အောက်တိုဘာ ၁၇ နောက်ပိုင်း ဆီးရီးယားနှင့် အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများ ၁၂၇ ကြိမ်တိုက်ခိုက်ခံရ ဟုဆို

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁

အာရှတိုက်အနောက်ပိုင်းတွင် အခြေစိုက်စိုက်ထားသည့် အမေရိကန်စစ်အခြေစိုက်စခန်းများသည် အစ္စရေးနှင့် ဂါဇာစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ အနည်းဆုံး အကြိမ် ပေါင်း ၁၂၇ ကြိမ်တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်ဌာနချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပက်ရိုင်ဒါက ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရမှုသည် အောက်တိုဘာ ၁၇ ရက်နေ့နောက်ပိုင်းတည်းက လက်ရှိအချိန်အထိ အကြိမ်ပေါင်း ၁၂၇ ကြိမ် တိုက်ခိုက်ခံရကြောင်း ပြောသည်။

အောက်တိုဘာ ၁၇ ရက်နေ့နောက်ပိုင်းကတည်းက ဆီးရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်းက ၇၅ ကြိမ်တိုက်ခိုက်ခံရပြီး၊ အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းက ၅၂ ကြိမ် တိုက်ခိုက်ခံရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ဆီးရီးယားနှင့် အီရတ်ရှိ လက်နက်ကိုင်အဖွဲ့များက ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံအပေါ် ကူညီထောက်ပံ့ပေးနေသည့် အမေရိကန်၏ လုပ်ရပ်များကို လက်တုံ့ပြန် တိုက် ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

အီရတ်ရှိ လက်နက်ကိုင်အဖွဲ့များကို လက်တုံ့ပြန် တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အီရတ်အစိုးရအဖွဲ့ကြား တင်းမာမှုများရှိလာခဲ့ရာ အီရန်ဝန်ကြီးချုပ်က နိုင်ငံအတွင်း ရှိ အမေရိကန်တပ်ဖွဲ့များကို ပြန်ရုတ်သိမ်းစေရန် တောင်းဆိုထားကြောင်း သတင်းများထွက်ပေါ်နေသည်။ အမေရိကန်စစ်ဘက်က အီရတ်အစိုးရ၏တောင်းဆိုမှုများကို တစုံတရာ တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

အီရတ်လွှတ်တော်ကလည်း နိုင်ငံအတွင်းမှ အမေရိကန်စစ်သားများ ပြန်ရုတ်သိမ်းစေရန်အတွက် ဥပဒေမူကြမ်းကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ အီရတ်သည် အစ္စာလမ်မစ် အစွန်းရောက်အဖွဲ့များကို တိုက်ခိုက်ရန်အတွက် အမေရိကန်တပ်ဖွဲ့များကို ဖိတ်ခေါ်ခဲ့ပြီး နိုင်ငံအတွင်း တပ်စွဲခွင့်ပြုခဲ့ဖူးကြောင်း သိရသည်။

ကောင်းထက်ငွေ

mehrnews.com

#ယနေ့ခေတ်

အောက်တိုဘာ ၁၇ နောက်ပိုင်း ဆီးရီးယားနှင့် အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများ ၁၂၇ ကြိမ်တိုက်ခိုက်ခံရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်