အုတ်ဖိုမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖို၊ အောက်တိုဘာ ၄

ပဲခူးတိုင်း (အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာလမ်းပေါ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်အနီးကပ် ပစ်ခတ်ခတ်ဖြတ်ခံရပြီး သေဆုံးခဲ့ကြောင်း အုပ် ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် အသက် ၄၅ နှစ်ဝန်းကျင် ကြို့ကိုးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းဆိုသူဖြစ်ပြီး ယနေ့ အောက်တိုဘာ ၄ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်လာချိန် သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” ဦးဇော်ဝမ်းက ကျေးရွာအုပ်ချုပ်ရေးမှူးပါ။ ဒီနေ့မနက် သေနတ်နဲ့ အနီးကပ် ပစ်သတ်ခံရတဲ့အခြေအနေပါ။ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားတာလို့ သိရတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းအား အုတ်ဖိုမြို့နယ် မြေအောက်ပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏လူမှုကွန်ရက်မှ သတင်းထုတ်ပြန် ထားသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ပြီး အနီးရှိနေအိမ်များကိုလည်း လိုက်လံလှည့်လည်စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်၊ မနက်ပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ ကြယ်နီ ကုန်းကျေးရွာအနီးတွင် ကျေးရွာရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးကြောင်း သိရသည်။

ဝဏ္ဏ

Photo- CJ

ပုံစာ – ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးနှင့်အတူ တွေ့ရသည့်ပစ္စည်းများ။

#ယနေ့ခေတ်

အုတ်ဖိုမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်