ခွဲခွာစွန့်လွှတ်လိုက်ရခြင်းများ

#သန့်စင်

ထိုနေ့က အင်္ဂါနေ့ဖြစ်သည်။ ရုံးတက်ရသောနေ့။ ထိုနေ့တွင် မနက်စောစောထရသည်။ စျေးဝယ်ရန် မလှမ်းမကမ်းရှိ လမ်းစျေးတန်းကို ပြေးရန်ဖြစ်သည်။ စျေးထိပ်လဘက်ရည် ဆိုင်တွင် ထိုင်ဖော်ထိုင်ဖက်တွေ မတွေ့ရ။ မတွေ့ဆို သူတို့က တက်လာသောလဘက်ရည်ဈေး၊ ကော်ဖီစျေးကြောင့် တိုက်မယ့်သူရှိသည့်အခါနှင့် ငွေစကြေးစပေါများသောအခါမျိုး တွင်သာ လဘက်ရည်ဆိုင်ထိုင်ကြတော့သည်။ မထိုင်နိုင်တာလည်း မပြောနှင့်။ လဘက်ရည်တစ်ခွက်စျေးက ရိုးရိုးဆို ရှစ်ရာ၊ ကော်ဖီပလိန်းက ငါးရာ။ ဒီဇင်ဘာ ၁ ရက်ကစပြီး ရိုးရိုး တစ်ထောင်၊ ကော်ဖီပလိန်း ခြောက်ရာ။ ဒီတော့ အရွယ်လွန်တွေထိုင်ကြသည့် ကျနော်တို့လဘက်ရည်ဝိုင်းမှာ လူမစုံသည့်အဆင့်မှ ဝိုင်းပါပျောက်သည့်အဆင့်ကို ရောက်ကုန်သည်။

ဒီလိုခေတ်မှာ ကျနော်တို့လို လခနည်းသူတွေ၊ ပင်စင်စားတွေ၊အသက်ကြီးသူတွေ၊ မှီခိုစားနေရသူတွေ လဘက်ရည်ဆိုင်မထိုင်နိုင်တာ ဆန်းတော့ဆန်းလှသည်မဟုတ်။

ဒီတော့ လူကြီးတွေခမျာ မနက်စောစော လမ်းထလျှောက်ကြသည်။ လမ်းလျှောက်ရင်း တွေ့သည့်အခါ စကားပြောကြ။ ထိုင်လိုရသည့် အုတ်ခုံမှာထိုင်ပြီး စကားပြောကြ။ တစ်ခါ တစ်လေ ရပေါက်ရလမ်းလေးများ ရှိလာသည့်အခါ အချင်းချင်းမျှဝေပြီး လဘက်ရည်ဆိုင်ကို သုံးလေးငါးရက်တစ်ခါဆိုသလိုထိုင်ကြနှင့် ဖြစ်လာသည့်ကြပ်တည်းမှုကို ကြံကြံခံရ သည်။ မငတ်သေးတာပဲ တော် သေးသည်၊ နေလို့ရနေတာကိုပဲ တော်သေးသည်ဟု စိတ်နှလုံးသွင်းရသည်။

ဒီထဲမှာ ကျနော်အခြေအနေက ဝိုင်းထဲကလူတွေထက်စာရင် တော်သေးသည်။ ရုံးတစ်ခုမှာ စာရင်းကိုင်လုပ်ရသည်ဆိုတော့ ဝင်ငွေက အဆိုးကြီးမဟုတ်။ အထိုက်အလျှောက်ရှိသေး သည်။ သို့သော် အလုပ်လုပ်ရတာ အရင်ကလိုတော့မဟုတ်။ စိတ်အားလည်း မတက်ကြွ။ ပျော်လည်းမပျော်တော့။ အလုပ်ရပ်သွားမှာ စိုးနေရသဖြင့် အမြဲတမ်းစိုးတထိတ်ထိတ်။ ဒီတော့ အလုပ်မရပ်ရန် အလုပ်ရှင်ဆိုးသမျှကို ခွင့်လွှတ်ရသည်။ အလုပ်ရှင်စိတ်ပေါက်လို့ မနက်စောစောလာပါဆိုလည်း မငြင်းနိုင်။ နောက်ကျတဲ့အထိဆွဲထားလည်း မပြောနိုင်။ ဖြစ်ပုံက အသက်ကြီးကြီးအဖိုးကြီးတစ်ယောက် မိန်းမခပ်ငယ်ငယ်ယူထားသလို အလုပ်ရှင်ကို အလိုလိုက်နေရသည်။ ဒါတွေပြောမည်ဆို ကုန်မည်မထင်။ ထားလိုက်တော့။

