သီပေါ၌ လူနေအိမ်ပေါ် လက်နက်ကြီးကျည်ကျ၍ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့၌ ယနေ့နံနက်ပိုင်းက လူနေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသားတစ်ဦးသေဆုံးကာ သုံးဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံ ပရဟိတအသင်းတစ်သင်းထံမှ သိရသည်။

ယနေ့နံနက်ပိုင်းက သီပေါမြို့အဝင် စံဖိတ်ကွက်သစ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ် လူနေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အိမ်အတွင်းရှိနေသူ လေးဦးအားထိမှန်ခဲ့ရာ တစ်ဦးသေဆုံးပြီး၊ သုံးဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ မြို့အဝင်က ပရိဘောဂလုပ်ငန်းလုပ်ကိုင်တဲ့အိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ။ ဦးဥာဏ်ဌေးဆိုတဲ့ အမျိုးသားကတော့ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားပါ တယ်။ ကျန်တဲ့သုံးဦးကလည်း ဒဏ်ရာတော်တော်ပြင်းထန်တယ်။ ဘယ်အဖွဲ့ကပစ်တယ်တော့ မသိရဘူး။” ဟု ဒေသခံပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူက ယနေ့ခေတ်သို့ ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိသူသုံးဦးအား လူနာတင်ယာဉ်ဖြင့် လားရှိုးဆေးရုံသို့ ပို့ ဆောင်လျက်ရှိပြီး၊ သေဆုံးသူအား သီပေါဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့နေ့လည်တွင် ပစ်ခတ်သံများ မကြားရတော့ကြောင်း ဒေသခံ များက ပြောသည်။ ထို့အပြင် ပစ်ခတ်မှုများဖြစ်ပွားရာ သီပေါမြို့အဝင်မုဒ်ဦးအနီး၌ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးလည်း တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အောက်တိုဘာ ၂၇ ရက်မှ စတင်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ယနေ့အထိ သီပေါမြို့နယ်အပါအဝင် ဒေသအချို့မှ ဒေသခံ ၃၀ ဦးထက်မနည်း ကျည် ထိမှန်၍ သေဆုံးခဲ့ကာ၊ ရာချီ၍ ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသတွင်းရှိ ပရဟိတအသင်းများထံမှ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

သီပေါ၌ လူနေအိမ်ပေါ် လက်နက်ကြီးကျည်ကျ၍ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်