စျေး…တောင်ကုန်း

သန့်စင်

မနက်တိုင်း အိပ်ယာထသည့်အခါ ပထမဆုံးတွေးမိသည်က စျေးသွားရင် ဘာဝယ်ရမနည်းဆိုသော အတွေးဖြစ်သည်။ အစတုန်းကတော့ အိမ်မှာ စျေးဝယ်သည်က ဇနီးသည်တာဝန် ဖြစ်သည်။ နောက် ကိုဗစ်တွေဘာတွေဖြစ်ကြတော့ ကျနော်စျေးထွက်ဝယ်ပေးရသည်။ ထိုကတည်းက စျေးဝယ်သည့်အာဏာကို မိန်းမကကျနော့်ကိုအပြီးလွှဲသလို ပြန်လည်းမသိမ်း တော့။ တကယ်ကို စိတ်ပြတ်စွာ စျေးဝယ်ခြင်းအာဏာကို ကျနော်ထံ အာဏာကုန်လွှဲသလို ဘဏ္ဍာငွေရှာဖွေခြင်း၊ အသုံးစရိတ်ရှာဖွေခြင်းကိုလည်း ဝင်မစွက်တော့။ သူ့တာဝန်က လို အပ်သည်ကိုမှာပြီး မပါလာရင် ပြဿနာရှာသည့် အိမ်ထဲရေးတာဝန်နှင့် အသုံးစရိတ်ကိုတင်သည့် ဘတ်ဂျက်တိုးတောင်းသည့် တာဝန်ကိုသာ အပြည့်အ၀တာဝန်ယူသည်။ ထို့ကြောင့် အိမ်တွင်မြင့်တက်လာသော ကုန်စျေးနူန်းများနှင့်အပြိုင် သောကမြင့်တက်လာရသူမှာ မိန်းမအစားကျနော်ဖြစ်လာသာည်မှာ သုံးနှစ်‌ကျော် လေးနှစ်ထဲဝင်လေပြီ ။

ဒီတော့ မနက်ဆို လမ်းထဲကစျေးလေးမှာ စျေးဝယ်ရသည်တာဝန်က ကျနော့်တာဝန်ဖြစ်လာသည်။ စျေးဝယ်ရသည့်သက်တမ်း လေးနှစ်ထဲဝင်လာသည့်အခါ စျေးပါး၀လာသည်။ ဘယ်သူက စျေးမှန်သည်၊ ဘယ်သူက လစ်ရင်လစ်သလို စျေးတင်သည်။ ဘယ်သူကတော့ လတ်ဆတ်တာရသည်။ ဘယ်သူကတော့ မနေ့က မကုန်တာကို ပြန်ရောင်းလေ့ရှိသည်ကို သိလာသည်။ အထူးသဖြင့် ဖေ့စ်ဘွတ်တွေဖတ်ပြီး ကုန်စျေးနူန်းအမှန်ကို ငါဘဲသိသည်ဆိုသည့် ဆရာကြီးများထဲ ကျနော်မပါတော့။ တကယ်တော့ စျေးမှန်ဆိုသည်မှာ စျေးထဲသွားမှ သိနိုင်ပြီး ဘယ်လောက်ဘဲ တရားဝင်သည်ပြောပြော ထိုစျေးနှင့် ဘယ်တော့မှမရတတ်သည်ကိုလည်း သိလာသည်။ ဖေ့စ်ဘွတ်ပေါ်တွင် ငါးတစ်ပိဿာဘယ်စျေးဆိုသည်မှာ အတည် ယူလို့မရမှန်း စျေးသက်တစ်နှစ်ကျော်လာကတည်းက သိလာခဲ့သည်။ တကယ်တမ်းက စျေးသက်သက်သာသာလိုချင်ပါက ညနေစျေးကွဲချိန်မှာသာဝယ်မှဖြစ်မည်။ မနက်ပိုင်းစျေး ရောင်းရသည့်အချိန်တွင်တော့ စျေးနှုန်းများမှာ တာ၀တိံသာနှင့် နင်လားငါလား အပြိုင်ရောက်နေသည်ကို မြင်ရမည်ဖြစ်သည်။

