NLD ပါတီ လွှတ်တော်အမတ်ဟောင်း ဦးဝေလင်းအောင် ထောင်ဒဏ် ၁၀ နှစ်ထပ်မံချမှတ်ခံရပြီး ထောင်ဒဏ် ၃၈ နှစ် အထိရှိလာ

ပုသိမ်၊ ဇူလိုင် ၂၈

NLD ပါတီ၏ မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝေလင်းအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှသိရသည်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝေလင်းအောင်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်က ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေရှိ လေးကေ့ကော်ဟုခေါ်သည့် ငြိမ်းချမ်းရေးမြို့သစ်ကို တပ်မှဝင် ရောက်စီးနင်းရှာဖွေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဘားအံအကျဉ်းထောင်မှတစ်ဆင့် ဦးဝေလင်းအောင်ကို မြောင်းမြမြို့တွင် စွဲဆိုထားသည့် အခြားအမှုများအတွက် စစ်ဆေးရန် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်က မြောင်းမြအကျဉ်းထောင်သို့ ရွှေ့ပြောင်း လာခြင်းဖြစ်ကြောင်း သိရသည်။

ဦးဝေလင်းအောင်ကို ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က မြောင်းမြအကျဉ်ထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ၁၀ နှစ်ချမှတ်လိုက်ခြင်းဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်ကလည်း နိုင်ငံတော်ဆူပူအောင်လှုံ့ ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ၂ နှစ်ချမှတ်ထားသဖြင့် မြောင်းမြမြို့နယ်တရားရုံးတစ်ခုတည်း တွင် စုစုပေါင်းထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် မြဝတီခရိုင်တရားရုံးမှ ဦးဝေလင်းအောင်ကို အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ၅၂ (က) ဖြင့်ထောင်ဒဏ် ၄ နှစ်၊ ၅၀ (က) ဖြင့်ထောင်ဒဏ် ၁၁ နှစ်၊ ၅၀ (ည) ဖြင့် ၁၁ နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မဖြစ်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင် ၁၁ နှစ်၊ စုစုပေါင်းထောင် ဒဏ် ၂၆ နှစ် ချမှတ်ခံထားရသေးကြောင်း သိရသည်။

” ကိုဝေလင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂ ရက်က နောက်ထပ်ထောင်ဒဏ် ၁၀ နှစ် ချခဲ့ခြင်းဖြစ်တယ်၊ အရင်ကချမှတ်ခံထားရတဲ့ ၂ နှစ်နဲ့ဆို ထောင်ဒဏ် ၁၂ နှစ်အ ထိရှိသွားပြီ။ မြောင်းမြကျဉ်းထောင်တွင်းတရာရုံးက အမိန့်ချတာပါ။” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးကပြောသည်။

NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သည့် ဦးဝေလင်းအောင် သည် NLD ပါတီအစိုးရလက်ထက် လွှတ် တော်ကိုယ်စားလှယ်တာဝန် မထမ်းဆောင်မီက မြောင်းမြမြို့၌ ကိုယ်ပိုင်အထက်တန်းကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး အသက် ၃၂ အရွယ်သာရှိသေးကြောင်း သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

NLD ပါတီ လွှတ်တော်အမတ်ဟောင်း ဦးဝေလင်းအောင် ထောင်ဒဏ် ၁၀ နှစ်ထပ်မံချမှတ်ခံရပြီး ထောင်ဒဏ် ၃၈ နှစ် အထိရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်