အိမ်သုံးမီတာတပ်ဆင်ခမှာ သတ်မှတ်နှုန်းထက် ပိုမိုကုန်ကျသည် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံ၌ အိမ်သုံးမီတာတပ်ဆင်ခများ နှစ်ဆကျော် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာလာသော်လည်း အမှန်တကယ်တပ်ဆင်မည်ဆိုပါက အဆိုပါနှုန်းထားထက် ပိုမိုကုန်ကျကြောင်း သိရသည်။

“ အိမ်သုံးမီတာတပ်ဆင်ခ တိုးတာပါ။ စာရင်းကတော့ စာရင်းပါပဲ။ တကယ်တပ်ရင်တော့ စာရင်းထက်တောင်များတယ်။” ဟု လျှပ်စစ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁ ရက်မှစတင်ကာ အိမ်သုံးမီတာတပ်ဆင်ခများကို ယခင်သတ်မှတ်ထားသည့် နှုန်းထားများထက်တိုးမြှင့်ကာ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

တိုးမြှင့်မည့်နှုန်းထားမှာ အိမ်သုံးမီတာသတ်မှတ်ကြေး ၁၅၀,၀၀၀ ကျပ်၊ မီတာပုံး ခွံ (Tran Box) ၄၀,၀၀၀ ကျပ်နှင့် Breaker ၁၀,၀၀၀ ကျပ်အပါအဝင် အခြားသော ကုန်ကျစရိတ် များပါတွက်ချက်ပါက ကုန်ကျစရိတ် ၂၉၅,၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ယခင်က အိမ်သုံးမီတာတပ်ဆင်ခမှာ အထွေထွေကုန်ကျစရိတ် စုစုပေါင်း ၁၃၀,၀၀၀ ကျပ်သာ ကုန်ကျမည်ဟု သတ်မှတ်ထားသော်လည်း အမှန်တကယ်တပ်ဆင်ခဲ့သူများ မှာ ထိုနှုန်းထားထက် ပိုမိုကုန်ကျပြီး၊ မီတာဘောက်ချပေးရန် အလွန်ကြာမြင့်ကြောင်း တပ်ဆင်ထားသူများထံမှ သိသည်။

“ မီးကြေးအကုန်သွင်းပြီးတာတောင် မီတာဘောက်ချမပေးနိုင်ပဲ တိုးကောက်တာ။ တကယ် အဲဒီဈေးတွေနဲ့မရပါဘူး။ တပ်ထားတာ လပိုင်းပဲရှိသေးတယ်။” ဟု အိမ်ရှင်အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိတွင် အိမ်သုံးမီတာလျှောက်ထားမှုနှင့် ပတ်သက်ပြီး ကောက်ခံသည့်နှုန်းထားများ တိုးမြှင့်ကြောင်း ကြေညာခဲ့သော်လည်း၊ အချို့သော မီတာဘောက်လျှောက်ထားသူများမှာ နှစ်နှင့်ချီကာ မရသေးကြောင်း ပြောဆိုမှုများရှိသည်။

#ဂျူဂျူး

ဓာတ်ပုံ- စီဂျေ

#ယနေ့ခေတ်

အိမ်သုံးမီတာတပ်ဆင်ခမှာ သတ်မှတ်နှုန်းထက် ပိုမိုကုန်ကျသည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်