သီပေါတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၀၀၀ ကျော်ခန့်ရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရှမ်ပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၃၀၀၀ ကျော်ခန့်ရှိလာကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီကျော်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီးတဝိုက်တွင် တိုက်ပွဲများပြင်ထန်နေပြီး စစ်ဘေးရှောင်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဒီနေ့ဆိုလဲ ထပ်တိုးတယ်ဗျ။ စစ်ဘေးရှောင်တွေက နီးစပ်ရာအိမ်တွေမှာ နေကြရတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း သွားနေကြတယ်။ အများဆုံးကတော့ ဘုန်းကြီးကျောင်း တွေမှာ များတာပေါ့နော်။ ဒီနေ့နဲ့ဆို သီပေါအတွင်းမှာ စစ်ဘေးရှောင် ၃၀၀၀ ကျော်လောက်တော့ ရှိပြီဗျ။ ခန့်မှန်းပြောတာပေါ့နော်။ ဒီနေ့အတွက်စာရင်းက မသိရသေးဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ယနေ့အထိ သီပေါအနီးတဝိုက်ရှိ သံဃာတော်များနှင့် သီလရှင်များအပါအဝင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ခန့်ရှိလာကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့ကလည်း သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ရွှေမောင်းသီလရှင်ကျောင်းမှ သီလရှင်အပါး ၂၀၀ ကျော် တိုက်ပွဲများကြောင့် သီပေါမြို့ပေါ်သို့ လာရောက်စစ်ဘေး ရှောင်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ အမည်ဖြင့် တိုက်ပွဲများ‌ဖော်ဆောင်နေရာ အဆိုပါဒေသများ တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ထွက်ပြေးနေရသူ နှစ်သန်းနီးပါးရှိကြောင်း UNOCHA မှ ထုတ်ပြန်ထားသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-Credit

#ယနေ့ခေတ်

သီပေါတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၀၀၀ ကျော်ခန့်ရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်