ဧရာဝတီတိုင်းတွင် စက်သုံးဆီအရောင်းဆိုင်အများစု ဆီပြတ်လပ်နေ

ပုသိမ် ၊ သြဂုတ် ၁၃

ဧရာဝတီတိုင်းတွင် စက်သုံးဆီဆိုင်အများစု ဖွင့်ထားသော်လည်း စက်သုံးဆီဝယ်ယူမရဖြစ်နေကာ ဆီပတ်လပ်မှုဖြစ်ပေါ်နေပြီး အခက်အခဲများဖြစ်ပေါ် နေကြောင်း ဒေသခံများထံမှ သိရသည်။

စက်သုံးဆီဝယ်ယူရန် အခက်အခဲရှိနေခြင်းကြောင့် စပါးစိုက်ပျိုးရေးလုပ်ငန်း၊ ရေယာဉ်လုပ်ငန်း၊ ဆိုင်ကယ်ကယ်ရီလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အခြားအသေးစားလုပ်ငန်းများ နှင့် ပရဟိတလုပ်ငန်းများ စသည့်စက်သုံးဆီနှင့်ဆက်စပ်သည့်လုပ်ငန်းများ အခက်အခဲရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

“ဆီဆိုင်တွေကတော့ ပြန်ဖွင့်နေတာတွေ့ရတယ်။ ဆီလည်းသွားဖြည့်တော့ ဆီပြတ်နေတယ်တဲ့။ ဆီ ၃၀၀၀ ဖိုးလောက်ရဖို့ ၃ ဆိုင်သွားဝယ်ခဲ့ရတယ်။ နည်း နည်းပါးပါးရှိနေတဲ့ လမ်း ဘေးဆီဆိုင်တွေမှာလည်း တစ်လီတာကို ၃ ထောင်အထက်မှာပဲရှိတယ်။ ရုပ်ပြသက်သက်ဖွင့်နေရတဲ့ သဘောရှိတယ်။ ကျွန်တော်တို့က စက်သုံးဆီကို ပေပါလိုက်ဝယ်သုံးရတာ။ အခုက ၁ ဂါလံ ၂ ဂါလံတောင် ဝယ်မရတော့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ စိုက်ရဖို့အခက်ဖြစ်နေတယ်။ ဆီဈေးတက်တဲ့အပြင် ဝယ်မရတဲ့ပြဿနာကြောင့် အတော့်ကိုဒုက္ခရောက်ပြီး အခက်အခဲဖြစ်နေတယ်။” ဟု ဧရာဝတီတိုင်းမှ ဒေသခံတောင်သူတစ်ဦးကပြောသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သြဂုတ် ၁၃ ရက်နေ့အတွက် သတ်မှတ်ထားသည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းမှာ ၉၂ တစ်လီတာ လျှင် ၂၃၂၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၄၃၀ ကျပ်အဖြစ် သတ်မှတ်ထားသော်လည်း မြေပြင်တွင် ၉၂ တစ်လီတာလျှင် ၂၈၅၀ ကျပ်နှင့် ၉၅ တစ်လီတာလျှင် ၃၁၀၀ ကျပ်အထိ ‌ဈေးပေါက်နေကြောင်း သိရသည်။

“လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကိုက စက်သုံးဆီကို အရင်ကလို လိုသလောက်မရပါဘူး။ ခွဲတမ်းနဲ့ ယူရောင်းနေရတာ။ ရတဲ့ခွဲတမ်းနဲ့ သုံးလိုအားမမျှတော့ ဆီကမကြာခဏပြတ်လပ်နေ တာ။ ဆီဆိုင်တွေအများစု ဆီမရှိပဲ ဖွင့်နေရတာက ရှင်းရောပေါ့။ ဧရာဝတီတိုင်းက ဆီဆိုင်တွေအားလုံးကို အမြဲဖွင့်ထားဖို့ ဆီပြတ်လပ်တာမရှိဖို့ ဈေးတင်မရောင်းဖို့ဆိုပြီး စစ်ဆေး တာတွေ သတိပေးတာတွေ လုပ်ထားတယ်လေ။ ဒါ့ကြောင့် ဆီဆိုင်တွေဖွင့်ထားတယ်။ ဆီရှိသလောက်ရောင်းတယ်၊ ဆီမရှိတော့လည်းဖွင့်တယ်။” ဟု ဧရာဝတီတိုင်းမှ စက်သုံးဆီ အရောင်းအဝယ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးနှုန်းများတက်၊ ဆီပြတ်လပ်နေသည့်အပြင် ဒေသထွက်ဆန်များ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဆေးဝါးများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံး ပစ္စည်းများလည်း ယခင်ကထက် နှစ်ဆကျော်ကျော်အထိ ဈေးမြင့်တက်နေနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် စက်သုံးဆီအရောင်းဆိုင်အများစု ဆီပြတ်လပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်