မနက်က စျေးထဲသွားတော့ စျေးထဲမှာ စျေးသည်မစုံ။ အသားငါးသည်က တစ်သည်၊ နှစ်သည်။ ကုန်စိမ်းသမားတွေကလည်း စျေးဗန်းသာခင်းထားသည်။ ဟင်းသီးဟင်းရွက်ကမရှိ။ ရှိလဲ မနေ့ကအကျန်တွေမို့ထင်သည် အနွမ်းတွေ။ အမေက ဗူးညွှန်ကြော်ချက်လေးစားချင်သည်။ ကြက်ဟင်းခါးသီးလေးလဲ ပုဇွန်ခြောက်ဖြင့်ကြော်တာ စားချင်သည်။ နောက်.. မိန်းမက စျေးထဲမှာ ငါးပေါင်းဆိုတာ ဝယ်ခိုင်းလိုက်သည်။ ငါးပေါင်းက အတုံးကြီးကြီးတစ်ခုကို သုံးထောင်။ ထိုငါးပေါင်းကို ခရမ်းချဉ်သီးဖြင့်ချက်ကာ ထမင်းချိုင့်ထည့်ပေးမည်။ ကျန်တာ မနက်၊ ညစာဟု မိန်းမကစီမံကာ ကျနော်ကို စျေးထဲလွှတ်သည်။

ကျနော်က မနက်ဘက်စျေးသွားရင် တစ်ခါတစ်လေ မုန့်ဟင်းခါးစားတတ်သည်။ ဒါက ငွေစကြေးစရွှင်သည့် လဆန်းရက်ပိုင်း။ ဒီတစ်ခါလည်း လဆန်းရက်ဆိုတော့ စျေးဝယ်ရင်း မုန့်ဟင်းခါးစားမည်ဟု တွေးထားသည်။ မုန့်ဟင်းခါးကို စျေးဝယ်ပြီးပြန်မှဝင်စားမည်ဟု ဆုံးဖြတ်ကာ စျေးထဲအရင်သွားသည်။ ဒီမှာ.. စျေးထဲ စျေးသည်မစုံသေးတာနှင့် ကြုံခြင်းဖြစ် သည်။ ဒီလိုက ဖြစ်ခဲ့လှသည်။ စျေးသည်ဆိုတာ မနက်လေးငါးနာရီကတည်းက စျေးကြိုကားနှင့်အတူ ရောက်ရောက်နေတတ်တာ။

စျေးမစုံသေးတော့ စောင့်ရင်း၊ စျေးထိပ်ကနေ စျေးတန်းအဆုံးထိ တစ်ခေါက်၊ စျေးတန်းအဆုံးကနေ စျေးတန်းထိပ်ထိ တစ်ခေါက်။ ဒါတောင် စျေးကားမလာသေး။ စျေးသည်တွေ လည်း တမော့မော့။ စျေးဝယ်တွေလည်း တမော့မော့။ ဒါနှင့် အချိန်ကကြည့်တော့ ၇ နာရီထိုးတော့မည်။ အချိန်သိပ်စောင့်လို့မရ။ ရုံးအချိန်က ၉ နာရီဆိုတော့ အချိန်မပုပ်အောင် မုန့်ဟင်းခါးအရင်ဝင်စားတော့မည်ဟု ဆုံးဖြတ်သည်။

မုန့်ဟင်းခါးဆိုင်ရောက်တော့ လူရှင်းသည်။ အရင်လို လူကမများ။ ခုံတွေကလွတ်နေသည်။ ကျနော်က “စောလို့ထင်တယ် လူမကျသေးဘူးနော်” လို့ပြောသည့်အခါ ဆိုင်ရှင်အမျိုး သမီးက “စောတာမဟုတ်ဘူး ဦးလေးရေ အရောင်းပါးတာ” ဟု ဆိုသည်။

နောက် “အရောင်းပါးလို့ အရင်ကထက် လျော့လုပ်နေရတယ်” လို့ ဆက်ပြောသည်။ ကျနော်က ဒီနောက်မှာ ငြီးတာတွေပါတော့မည်ဟု သိသဖြင့် စကားမစတော့သော်လည်း မုန့်ဟင်းခါးသည်က စကားဆက်မရပ်။

