စျေးဝယ်… စျေးသည်… ဝဋ်ကြွေးရယ်

သန့်စင်

ယနေ့မနက် စျေးသွားရသည်။ တစ်ပတ်ကို သုံးလေးခါ၊ လမ်းထဲကကုန်စုံဆိုင်မှာ လိုရင်လိုသလို ထွက်ဝယ်ပေးနေရတော့ ကိုယ်ကိုယ်ကို အိမ်ထောင်ဦးစီးလား၊ ကလေးလားဆိုတာ မကွဲတော့။ အိမ်က မရွှေချောကတော့ ကိုဗစ်ကတည်းက အိမ်မှာလက်တိုလက်တောင်း အပြင်စျေးထွက်ဝယ်ရတဲ့တာဝန်ကို ကျနော်အားလွှဲပြီးကတည်းက ဘာပဲလိုလို လမ်းထဲ ထွက်ဝယ်ဖို့တောင် စိတ်ကူးမရှိတော့။ အလုပ်ကနေ အိမ်ပြန်မရောက်ခင်ကပင် ဖုန်းနှင့် စျေးလမ်းမှာသည်။ အိမ်အပြန်တစ်ခါတည်း ငါးစျေးပေါရင်ဝယ်ခဲ့ပါတို့၊ အရည်သောက် လေးအတွက် အရွက်တစ်ခုခုဝယ်ခဲ့ပါဦးတို့နှင့်။ အလုပ်ကအပြန် အမြဲမဟုတ်တောင် စျေးဝယ်ရလေ့ရှိတော့ စျေးနှင့်ကိုယ်မှာ တသားတည်းဖြစ်နေတတ်သည်။

မနက်ဆို လမ်းထဲကစျေး၊ ညနေဆို ကားလမ်းဘေးရှိ ညစျေးလေးနှင့် စျေးနှစ်စျေးနှင့်ကျနော် တစ်ရက်တစ်ရက် လုံးလည်ချာလည်လိုက်နေတတ်သည်။ စျေးဝယ်ရတာ နှစ်ချီပြီး ကြာလာသည့်အခါ စျေးပါး၀လာသလို စျေးတက်ခြင်းနှင့် စျေးကြီးခြင်းက စျေးဝယ်သူများအတွက် အထူးအဆန်းမဟုတ်တော့။ စျေးကျသည်ဆိုခြင်းကသာ စျေးသည်တွေ စျေး ဝယ်တွေအတွက် အထူးအဆန်း။

ဒီရက်ပိုင်း စျေးတွေကအတန့်မရှိ။ အတက်ချည်းသာ။ အိမ်သူက ဖေ့စ်ဘွတ်ကြည့်တော့။ ဒီရက်ပိုင်းအင်ဥဆိုတာ ခေတ်ထနေတာမြင်တော့ အင်ဥလေးတွေ့ရင် ဝယ်ဖို့ပြောသည်။ ည ကရုံးအပြန် တောသည်လို့ခေါ်သည့် မြောင်းတကာသည်ဆီကိုကြည့်တော့ အင်ဥက သူတိုဆီမှာမရ။ မနက်စျေးမှာတော့ ရှိနိုင်မည်ဟုဆိုသည်။ သူတို့ပြောသည့် မနက်စျေးဆိုသည် မှာ စျေးကြီးကိုပြောခြင်းဖြစ်သည်။ ကျနော်နေရာမြို့နယ်ရှိ တစ်ခုတည်းသော တရားဝင်စျေးကို စျေးကြီးဟုခေါ်သည်။ ထိုစျေးကြီးကို သွားရှာဝယ်ရမည်ဆို ကျနော်ရုံးချိန်မီမည်မ ဟုတ်။ ထို့ကြောင့် လမ်းထဲက တောသည်တွေဆီမှာ ရှိနိုင်မည်ဟုတွေးကာ မနက်စောစောထမိသည်။ အမေကလည်း ငယ်ငယ်တုန်းကစားခဲ့ရတဲ့  အင်ဥဆီပြန်လေးအကြောင်းကို ပြောသည့်အခါ အင်ဥရဖို့က မဖြစ်မနေဖြစ်လာသည်။

