သီပေါရှိ မိုးတေတံတားအနီးမိုင်းကွဲ တစ်ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ မိုးတေကျေးရွာရှိ တံတားအနီး၌ ယမန်နေ့က မိုင်းပေါက်ကွဲခဲ့ရာ ကားမောင်းလာသည့် အမျိုးသားတစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ယမန်နေ့၊ နေ့လည် ၁၂ နာရီက သီပေါ- နမ္မတူသွားကားလမ်းပေါ် ၊ မိုးတေကျေးရွာ၊ မိုးတေတံတားအနီး၌ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ရာ၊ ကုန်ပစ္စည်းများတင်ဆောင် မောင်းနှင်လာသည့် ပါဂျဲရိုးအမျိုးအစားကားကိုထိမှန်ကာ၊ ယာဉ်မောင်းအမျိုးသားတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ သူက နမ္မတူဘက်ကနေ ကုန်ပစ္စည်းတွေတင်ပြီး ကားမောင်းလာတုန်း မိုးတေတံတားနားအရောက်မှာ မိုင်းထိမှန်သွားတာ။ အသက်အန္တရာယ်တော့ မစိုးရိမ် ရဘူး။” ဟု ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူယာဉ်မောင်းမှာ အသက် ၄၀ ဝန်းကျင်အရွယ်ခန့်ရှိပြီး ၎င်း၏လက်နှင့် ခြေထောက်တို့တွင် မိုင်းစဖောက်ဝင် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူနိုင်ရန် သီပေါဆေးရုံမှ တစ်ဆင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ မော်တော်ယာဉ်မှာလည်း မိုင်းစထိမှန်၍ ပျက်စီးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၊ မိုးတေကျေးရွာအနီးရှိ မိုးတေတံတားမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ၂၈ ရက်၊ ညပိုင်းက တိုက်ပွဲကြောင့် ကျိုးကျပျက်စီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ယာယီပြုပြင်၍ ယာဉ် များသွားလာနေခြင်းဖြစ်သည်။

အဆိုပါတံတားအနီး၌ မပေါက်ကွဲသေးသည့် မိုင်းများရှိနေ၍ သတိဖြင့်သွားလာကြရန် ဒေသခံများအချင်းချင်း သတိပေးမှုများရှိကြောင်းလည်း သိရသည်။

သီပေါမြို့နယ်၌ ယခုလပိုင်းအတွင်း ဒေသခံများမိုင်းနင်းမိ၍ ဒဏ်ရာရရှိသည့်ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်၊ ဇန်နဝါရီလ ၃ ရက်နှင့် ဇန်နဝါရီလ ၉ ရက်တို့တွင် မိုင်းနင်းမိ၍ ဒေသခံလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

#မောင်ဇော်

Photo – Shar Htat Paing

#ယနေ့ခေတ်

သီပေါရှိ မိုးတေတံတားအနီးမိုင်းကွဲ တစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်