“စျေးတွေအကုန်တက်လို့ မုန့်ဟင်းခါးစျေးတက်ပြန်တော့ လူကမလာ။ လူမလာတော့ ရင်းသမျှ မလည်။ ဒီလိုနဲ့ ကြာရင်လုံးပါးပါးတော့မယ်” လို့ ဆိုသည်။

“အခုလဲ ဆီမရလို့ ညကတည်းက ကားသမားတွေ ဗြောင်းသတ်နေတာ။ စျေးသည်တွေပဲကြည့်။ မနက် ၅ နာရီလာရတဲ့စျေးကား၊ အခုထိမလာသေးလို့ ဒုက္ခတွေရောက်။ ကလေး တွေကျောင်းကားလဲ ညကဆီတန်းစီနေရတာ မရသေးလို့ မလာတာနဲ့ ကလေးတွေရော ကလေးအမေတွေကော တမော့မော့နဲ့၊ အကုန်အကုန် ဒုက္ခရောက်လိုက်တာလေ။ ဘာ ဆက်လုပ်လို့ လုပ်ရမှန်းတောင် မသိတော့ဘူး”

စျေးသည်ငြီးတော့မှာ စက်သုံးဆီပြတ်လို့ ကားသမားတွေ ဒုက္ခများနေတာကို သိသည်။ ညက ဆီဆိုင်တွေရှေ့မှာ ကားတွေစီနေတာတွေ့သည်။ ဆီမရပါလို့ ဆိုင်းဘုတ်ထောင်ထား တာလဲ တွေ့သည်။ ဒီလောက်ထိဖြစ်မည်မထင်။ ရှေ့တုန်းကလဲ ဒီလိုပဲစျေးတက်လို့ ကားသမားတွေအော်ကြသည်။ ငြီးကြသည်။ နောက်တော့ ပြန်ပြေလည်သွားကြသည်။ ယနေ့ မနက်လာပို့သည့် သတင်းစာမှာတောင် ဆီဆိုင်မှာ ဆီပုံမှန်ရနေပြီဆိုတာ ဖတ်လိုက်ရသေးသည်။ သည်တော့ ဆီပြဿနာက ခဏတာဟု။ အရင်က အေတီအမ်တွေမှာ ငွေထုတ်ဖို့ တန်းစီရသလို၊ စားသုံးဆီရဖို တန်းစီရသလို၊ ကားပိုင်တဲ့သူဌေးတွေလည်း အခုတန်းစီရပြီဟု မုန့်ဟင်းခါးအရည် အဆစ်တောင်းရင်း ပြုံးမိသည်။ ဒုက္ခရောက်ကြရတာတောင် ရှိသူ၊ မရှိသူ ညီညီမျှမျှပါလားဟု။

မုန့်ဟင်းခါးဖိုးပေးတော့ ထောင့်နှစ်ရာတဲ့။ ဒီလမှ နှစ်ရာတက်တာဟု။ ဒါတောင် အကြော်မပါသေး။ အကြော်ပါရင် ထောင့်လေးရာ။ အင်း..မုန့်ဟင်းခါးဖိုးပေးရင်း နောင်.. အသုတ်တို့ မုန့်ဟင်းခါးတို့စားဖို့တောင် မလွယ်တော့ပါလားဟု တွေးမိသည်။ ကားတစ်စီး စျေးထဲဝင်လာသည်။ စျေးသည်တွေ လှုပ်လှုပ်ရွရွ။ ကျနော်လည်း စျေးတန်းဘက် ခပ်သုတ်သုတ် လျှောက်သည်။ ထိုကားက ထင်သလိုပဲ စျေးကား။ သို့သော် ကားဆီမရသဖြင့် စျေးကားတစ်စီးထဲမှာ အသားငါးတွေရော၊ ဟင်းသီးဟင်းရွက်တွေရော နှစ်ဆင့်ခွဲတင်လာရသည်ဟု ဆိုသည်။ ဒါတောင် တင်နေသည့်ကားမရသဖြင့် သားငါးတင်သည့်ကားကို အတင်းခေါ် လာရတာဟု ဆိုသည်။

