သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ပေါက်ကွဲမှုဖြစ် တစ်ဦးသေဆုံး ၁၀ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် – ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သံလွင်တံတား (ဘားအံ) စစ်ဆေးဂိတ်အနီး၌ ယနေ့နံနက်က ပေါက်ကွဲမှုဖြစ်၍ တစ်ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်က သံလွင်တံတားစစ်ဆေးရေးဂိတ်အနီး ဘားအံဘက်ခြမ်း၌ မောင်းနှင်လာသည့် ဟွန်ဒါဖစ်အမျိုးအစား မော်တော်ယာဉ်အား လုံခြုံရေးပူးပေါင်းအဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းပြီး ကားတံခါးဆွဲဖွင့်စဉ် ကားအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ ပေါက်ကွဲအားက တော်တော်ပြင်းတယ်။ အနားက အဆောက်အဦးတွေရော၊ ဆိုင်ကယ်တွေရော၊ သုံးဘီးတွေပါ ပျက်စီးကုန်တာ။ အရပ်သားတစ်ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်။ ရဲနဲ့ စစ်သား ၇ ယောက်လည်း ဒဏ်ရာရတယ်။ အားလုံးကို သူတို့ကားနဲ့ပဲ စစ်ဆေးရုံပို့ဆောင်ပေးခဲ့ပါတယ် “ ဟု ဒေသတွင်းအခြေစိုက် ပရဟိတအသင်းတစ်သင်းမှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးဂိတ်အနီးရှိ အဆောက်အဦးအချို့ ပျက်စီးခဲ့ပြီး သေဆုံးသူနှင့်ဒဏ်ရာရရှိသူများအား ဘားအံရှိ အမှတ် ၂ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့နေ့လည် ၁၂ နာရီအချိန်အထိ တံတားအနီး ပေါက်ကွဲမှုဖြစ်ပွားရာနေရာအား ပြင်ဆင်မှုပြုလုပ်နေ၍ ခေတ္တပိတ်ထားပြီး တံတားအားဖြတ်သန်းမည့် ကားငယ်များအား အနီးရှိ ရွာအတွင်းမှ ဖြတ်သန်းမောင်းနှင်ခိုင်းကြောင်း ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်ကလည်း ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာအနီး ဘားအံ- သထုံကားလမ်းပေါ်တွင် မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးမှ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာ ယာဉ်မောင်းသေဆုံးခဲ့ပြီး ယာဉ်ပေါ်မှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဘာအံမြို့နယ်၌ ယခုနှစ်အတွင်း ပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်းဖြစ်ပွါးခဲ့ကာ ပေါက်ကွဲမှုများအနက် ယနေ့နံနက်ပိုင်း ပေါက်ကွဲမှုမှာ အပြင်းထန်ဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ များ ပြားခဲ့သည့် ပေါက်ကွဲမှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ပေါက်ကွဲမှုဖြစ် တစ်ဦးသေဆုံး ၁၀ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်