ငယ်ငယ်ကတော့ အင်ဥဆိုတာ ဘာမှန်းမသိ။ အမေက အူစုံဆိုပြီး ညာကျွေးတာသာမှတ်မိသည်။ စားရတာ အသားတွေလိုမဟုတ် စိမ့်သည်။ သို့သော် ထုတ်ထုတ်ထုတ်ထုတ်နှင့်။ မကျည်းရွက်နှင့် အချည်ဆီပြန်ချက်ကတော့ ငယ်ငယ်တုန်းက အမေချက်ကျွေးလို့ စားခဲ့ရသည်။ အခု အင်ဥအချဉ်ဆီပြန်လေး အမေစားချင်သည်ဆိုတော့ အင်ဥရအောင် ကျနော် ရှာဝယ်ရမည်။

မနက်စျေးကို စောစောရောက်တော့ တောသည်တွေမရောက်သေး။ ဝယ်စရာအချို့ဝယ်ပြီးသည်နှင့် တောသည်တွေရောက်သည်အထိ လဘက်ရည်ဆိုင်ကနေစောင့်မည်ဟု စဉ်းစား လိုက်သည်။ စျေးထိပ်လဘက်ရည်ဆိုင်က မနက်စောစောဆို စျေးသည်တွေကို ပါဆယ်လိုက်ပို့ရသဖြင့် စားပွဲထိုးတွေမအားတာများသည်။ မအားဆို စားပွဲထိုးကတစ်ယောက်တည်း။ ဆိုင်ရှင်လည်း အကုန်အကျသက်သာအောင် ဝိတ်ရှော့သည်အထဲ စားပွဲထိုးပါလူလျော့ချလိုက်တော့ မနက်အစောကြီး လဘက်ရည်ဆိုင်ထိုင်လျှင် အတော်စိတ်ရှည်ရသည်။ လဘက်ရည်နှင့် အီကြာကွေးမှာပါက တစ်ခုနှင့်တစ်ခုကြား နာရီဝက်လောက်စောင့်ရသည်။ ဒါတောင် လူမကျသည့်အချိန်။ လူကျလျှင် ဆိုင်ရှင်က မိသားစုအကုန်ထုတ်ကာ စားပွဲ ထိုးလုပ်ခိုင်းတတ်သည်။ ထို့ကြောင့် မနက်ဘက်လဘက်ရည်ဆိုင်ထိုင်လျှင် မုန်ဟင်းခါးဆိုင်ကနေ မုန့်ဟင်းခါးတစ်ပွဲမှာ၊ မုန်ဟင်းခါးကုန်သည်နှင့် စားပွဲထိုးက လဘက်ရည်၊ အီကြာ ကွေးလာအချ၊ ကွက်တိဖြစ်သည်။  

မုန့်ဟင်းခါးက ဒီရက်ပိုင်းမိုးအေးတော့ ဆိုင်မှာလူစည်နေသည်။ သို့သော် ဟိုးယခင်ကလိုတော့ အုံနေခြင်းမျိုးမဟုတ်။ ယခင်ကတော့ ဆိုင်မှာလူခွဲတွေထားရသည်။ ဒီတော့ လူများ နေလျှင် ကလေးတွေကျောင်းမမီမှာစိုးသဖြင့် ကျနော်တို့လူကြီးတွေက ကျောင်းသမားကလေးတွေကို  ဦးစားပေးရသည်။ ယခုကလေးတွေက ပိုက်ဆံရှိတဲ့သူ တတ်နိုင်တဲ့သူက အ ပြင်ကျောင်းထားပြီး မတတ်နိုင်တဲ့သူက ခေတ်အခြေအနေအရ လုပ်ငန်းခွင်ထဲထည့်သဖြင့်  မုန့်ဟင်းခါးဝယ်ဝယ် အသုတ်ဝယ်ဝယ် ကလေးတွေ ယခင်လိုကျောင်းစိမ်းနှင့်လာဝယ် တာ သိပ်မတွေ့ရ။ ဒီတော့ ဘယ်လောက်လူစည်စည် မုန်ဟင်းခါးတစ်ပွဲမှာလိုက်တာနှင့် မကြာမီရသည်။

