အကျဥ်း​ထောင်များရှိ သေဒဏ်အမိန့်နှင့် ထောင်တစ်သက် အမိန့်ကျခံရများကို မိသားစုဝင်များနှင့် လူချင်းဧည့်​တွေ့ခွင့်ပြု

ရန်ကုန်၊ နိုဝင်ဘာ ၇

ရန်ကုန်မြို့ရှိ အင်းစိန်အကျဥ်းထောင်နှင့် ပဲခူးမြို့ရှိ သာယာဝတီအကျဥ်းထောင်အပါအဝင် အကျဉ်းထောင်အချို့တွင် သေဒဏ်အမိန့်နှင့် ထောင်တစ်သက် အမိန့်ကျခံရသူများကို မိသားစုဝင်များနှင့် လူချင်းဧည့်​တွေ့ခွင့်ကို နိုဝင်ဘာ ၅ ရက်မှ စတင်ခွင့်ပြုခဲ့​ကြောင်း ရန်ကုန်အင်းစိန်အကျဥ်း​ထောင်မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ပြီးခဲ့တဲလ အောက်တိုဘာ ၂၄ ရက်ကစပြီး အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို လူချင်း​ဧည့်​တွေ့ခွင့်ပြုခဲ့ပါတယ်။ အဲဒီအထဲမှာ သေဒဏ်အမိန့်နဲ့ ထောင်ဒဏ်တစ်သက် ကျခံနေ ရသူတွေ မပါခဲ့ဘူး။ အခုနိုဝင်ဘာ ၅ ရက်မှစပြီး မိသားစုဝင်တွေ လူချင်းဧည့်တွေ့ဆုံခွင့်ပြုခဲ့တာပါ။ ကိုဗစ်ကာလကတည်းကဆိုတော့ အချို့ကလည်း မတွေ့ရတာကြာတော့ လူ အရမ်းများတယ်။” ဟု ရန်ကုန် အင်းစိန်အကျဥ်း​ထောင်မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အကျဥ်းဦးစီးဌာနလက်​အောက်ရှိ အကျဉ်းထောင်များ၏ ထောင်ဝင်စာတွေ့ခွင့် သတ်မှတ်ချက်များအရ သေဒဏ်အမိန့်နှင့် ထောင်တစ်သက်ကျခံရသူများကို လစဥ် ပထမဆုံးအပတ် တနင်္ဂနွေနေ့တိုင်း တစ်လတစ်ကြိမ် တွေ့ခွင့်ပြုသွားမည်ဖြစ်​ကြောင်း ရန်ကုန်အင်းစိန်အကျဥ်း​ထောင် တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အခြား​သော အကျဉ်းသားများကို တစ်လတစ်ကြိမ် မိသားစုဝင်များကို လူချင်းဧည့်တွေ့ ခွင့်ပြုရမည်ဖြစ်ပြီး တရားရင်ဆိုင်ဆဲ အချုပ်သားများက တစ်ပတ်လျှင်တစ်ကြိမ် မိသားစုဝင် များနှင့် လူချင်းဧည့်တွေ့ဆုံခွင့်ပေးထား​ကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

အကျဥ်း​ထောင်များရှိ သေဒဏ်အမိန့်နှင့် ထောင်တစ်သက် အမိန့်ကျခံရများကို မိသားစုဝင်များနှင့် လူချင်းဧည့်​တွေ့ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်