အသင်းမဝင်ထားသည့် ကုန်ကားများကို လိုင်စင်သက်တမ်းတိုးခြင်း လုပ်ပေးမည်မဟုတ် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကုန်ကားများအနေဖြင့် ကုန်စည်ပို့ဆောင်ရေး အသင်းတစ်ခုခုသို့ အသင်းမဝင်ထားပါက လိုင်စင်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဝေးပြေးကုန်စည်ပို့ဆောင်ရေးကို E-lock စနစ်ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် ၉ တန်နှင့်အထက် ကုန်တင်ယာဉ်များအနေဖြင့် အသင်းတစ် ခုခုဝင်ထားကြရန် အသိပေးထားသည်။

“ ကုန်တင်ယာဉ်တွေအနေနဲ့ ကုန်စည်အသင်းတစ်ခုခုမှာ အသင်းဝင်ထားစေချင်တယ်။ အသင်းမဝင်ထားဘူးဆိုရင် ကုန်တင်ယာဉ်တွေကို ကုန်စည်သယ်ယူပို့ဆောင်တဲ့လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် အသစ်လျှောက်တာတွေနဲ့ သက်တမ်းတိုးတာတွေကို မလုပ်ပေးတော့ဘူး။” ဟု မြန်မာနိုင်ငံ၊ အဝေးပြေးကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ ဦးကျင်သိန်းက ပြောသည်။

E-Lock စနစ်ကို ဆောင်ရွက်အသုံးပြုခြင်းဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှု ပိုမိုမြန်ဆန်ခြင်း၊ လမ်းကြောင်းတလျှောက် ဖွင့်ဖောက်စစ်ဆေးမှုမရှိခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ ကုန်တင်ယာဉ်တည်နေရာကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ ကုန်တင်ယာဉ်ရောက်ရှိမည့်အချိန်ကို သိရှိနိုင်ခြင်း၊ ခရီးစဉ်အတွင်း ကုန်ပစ္စည်းများပျောက်ဆုံးမှု မရှိနိုင်ခြင်း၊ ကုန် ပစ္စည်းအလေအလွင့် နည်းပါးခြင်းနှင့် ကုန်ကျစရိတ်များ သက်သာခြင်းများရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – စုစု

#ယနေ့ခေတ်

အသင်းမဝင်ထားသည့် ကုန်ကားများကို လိုင်စင်သက်တမ်းတိုးခြင်း လုပ်ပေးမည်မဟုတ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်