အစွန်းရောက် ရာသီဥတုအခြေအနေဖြစ်သည့် အယ်လ်နီညို စတင်ဖြစ်ပေါ်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၀

အစွန်းရောက် ရာသီဥတုအခြေအနေဖြစ်သည့် အယ်လ်နီညိုမှာ ယမန်နေ့မှ စတင်နေပြီဖြစ်ကြောင်း ဩစတေးလျ မိုးလေဝသဗျူရို၏ ကြေညာချက်ကို ကိုးကား၍ မိုးလေဝသ ဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်နေသူ ဦးဝင်းနိုင်က ပြောကြားသည်။

အဆိုပါ အယ်လ်နီညိုဖြစ်စဉ်၏ အားအကောင်းဆုံး အခြေအနေများမှာ လာမည့်ဒီဇင်ဘာလတွင် ဖြစ်လာနိုင်ပြီး ယခုအကြိုကာလအတွင်း၌ပင် အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မုတ်သုံလေ အဝင်အထွက်ကာလများ ပုံမှန်မဟုတ်ခြင်း၊ မိုးအလွန်များခြင်း၊ ရေကြီးရေလွှမ်းခြင်းများ၊ အားကောင်းသည့် မုန်တိုင်းများ တိုက်ခတ်ခြင်း စသည့်အစွန်းရောက် ရာသီ ဥတုများ ရင်ဆိုင်ရနိုင်ပြီး ပြည်တွင်း၌လည်း ခံစားရနိုင်ကြောင်း ဦးဝင်းနိုင်ကပြောသည်။

“ မြန်မာနိုင်ငံမှာတော့ လာမယ့်ဆောင်းရာသီကာလအတွင်း အအေးပေါ့နိုင်ပြီး၊ နွေရာသီမှာ တစ်ပြည်လုံး ပူပြင်းနိုင်ပါတယ်။ အဲ့ဒီအပြင် လာမည့် ၂၀၂၄ မုတ်သုံရာသီမှာ မုတ်သုံအ ဝင်နောက်ကျတာက အခု ၂၀၂၃ မှာ မုတ်သုံအဝင်နောက်ကျခြင်းထက်တောင် ပိုသွားနိုင်ပါတယ်။ မုန်တိုင်းများဖြစ်ပေါ်မှု လျော့နည်းနိုင်ပြီး မိုးရာသီကာလ တိုတောင်းကာ မိုးရေ ချိန်လည်း ရွာသွန်းမြဲထက် လျော့ကျနိုင်ပါတယ်။” ဟု ဦးဝင်းနိုင်က ခန့်မှန်းပြောကြားသည်။

အယ်လ်နီညိုကာလနှင့် ပတ်သတ်၍ သောက်သုံးရေ (ရေချို ) စုဆောင်းခြင်း၊ အပူဒဏ်ခံနိုင်ရန် နည်းလမ်းများ ရှာကြံခြင်းနှင့် တောမီးလောင်ခြင်းများ မဖြစ်စေရန် မိမိနေထိုင်ရာ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စုပေါင်းဆွေးနွေးတိုင်ပင်ကြရန် ယခုအချိန်မှစတင်၍ လုပ်ဆောင်သင့်ပြီဟု ယူဆမိကြောင်းလည်း ၎င်းကဆက် လက်ပြောကြားသည်။

ထို့ပြင် ကျန်းမာရေးပြသနာများဖြစ်သည့် ရောဂါများ ပြန့်ပွားကူးစက်မှု ပြင်းထန်ခြင်း၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ပိုမိုများပြား လာခြင်းများ ဖြစ်လာနိုင်ကြောင်းလည်း သိရသည်။

အဆိုပါ အယ်လ်နီညို ဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်းမသာမက ရေကြီးရေလျှံမှု များလည်း ဖြစ်ပေါ်တတ်ပြီး ၂၀၁၅ – ၂၀၁၆ ခုနှစ်အတွင်း၌ အယ်လ်နီညိုအားကောင်းခဲ့သည့် အခြေ အနေတွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများတွင် ဆိုးရွားသည့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မောင်ဇော်

ဓာတ်ပုံ – Win Naing ၊ ဒေသခံများ

#ယနေ့ခေတ်

ပုံစာ- ပြီးခဲ့သည့်လအတွင်းက မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ်

အစွန်းရောက် ရာသီဥတုအခြေအနေဖြစ်သည့် အယ်လ်နီညို စတင်ဖြစ်ပေါ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်