သုဝဏ္ဏ အထက်တန်းကျောင်းအနီး ဗုံးတွေ့၍ ဖောက်ခွဲဖျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၉

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအထက်တန်းကျောင်းအနီး၌ ယနေ့ နံနက်ပိုင်းက ဗုံးတွေ့ရှိ၍ လုံခြုံရေးအဖွဲ့များက ကားလမ်းပိတ်ကာ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း ရပ် ကွက်အတွင်းနေထိုင်သူများထံမှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၉)ရပ်ကွက်၊ သံသုမာလမ်းနှင့် သုဝဏ္ဏလမ်းထောင့်၊ သုဝဏ္ဏအထက်တန်းကျောင်းနှင့် Max စက်သုံးဆီဆိုင်အနီးတွင် ဗုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကားလမ်းပိတ်ကာ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း သိရသည်။

“ မနက်အစောကြီး ဗုံးတွေ့လို့ ကားလမ်းကို နာရီဝက်လောက် ပိတ်လိုက်ပြီး ဖောက်ခွဲလိုက်တယ်လို့ သိရတယ်။ ပေါက်ကွဲသံတစ်ချက်တော့ ကြားရတယ်။ ရုံးသွားကြတဲ့အချိန်ကြီး ကားလမ်းကိုပိတ်လိုက်တော့ သွားလာနေသူတွေလည်း အခက်အခဲဖြစ်ကုန်ကြတယ်။” ဟု သုဝဏ္ဏ (၂၉) ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယနေ့နံနက်ပိုင်းက မသင်္ကာဖွယ်တစ်ထုပ်တစ်ထုပ်အား တွေ့ရှိကြောင်း သတင်းရရှိ၍ သွားရောက်စစ်ဆေးရာမှ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးဖြစ်နေ၍ ယနေ့နံနက် ၉ နာရီခန့်က သံသုမာလမ်းအား ခေတ္တပိတ်ဆို့ကာ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်းသိရပြီး လက်လုပ်ဗုံးကို မည်သည့်အဖွဲ့ကထားခဲ့သည်ကို မသိရကြောင်း အနီးရှိ ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

မောင်ဇော်

Photo – PAN ၊ စီဂျေ

#ယနေ့ခေတ်

သုဝဏ္ဏ အထက်တန်းကျောင်းအနီး ဗုံးတွေ့၍ ဖောက်ခွဲဖျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်