တော်သေးသည်က သားငါးက အောက်မှာထားပြီး ဟင်းသီးဟင်းရွက်ကို အပေါ် မှာထားလို့။ ဟင်းသီးဟင်းရွက်က အသားငါးညှီနံမစွဲ။ စျေးကားချပြီး ခွဲကြခြမ်းကြလုပ်တာကို ခဏစောင့်ပြီး ရုံးချိန်မီအောင် ခပ်သုတ်သုတ်ဝယ်ရသည်။ ဗူးညွှန်တစ်စည်း ငါးရာ၊ သုံးစည်းကို တစ်ထောင်နှင့်ရသည်။ မနက်၊ ည ဗူးညွှန်ကြော်ချက်လေး။ ကြက်ဟင်းခါးသီးလည်း ထိုနည်းလည်းကောင်း။ ခပ်ကြီးကြီးကို ငါးရာ။ ခပ်လပ်လပ်ကို သုံးလုံးတစ်ထောင်။ ခပ်နုနုထွားထွားလေး တစ်လုံးငါးရာနှင့် ဝယ်လာသည်။ စျေးလည်းမဆစ်ချင်။ သူ့မှာလဲ သူ့အပူ နှင့်သူ။ ငါးပေါင်းက တစ်တုံးကို ယခင်လို သုံးထောင်မဟုတ်တော့။ ငါးထောင်ဖြစ်သွားပြီ။ ယခင်ကထက်တော့ နည်းနည်းအတုံးကြီးကြီး တုံးထားသည်ဟုဆိုသည်။ အခုတော့ ဟုတ် လျှင်ဟုတ်မည်။ နောင်ကျရင် အရင်တိုင်းပဲ ပြန်ဖြစ်မည်ထင်သည်။ ဝယ်ရမလား၊ မဝယ်ရမလားဆိုတာ မိန်းမကိုဖုန်းဆက်မေးရသည်။ မိန်းမက အချိန်ကပ်နေပြီ ဝယ်ခဲ့လိုက်တော့ ဆိုသဖြင့် ငါးပေါင်းကတစ်တုံး။

စျေးလမ်းကပြန်လာသည်အခါ ကိုဗစ်ကာလဦးကို ပြန်လွမ်းမိသည်။ ထိုတုန်းက ဝယ်ရသည်မှာ စျေးချိုလိုက်ခြင်း။ သုံးရသည်မှာ အသုံးခံလိုက်ခြင်း။ ကော်ဖီတစ်ခွက် နှစ်ရာ။ လဘက်ရည်ဆိုင်သောက် သုံးရာငါးဆယ်။ အသုပ်၊ မုန့်ဟင်းခါးတစ်ပွဲ သုံးရာ။ စီးကရက်က နှစ်ရာဖိုး သုံးလိပ်..လေးလိပ်။

အချိန်တွေပြန်တွက်ကြည့်တော့ ဘာမှမကြာသေး။ ဆယ်စုနှစ်တွေတောင် မကြာသေး။ အဖွားတို့ပြောသလို၊ အမေတို့ပြောသလို၊ ငါတို့ငယ်ငယ်တုန်းက ဘယ်စျေးဆိုတာမျိုးလို.. ကြာလှသည်မဟုတ်သေး။ ပြန်ကြည့်တော့ သုံးနှစ်အတွင်းသာ။ အတက်အကျက ပြင်းလှသည်။ စျေးတွေက အတက်ချည်း။ ငွေတန်ဖိုးက အကျချည်း။ ဒီကာလအတွင်းမှာ ကျနော် တို့ဝင်ငွေနှင့် အခြေအနေကြောင့် စွန့်လွတ်လိုက်ရတာတွေ အများကြီး။ ဒီထဲ ချစ်လျှက်နှင့် ခွဲခွာလိုက်ရသည့်… ကြိုက်လျှက်နှင့် စွန့်လိုက်ရသည့် ဆေးလိပ်တွေ၊ လဘက်ရည်တွေ၊ အရက်၊ ဘီယာနှင့် တချို့သော စားသောက်စရာတွေ။

ဒီထဲမှာ ရင်နာစရာအကောင်းဆုံးက ချစ်ရတဲ့ခင်မင်သူတွေနဲ့ ဘဝမျှော်လင့်ချက်တွေ။

#သန့်စင်

#ယနေ့ခေတ်

ခွဲခွာစွန့်လွှတ်လိုက်ရခြင်းများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်