ကျနော်လက်ရှိထိုင်နေသည့် လဘက်ရည်ဆိုင်မှာ ရွာထိပ်ကကင်းတဲလို လူစုံသည်။ တခဏလောက်ထိုင်လိုက်တာနှင့် လမ်းထဲ၊ စျေးထဲကအကြောင်း အစုံသိရသည်။ လဘက်ရည် ဆိုင်မှာထိုင်လို့ မသိရဘူးဆိုလျှင်လည်း သိပ်စိတ်မပူနှင့်။ ပြဿနာအတော်များများက လဘက်ရည်ဆိုင်မှာ လာရှင်းကြသည်ဆိုတော့ မသိရဖို့မပူနှင့်။ ယခုတလောလူတွေကျပ် တည်းမှုက မခံစားနိုင်လောက်အောင် ကျပ်တည်းနေကြသည်။ အမေ ညကပြောသည်။ အမျိုးထဲမှတစ်ယောက် ဒုက္ခအတော်ရောက်နေကြောင်း၊ သားသမီးတွေအလုပ်မရှိတော့ သဖြင့် စားဖို့တောင်အနိုင်နိုင်ဖြစ်နေကြောင်း ဆိုသည်။ အိမ်မှာကလည်း ကျနော်တစ်ယောက်သာဝင်ငွေရှိသည်။ ငွေထောက်ရအောင် ကိုယ်တောင်အပိုမသုံးနိုင်။ ပြောရလျှင် တောင်မင်း မြောက်မင်းမကယ်နိုင်သလို ယခုမှ သူ့ကိုယ်မကယ်နိုင်၊ ကိုယ့်သူမကယ်နိုင်အချိန်ကိုရောက်နေသည်။ သို့သော် ဆွေမျိုးဆိုတော့ မျက်စိမှိတ်ထားလို့ကလည်းမဖြစ်။ ထို့ကြောင့် အမေစိတ်ချမ်းသာအောင် ဒီနေ့ ကေပေးကနေ ငွေနှစ်သောင်းလွှဲပေးလိုက်မည်ဟု အမေကိုပြောခဲ့သည်။

ယခုလည်း လဘက်ရည်ဆိုင်မှာ စျေးသည်နှစ်ယောက် လဘက်ရည်သောက်ရင်းပြောနေကြတာ ငွေကျပ်တည်းတဲ့ကိစ္စ။ လဘက်ရည်သောက်ရင်း သူတို့ပြောနေတာတွေကို တစ် ဘက်၀ိုင်းမှာထိုင်နေသည့်ကျနော်မှာ အာရုံစိုက်နားထောင်စရာမလိုဘဲ ကြားနေရသည်။ သူတို့ပြောနေသည်က နေ့ပြန်တိုးပေးရတာ မနိုင်တော့သဖြင့် အခက်တွေ့ကာ နောက်ထပ်နေ့ ပြန်တိုးပေးမယ့်သူကို ချိတ်ပေးဖို့ ပြောနေကြခြင်းဖြစ်သည်။ လူလဲရှင်း အချိန်လည်းစောနေသဖြင့် အင်ဥသည်ကိုစောင့်ရင်း သူတို့ပြောတာ ကျနော်နားထောင်မိသည်။

ယခုလည်း လဘက်ရည်ဆိုင်မှာ စျေးသည်နှစ်ယောက် လဘက်ရည်သောက်ရင်းပြောနေကြတာ ငွေကျပ်တည်းတဲ့ကိစ္စ။ လဘက်ရည်သောက်ရင်း သူတို့ပြောနေတာတွေကို တစ် ဘက်၀ိုင်းမှာထိုင်နေသည့်ကျနော်မှာ အာရုံစိုက်နားထောင်စရာမလိုဘဲ ကြားနေရသည်။ သူတို့ပြောနေသည်က နေ့ပြန်တိုးပေးရတာ မနိုင်တော့သဖြင့် အခက်တွေ့ကာ…”