ယခုစျေးထဲမှာ ဘယ်စျေးရှိနေပြီလဲ။ ငါးမြစ်ချင်း ၁၄၀၀-၁၅၀၀ ကျပ်၊ ငါးကြင်း ၁၈၀၀၊ အမဲသား ၁၆၀၀၊ ကြက်သားက စီပီက ၁၅၀၀၊ ဗမာကြက်က ၂၀၀၀၊ ဆိတ်သားက ၃၀၀၀၊  ဒါတွေက ပိဿာလိုက်စျေးတွေမဟုတ်။ တစ်ဆယ်သားစျေးတွေ။ ဆန်ဆိုလည်း ရွှေဘိုထိပ်စဆို တစ်ပြည်ကို ၅၅၀၀ ကျပ်၊ အိတ်လိုက်ဆို တစ်သိန်းနှစ်သောင်း။ ဒါတွေက လဆန်း ပိုင်းစျေး။ ဆီဆိုလည်း ပဲဆီဆို တစ်ပိဿာကို ၁၅၀၀၀ ကျပ်၊ စားအုန်းဆီက ၈၅၀၀။ ဒီတော့ စျေးသွားခြင်းဆိုသည်မှာ ဆယ်တန်းစာမေးပွဲဖြေသူလို့ ရင်တုန်စရာ။ ဘာတွေမေးပြီး ငါကျက်တာနဲ့ ဖြေနိုင်ပါ့မလားဆိုသလိုမျိုး ငါ့မှာပါတဲ့ပိုက်ဆံနဲ့ လိုချင်တာဝယ်ရောဝယ်နိုင်ပါ့မလားဆိုတာ နေ့တိုင်းဖြစ်နေရသည့် စျေးဝယ်သူများ၏ သောကဖြစ်သည်။

စျေးတက်လား၊ မတက်လားကို စျေးထဲမဝင်ခင် စျေးလိမ်းထိပ်ရှိ လဘက်ရည်ဆိုင်မှာပင် မြင်နိုင်သည်။ လဘက်ရည်ဆိုင်တွင် လဘက်ရည်ထိုင်သောက်က ၈၀၀ ကျပ်၊ ပါဆယ်ဆို ၁၁၀၀။ ကော်ဖီမစ်ပလိန်းက ၅၀၀။ မုန့်ဟင်းခါးဆို ၈၀၀-၁၀၀၀။ အကြော်နဲ့ဆို ၁၀၀၀ -၁၂၀၀။  အီကြာကွေးက တစ်ချောင်း ၄၀၀။ စမူဆာက ၃၀၀။ ဒီလိုစျေးတွေကြားထဲ ကျနော့် လစာမှာ ပြီးခဲ့သောနှစ်ကုန်ကမှ ၂၀၂၀ တုန်းကပေးခဲ့သည့် မူလလစာကိုပြန်ရသည်။ သို့သော် ကုန်စျေးနူန်းက ၂၀၂၀ တုန်းကလို မဟုတ်တော့။ ဒီတော့ မနက်စောစော စျေးသွားဖို့ အိမ်မှာကျနော် ဝေ့လည်ကြောင်ပတ်လုပ်ရတာက မူလတန်းကျောင်းသားတစ်ယောက် ကျောင်းတက်ဖို့ အီလေးဆွဲနေသလိုပင်။  မသွားချင်၊ သွားချင် ဖြစ်နေလေသည်။

ကျနော့် လစာမှာ ပြီးခဲ့သောနှစ်ကုန်ကမှ ၂၀၂၀ တုန်းကပေးခဲ့သည့် မူလလစာကိုပြန်ရသည်။

သို့သော် ကုန်စျေးနူန်းက ၂၀၂၀ တုန်းကလို မဟုတ်တော့။ ဒီတော့ မနက်စောစော စျေးသွားဖို့

အိမ်မှာကျနော် ဝေ့လည်ကြောင်ပတ်လုပ်ရတာက

မူလတန်းကျောင်းသားတစ်ယောက် ကျောင်းတက်ဖို့ အီလေးဆွဲနေသလိုပင်။  မသွားချင်၊ သွားချင်ဖြစ်နေလေသည်

