အာရှလမ်းပေါ်တွင် ဘေလီတံတားဖြတ်ရန် တန်းစီနေသည့်ကားတန်းအား ခရီးသည်တင် ယာဥ်မှ လမ်းချော်၍ ဝင်တိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကရင်ပြည်နယ်၊ မြဝတီ -ကော့ကရိတ် အာရှလမ်း၊ ဘေလီတံတားအနီး၌ ခရီးသည်တင်ယာဉ်တစ်စီးမှ တံတားဖြတ်သန်းရန် တန်းစီနေသည့်ယာဉ်များအား ဝင်တိုက်မိ၍ ယာဉ်ငါးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

စက်တင်ဘာ ၂၇ ရက်၊ ညနေလေးနာရီဝန်းကျင်က အာရှလမ်း ဘေလီတံတားအနီး၌ ဘုန်းမြင့်ဇော် ခရီးသည်တင်မော်တော်ယာဉ်သည် တောင်အဆင်းလမ်းတွင်မောင်းနှင်လာစဉ် တံတားအားဖြတ်သန်းရန် တန်းစီနေသည့် ကုန်တင်ယာဉ်အပါအဝင် ယာဉ်ငါးစီးအား ဆင့်တိုက်ခဲ့ကြောင်း သိရသည်။

“တောင်ပေါ်မှာ စလစ်ဖြစ်ပြီးချော်တာ။ ကားတန်းတဲ့အချိန် တန်းစီးနေတဲ့ကားတွေကို ဝင်တိုက်သွားတာ။ လူထိခိုက်မှုမရှိဘူး။ Express က နောက်ကဝင်တိုက်တာ။ တောင်အဆင်း လမ်းကို အရှိန်နဲ့ဆင်းလာပြီး အဆင်းမှာ ကားတန်းကိုတွေ့တော့ မနိုင်တော့ပဲ လမ်းချော်ပြီး ဝင်တိုက်မိပုံပါ။ ဘရိတ်ပေါက်ရင် အဲ့လောက်အရှိန်နဲ့မရဘူးလေ။” ဟု ကုန်တင်ယာဉ် မောင်းတစ်ဦးက ပြောသည်။

ထိုယာဉ်တိုက်မှုဖြစ်စဉ်တွင် ဘုန်းမြင့်ဇော် ခရီးသည်တင်ယာဉ်မှ လမ်းချော်ကာ ၆ ဘီးကုန်တင်ယာဉ်အား ဝင်တိုက်မိပြီး၊ အနီးအနားရှိ probox အိမ်စီးကားတစ် စီး၊ Honda fit အိမ်စီးကားတစ်စီး၊ နောက်ထပ် ၆ ဘီးကုန်တင်ယာဉ်တစ်စီး၊ စသည်ဖြင့် ငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။

အဆိုပါ ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်စဉ်ကြောင့် မော်တော်ယာဉ်များ ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်သွားလာမှု အနည်းငယ်ကြန့်ကြာခဲ့သော်လည်း လမ်းပိတ်ဆို့သည့် အခြေအနေအထိ မဖြစ်ခဲ့ကြောင်း ဒေသခံယာဉ်မောင်းများထံမှ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – ဟိန်းကိုကို

#ယနေ့ခေတ်

အာရှလမ်းပေါ်တွင် ဘေလီတံတားဖြတ်ရန် တန်းစီနေသည့်ကားတန်းအား ခရီးသည်တင် ယာဥ်မှ လမ်းချော်၍ ဝင်တိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်