သူတို့ဖြစ်နေသည်က နေ့ပြန်တိုးဖြင့်ပိကာ အရင်းပြုတ်မတတ်ဖြစ်နေသည့် ကိစ္စဖြစ်သည်။ ဒီကြားထဲ နှစ်လုံးဖိုးဆိုတာကလည်းပါသေးသည်။ နှစ်လုံးပေါက်လျှင် ခဏတော့အသက် ရှုချောင်မယ်ဆိုတာလည်းပါသည်။ နေ့ပြန်ဆိုတာက တစ်ရာကို ၃၅ ကျပ်တိုးဖြစ်ပြီး ဆယ်ရက်နှင့်ကြေအောင်ဆပ်ရသည်။ အရင်ကတော့ ၂၅ ကျပ်တိုးဖြစ်သည်။ စချေးသည့်နေ့ တွင်ပေးရမည့်အတိုးကို ဖြတ်ယူထားသဖြင့် တစ်ရာလျှင် ၆၅ ကျပ်သာရပြီး တစ်ရက်ကို တစ်ရာချေးလျှင် တစ်ဆယ်နူန်းဖြင့် ပြန်ဆပ်ကြရခြင်းဖြစ်ကာ စျေးသည်တွေမှာ နာလံမထူ။ ဒီကြားထဲ ဘာဖြစ်လို့စျေးမရောင်းရ၊ စျေးမထွက်ရ၊ အတင်းသိမ်းခိုင်းတာ၊ ဖမ်းတာဆီးတာရှိပါက ထိုစျေးသည်မှာအရင်းပြုတ်တော့သည်။ သည်တော့ အရင်းရဖို့ နောက်တနေရာ ကနေ ငွေထပ်ချေး။ ဒီလိုနှင့် အကြွေးပတ်လည်နှင့် မဆပ်နိုင်သဖြင့် ကြွေးရှင်လာလျှင် စျေးဗန်းထားပြီး ပုန်းနေရသည့် စျေးသည်တွေများလာသည်။ ဒါကိုဘဲ သူတို့က မြန်မာပီပီ အ ပူကိုဟာသလုပ်ကာ ပြောနေသည်က ကြားရသူအဖို့ မချိစရာ။

“ကြွေးထူတော့ မပူ” ဆိုသည်စကားကို အရင်ကကြားတော့ကြားဖူးသည်။ ယခုတော့ ဒီစျေးသည်တွေကိုကြည့်ပြီး သေသေချာချာ ကျနော်နားလည်လာသည်။ ဘာကြောင့် ထပ်ပြီး မပူတော့သလဲဆိုသည်ကို။ အပူတွေများလွန်းလို့ လူတွေဘာကြောင့် ထုံသွားသလဲဆိုသည်ကို။   

တကယ်တော့ ဘ၀ဒုက္ခတွေနှင့် စားဝတ်နေရေးအခက်အခဲတွေကြောင့် လူတွေထွက်ပေါက်မဲ့သွားသည့်အခါ ထွက်ပေါက်မဲ့သူအချင်းချင်း သောကကိုရယ်စရာလုပ်ပြောကြသည်က ယနေ့ခေတ်၏ သရုပ်သကန်ပင်ဖြစ်နေသည်။

ကျနော်တို့လည်း သူတို့နှင့်ဘာထူးသနည်း။ ကြုံလာသည့် ကျပ်တည်းမှုပေါင်းစုံကို ဟာသလုပ်ပြီး မျိုချခဲ့ရသည်မှာ ကျနော့်အသက်မကတော့။ ယခုကျနော်အသက် ၅၀ ကျော်။ ဒီလို အဖြစ်တွေ ကြားလည်းမကြားချင်၊ ကြုံလည်း မကြုံချင်တော့။ 

လဘက်ရည်ဆိုင်ကထပြီး စျေးထဲမှာ အင်ဥဝယ်သည်။ အင်ဥတစ်ဗူးကို ၁၇၀၀ ဟုဆိုသည်။ စျေးသည်မှာ တောင်ကြည့်မြောက်ကြည့်နှင့်။ နေ့ပြန်တိုးသမားလာမှာကို ကြည့်နေသည် လား၊ အဖမ်းအဆီးလာမှာကို ကြည့်နေသည်လား။ ကျနော်မသိချင်တော့။ ‌စျေးလည်းမဆစ်ချင်တော့။ အင်ဥနှစ်ဗူးကို လေးထောင်ပေးပြီး အိမ်ပြန်ခဲ့သည်။ နိုင်သမျှကူညီမှုဖြင့်။

အင်း..သူတို့တွေလည်း ဒီဝဋ်တွေမှ ကျွတ်ပါစေ..။ ငါတိုလည်း ဒီဝဋ်တွေမှ ကျွတ်ပါစေ..ဟု။

#သန့်စင်

#ယနေ့ခေတ်

စျေးဝယ်… စျေးသည်… ဝဋ်ကြွေးရယ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်