ပွဲ ငါးရာ။ ငါးရာကနေ နောက် ရှစ်ရာဖြစ် လာ၊ ရှစ်ရာကနေ ယခုထောင့်တစ်ရာ။ ဒါတွေက အကြော်မပါ အလွတ်စျေးဖြစ်သည်။ အကြော်တွေ၊ ငါးဖယ်တွေ ပါလျှင်တော့ ဒီထက်ပိုများသွားမည်။ ကျနော်ကတော့ အသုပ်အ လွတ်တစ်ပွဲမှာ ထမင်းဖြူ သုံးရာဖိုးနှင့်ဆို ငွေထောင့်လေးရာဖြင့် မနက်စာလွတ်ပြီ။

ဒီနေ့တော့ ကျနော်လည်း စျေးမဝယ်ရသဖြင့် မနက်စောစောထွက်ဖြစ်သည်။ အခန့်သင့်တော့ စီးမိသည့်လိုင်းကားက နောက်တစ်ခေါက် ရုံးချိန်မီအောင် ပြန်ဆင်းဖို့အတွက် အသား ကုန်မောင်းလေတော့ မြိုထဲကို နာရီဝက်တောင်မကြာလိုက်။ မြို့ထဲရောက်တော့ ခုနှစ်နာရီကျော်ကျော်သာရှိသေး။ သိမ်ကြီးစျေး၊ ကုန်စျေးတန်း၊ မဂိုလမ်းဖြတ်ပြီး အသုပ်ဆိုင်သို့ ရောက်တော့ ဆိုင်မှာ လူကသိပ်မရှိသေး။

ဆိုင်မှာ အသုပ်မှာပြီးထိုင်စားနေစဉ် အသက်ခြောက်ဆယ်ကျော် မယ်သီလရှင်နှစ်ပါး ရောက်လာကာ ကျနော်ရှေ့ကခုံမှာ လာထိုင်ပြီး အသုပ်မှာသည်။ အသုပ်ဆိုင်ရှင်နှင့် ထိုမယ်သီ လရှင်နှစ်ပါးမှာ ရင်းနှီးပုံရသည်။ အသုပ်စားနေရင်း မယ်သီလရှင်ဆီက ရာတန်၊ တစ်ထောင်တန်အကြွေတွေ ဆိုင်ရှင်က လဲယူသည်။ ထိုသို့လဲယူရင်း အသုပ်ဖိုးပါ ယူထားလိုက်မယ် ဟု ပြောသည်။ ထို့နောက် ဆိုင်ရှင်က မယ်သီလရှင်နှစ်ပါးကို တစ်သောင်းတန်အချို့နှင့် အကြွေအချို့ ပြန်ပေးသည်။ ကျနော်လည်း ဘာရယ်မဟုတ် ထိုအလဲအလှယ်ကို ကြည့်နေမိ သည်။ မယ်သီလရှင်က ဆိုင်ရှင်ပြန်ပေးသည့် ငွေကိုရေတွက်ရင်း လိုနေသေးဟန်ဖြင့်

“ဒကာလေး အသုပ်တစ်ပွဲက ဘယ်လောက်ဖြစ်သွားပြီလဲ” ဟု မေးသည်။

ထိုအခါ ဆိုင်ရှင်က “အလွတ်ထောင့်တစ်ရာ၊ အကြော်နဲ့ ငါးဖယ်နဲ့ဆို ထောင့်ရှစ်ရာလေ” ဟု ပြောသည်။

မယ်သီလရှင်က “ဟိုတစ်ခါစားတုန်းက ထောင့်ငါးရာလေ။ ဘာကြာသေးလို့လဲ တစ်လတောင် မကြာသေးဘူး” လို့ မကျေမနပ်ဆိုသည်။

ဆိုင်ရှင်က “ဟုတ်တယ်ဆရာလေးရေ ကျမတို့လည်း မတက်ခြင်ပါဘူး။ ကုန်စျေးနူန်းတွေက အတက်ချည်းဆိုတော့ မတက်လို့မရတော့ဘူး။ အခုအကြော်တောင် မနက်ဖြန်ကစပြီး စျေးတက်ရတော့မယ်” ဟု ပြောသည်။

ထိုအခါ မယ်သီလရှင်ကြီးက “အေး တက်ဖို့သာ စဉ်းစားနေ၊ ဆင်းဖို့လည်း ပြင်ကြဦး။ လူတွေလည်း ကျပ်သပ်နေပြီ” ဟု ပြောလေသည်။

ကျနော်မှာ အသုပ်စားရင်း ရယ်မိတာ မျက်ရည်ပါထွက်လေသည်။

#သန့်စင်

#ယနေ့ခေတ်

တက်ဖို့ မစဉ်းစားနဲ့၊ ဆင်းဖို့သာ ပြင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်