မနက်စျေးဝယ်ဆို ငွေ ၅၀၀၀ ကျပ်နှင့်လောက်အောင် စျေးဝယ်ရသည်။ ဆန်မပါ၊ ဆီမပါ။ အရင်တုန်းကတော့ အိမ်သူဖြစ်သူကို ခပ်မာမာပြောလို့ရသည်။ “ဟဲ့ ..ဆန်၊ ဆီ၊ ဆား အ ပြည့်ဝယ်ပေးပြီး ဟင်းစားဘဲဝယ်ရတာ ၅၀၀၀ မလောက်ဘူးဆို ငါဘယ်ဓါးမြသွားတိုက်ပေးရမလဲ” ဟု။ ယခုတော့ အိမ်သူက စျေးဆွဲခြင်းကိုမြင်တိုင်း ကျနော်ကို “ရာသီဥတုဖောက် ပြန်တာလည်းမပြောနဲ့၊ လူတွေက သစ်တောသစ်ပင်တွေကို အခင်းလိုက် အိမ်ကိုရွှေ့ရွှေ့နေမှ ပူတာနည်းသေး” ဟု ခပ်ထေ့ထေ့ပြောလေ့ရှိသည်။ 

စျေးဝယ်ခြင်းနှင့်ပတ်သက်ပြီး ဆရာသော်တာတွေ၊ ဆရာအီကြာကွေးရေးတာတွေဖတ်ပြီး အိမ်ထောင်ကျစက စိတ်ကူးယဉ်ခဲဖူးသည်။ ဝက်လက်လေးဝယ်၊ နောက် အရက်လေးနှင့် အိမ်မှာမြည်း။ ဒီလိုတွေ နောက်ဖြစ်လာမည်ဟု စိတ်ကူးမိတွေးမိသည်။ နောက် အိမ်ထောင်သက်ကြာလာလေ ပိုမချောင်တော့သလို ပိုပိုကျပ်လာသည်။ အိမ်မှာ အသားတောင် အနိုင် နိုင်ဆိုတော့ အပိုစာဖြစ်သည့် ဝက်လက်လည်း မရောက်။ ရွှေဘိုလည်း မရောက်တော့။ ပြောရလျှင် ဝက်သားတောင် ခဏခဏအိမ်အလည်မလာတော့။

ဒီနေ့ စျေးထဲဝင်စမှာပင် ကန်စွန်းရွက်သည်က ညကလမ်းမပွင့်သဖြင့် ကန်စွန်းရွက်မဝင်လို့ တစ်စည်း ၃၀၀ ကျပ်ကနေ ၅၀၀ ဖြစ်သွားကြောင်း သံတော်ဦးတင်သည်။ ဘေးနားက ဝက်သားသည်က မလတ်တော့သည့် ဝက်လက်ကို စျေးလျော့ရောင်းသည်။ သို့သော် အသားစျေးနှင့် ဘာမှမကွာ။ အိမ်မှာ အမေက ငါးကြော်လေးနဲ့ ဒန့်ဒလွန်ရွက် ဟင်းချိုသောက် ချင်ကြောင်း ညကပြောသည်။ ဒန့်ဒလွန်က သွေးကျသည်ဆိုလား။ နောက် အချဉ်အတွက် ရှောက်သီးလေးဝယ်လာဖို့။ မယားကလည်း ဒီလိုရာသီမှာသာစားကောင်းသည့် ဒညှင်းသီး စီးစီးလေးတွေ တွေ့ရင်ဝယ်ဖို့။ ဒီလိုနှင့် ငါးကြင်းဝမ်းပျဉ်သားအပါ သုံးဆယ်သား။ နောက် ဒီမနက်မီးပျက်သည်ဆိုတော့ မီးသွေးလေး ငါးဆယ်သား။

