ဩဂုတ်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်နိုင် တစ်ကြိမ်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်

ရန်ကုန်၊ ဇူလိုင် ၂၈

လာမည့်ဩဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်နိုင်ကာ တစ်ကြိမ်တွင် မုန်တိုင်း ငယ်ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလမှ ယနေ့တွင် အသိပေးချက်ထုတ်ပြန်ထားသည်။

ဩဂုတ်လအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားအသင့် အတင့်မှ အားကောင်းနိုင်ကာ ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ဩဂုတ်လတစ်လလုံးအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ၂၃ ရက်မှ ၂၉ ရက်ခန့်အထိ မိုးရွာသွန်းနိုင်ကာ နေ ပြည်တော်၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၂ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် ၉ ရက်မှ ၁၅ ရက်ခန့် အထိ မိုးထစ်ချုန်းရွာနိုင် ကြောင်း သိရသည်။

ထို့ပြင် မိုးလေဝသဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်ပေးနေသူ ဦးဝင်းနိုင်က ဩဂုတ်လအတွင်း အားကောင်းသော လေဖိအား နည်းရပ်ဝန်းဖြစ်နိုင်သော်လည်း ဆိုင်ကလုန်းမုန်တိုင်းအဆင့် မရောက်နိုင်ကြောင်း ပြောကြားသည်။

“ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းက ဩဂုတ်လဆန်းပိုင်းအထိ ကုန်းတွင်းဝင်သွားလိုက်၊ ရေထဲပြန်ဆင်းလာလိုက် ရှိ နေမှာဖြစ်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်လာနိုင်မဲ့ အခြေအနေမတွေ့ရပါ“ ဟု ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မရောက်နိုင်သော်လည်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် ၎င်းကဆက်လက် ပြောသည်။

လာမည့်သုံးရက်အတွင်း ပင်လယ်ပြင်များ၌ မုတ်သုံလေအားကောင်းနေမည်ဖြစ်ကာ မကွေးတိုင်းအတွင်းရှိ မြို့နယ်အချို့ မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းအားလုံး၌ မိုးများနိုင်ကာ မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ပေါင်၊ မုဒုံနှင့် ဘီလူးကျွန်းမြို့နယ်တို့၌ မိုးအလွန်များနိုင်ကြောင်း ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းထားသည်။

မောင်ဇော်

ဓာတ်ပုံ – မိုး/ဇလ ၊ ဦးဝင်းနိုင်

#ယနေ့ခေတ်

ဩဂုတ်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်နိုင် တစ်ကြိမ်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်