အစ္စရေးနှင့် ဟားမက်စ်ကြား ယာယီအပစ်ခတ်ရပ်စဲရန် သဘောတူညီ

ဂါဇာ၊ နိုဝင်ဘာ ၂၂

ဂါဇာဒေသတွင် ဖမ်းဆီးခံထားရသော ဓားစားခံ ၅၀ ကျော်ပြန်လွှတ်ပေးရန် အစ္စရေးနိုင်ငံသည် ဟားမက်စ် လက်နက်ကိုင်အဖွဲ့နှင့် ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူမှုရရှိခဲ့ ကြောင်း သိရသည်။

ဟားမက်စ်အဖွဲ့သည် ပြီးခဲ့သောအောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်သားများအပါအဝင် လူပေါင်း ၂၄၀ ကျော်ကို ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

အစ္စရေးနိုင်ငံနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့တို့ကြားရရှိခဲ့သော ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ထဲတွင် ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသော လူပေါင်း ၅၀ ကျော် ပြန်လွှတ်ပေးရမည်ဖြစ်သလို အစ္စရေးဘက်ကလည်း အကျဉ်းထောင်များထဲမှာရှိနေသည့် ပါလက်စတိုင်းလူမျိုး ၁၅၀ ကျော်ကို ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း၊ ယာယီ အပစ်ခတ်ရပ်စဲရေးကာလသည် လေးရက်ကြာဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့တို့သည် အပစ်ခတ်ရပ်စဲထားချိန်ကာလအတွင်း လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ ပေးခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးအစိုးရအဖွဲ့သည် တစ်ညလုံးနီးပါး တွေ့ဆုံဆွေးနွေးခဲ့ပြီး ဓားစားခံများ ပြန်လွှတ်ရေးအတွက် ဟားမက်စ်နှင့် အပစ်ခတ်ရပ်စဲရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုအရ ဟားမက်စ်အုပ်စုသည် တစ်ရက်ကို ပြန်ပေးဆွဲထားသူအနည်းဆုံး ၁၀ ဦး ပြန်လွှတ်ပေးသွားမည်ဖြစ်ပြီး၊ အပစ်ခတ်ရပ်စဲရေး သက်တမ်း ထပ်မံတိုးခွင့်ရှိနေကြောင်း သိရသည်။

ဟားမက်စ် လက်နက်ကိုင်အုပ်စုသည် ဖမ်းဆီးထားသူများအနက်မှ အမျိုးသမီး ၁၃ ဦးနှင့် ကလေးငယ် ၄၀ ဦးကို အဓိကထား ပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟားမက်စ် လက်နက်ကိုင်အဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်များက အစ္စရေးသည် ဂါဇာဒေသတောင်ပိုင်းကို လေကြောင်းမှတိုက်ခိုက်ခြင်းများ ရပ်တန့်ထားရမည်ဖြစ်သည့်အပြင် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုလည်း ရပ်တန့်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

#ကောင်းထက်ငွေ

alarabiya.net

#ယနေ့ခေတ်

အစ္စရေးနှင့် ဟားမက်စ်ကြား ယာယီအပစ်ခတ်ရပ်စဲရန် သဘောတူညီ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်