စျေးအပြန် လဘက်ရည်ဆိုင်ကိုကြည့်တော့ ဆိုင်မှာလူတွေကစုံနေပြီ။ လှမ်းခေါ်သော်လည်း နောက်မှပြောပြီး အိမ်ကိုခပ်သုတ်သုတ်။ ထမင်းချိုင့်ဆွဲရမှာမို့ လဘက်ရည်ဆိုင်ဝင်ထိုင် လျှင် ရုံးမမီနိုင်။ နောက်တစ်ခုက လက်ထဲပါသည့် တစ်သောင်းတန်လေးက လက်ကျန်နှစ်ရာသာသာ။ ဒါတောင် စျေးထဲအထိုင်ချထားသည့် တောင်းစားသူသုံးလေးယောက်ကို ပတ် ရှောင်လို့ ကျန်တာဖြစ်သည်။ စျေးခြင်းထဲမှာပါတာက သစ်တောစိုက်ခင်းကိုရွေ့သလို အာလူး၊ ပဲသီး၊ နောက် ဗုံလုံသီးနှင့် ပုဇွန်ဘော့ချိတ်လေးတွေ။ အမေ့အတွက် ငါးကြင်းသားနှင့် အရည်သောက်အတွက် တစ်စည်းကိုငါးရာပေးရသည့် ဒန့်ဒလွန်တစ်စည်း။ ဆန်က အိမ်မှာကျန်သေးလို့တော်သေးသည်။ ကျနော့်ရုံးထမင်းချိုင့်က ထုံးစံအတိုင်း အသီးအရွက်ကြော် သာ။

လူသုံးယောက်ကို တစ်ရက်စျေးဖိုး ငါးထောင်ဆိုသည်မှာ ကြားလျှင်တော့ များမည်ထင်သည်။ တကယ်တော့မှ မလောက်ငှသည့် ဘတ်ဂျက်ဆိုတာ ကိုယ်တိုင်ဝယ်မှ သိလာသည်။ ၂၀၂၀ လောက်တုန်းကတော့ ငါးထောင်ဆို အတော်ရသည်။ မီးသွေးကမလို။ မီးလာတာမှန်သည်။ သား၊ ငါး၊ ဆန်၊ ဆီက ယခုစျေး၏ ထက်ဝက်။ ကောဖီမစ်သောက်ရင်တောင် ဆိုင် သောက် နှစ်ရာပေးရတာကို မင်းတို့ကရေနွေးဘဲစိုက်ရတာကို ဒီလောက်ယူတာ များလှသည်ဟု ပြောရလောက်အောင် ၃၀ ထုပ်ပါ ကော်ဖီမစ်အထုပ်ကြီးက နှစ်ထောင်ကျော်ကျော်။

ယခုတော့ ပရီးမီးယားကော်ဖီမစ် အထုပ်ကြီးက ၆၉၀၀ ကျပ်၊ ကျန်တာက ခြောက်ထောင်ဝန်းကျင်။ ဆိုင်မှာ ကော်ဖီမစ်တစ်ခွက် ၅၀၀။ ဒီတော့ အိမ်မှာ အမှုန့်ကိုဖျော်ရသည့် ကော် ဖီကြမ်းသာသောက်ရတော့သည်။

ကျနော်စဉ်းစားကြည့်သည်။ စျေးများက လူတွေ၏စိတ်ထဲရှိ ကုန်းမြင့်တွေမှာ ဆောက်ထားသလားလို့။ ဘာကြောင့်ဆို စျေးသွားတိုင်း အတက်ခရီးကိုတက်ရသလိုမောပမ်းသည်။ ရင်တထိတ်ထိတ်။ ဘယ်တော့ပြန်လိမ့်ကျမလဲ၊ စျေးထိမရောက်ဘဲ အောက်မှာလိမ့်ကျနေမလဲ ဆိုသလိုမျိုး။ ဘယ်လို မလောက်မငှ အအော်အငေါက်ခံရမလဲ။ စျေးပြန်လာသည့် အခါကျတာ့ ကုန်းဆင်းမှာ ထိန်းမရအောင်ကျသလို စိတ်တွေကျလိုက်သည့်ဖြစ်ခြင်း။ အရာရာထိန်းမရအောင်။

သန့်စင်

စျေး…တောင်ကုန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်