သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူတို့အမှု အယူခံကို တရားရုံးပယ်ချ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ကျပ်သိန်း ၅၀၀၀ လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူတို့က အယူခံတင်ထားရာတွင် တရားရုံးမှ ပယ်ချလိုက်ကြောင်း တရားလိုရှေ့နေ၏ပြောပြချက်အရ သိရသည်။

“ ကျွန်တော်တို့က ဥပဒေအတိုင်းဆက်သွားမှာပါ။ ဦးမောင်မောင်ကျော်တို့ ဇနီးမောင်နှံက အယူခံတက်ထားတာရှိတယ်။ အဲဒီအယူခံကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ ခရိုင်တရား သူကြီးရုံးကနေ ပယ်ချလိုက်တယ်။ ပြစ်မှုနဲ့ပဲ ဆက်စစ်သွားရမယ်။ သူတို့ကို ဥပဒေအရ အရေးယူမယ်ဆိုရင် ထောင်ကျနိုင်တယ်။” ဟု တရားလို ဦးစိုးလှိုင်က ပြောသည်။

သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူတို့အား ကျပ်သိန်း ၅၀၀၀ လိမ်လည်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ တရားလို ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးက ပြီးခဲ့သည့်ဖေဖော်ဝါရီလက အမှုဖွင့်ထားခြင်းဖြစ်သည်။

ငွေကြေးလိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရသည့် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ ဇနီးမောင်နှံသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် လာရောက်စစ် ဆေးခံခဲ့ပြီး ချေးငွေယူကြောင်းဝန်ခံခဲ့ကာ ယင်းငွေကို သတ်မှတ်ရက်အတွင်းပေးမည်ဟု ရဲစခန်းတွင် အာမခံယူသွားပြီးနောက် ယခုတိုင်မပေးသေးကြောင်း တရားလို ဦးစိုးလှိုင် (ခ)ဦးအောင်အောင်မိုးက ဆက်လက်ပြောကြားသည်။

“ အမှုနဲ့ပတ်သက်ပြီး ရဲစခန်းကဆင့်ခေါ်တယ်။ ဆင့်ခေါ်တော့ သူတို့ကလာပြီး အစစ်ဆေးခံတယ်။ သူတို့ယူပါတယ်ဆိုပြီး ဝန်ခံတယ်။ ပြီးတော့ အာမခံယူတယ်။ အာမခံယူတဲ့နေ့မှာပဲ ပြောခဲ့တာက အမှုကိုခဏစောင့်ပေးပါ၊ ပေးပါမယ်လို့ မေတ္တာရပ်ခံတယ်။ ကျွန်တော်တို့က လူမှုရေးအရစောင့်လိုက်တယ်။ ဒါပေမဲ့ အကြိမ်ကြိမ်ပျက်ကွက်တာကြောင့် ရဲစခန်းက နေပြီး ဥပဒေအရ တရားရုံးကို တရားစွဲတင်ထားတာဖြစ်ပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် အကယ်ဒမီ မို့မို့မြင့်အောင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က နိုင်ငံပိုင်သတင်းစာများတွင် ၎င်း၏ ခင်ပွန်းဖြစ်သူမှာ ငွေကြေးအရှုပ်အရှင်းများကို အကြိမ် ကြိမ်ကျူးလွန်ထားသည့်အတွက် လက်မခံနိုင်ဟုဆိုကာ ကွာရှင်းကြောင်း ကြေညာထားသည်။

စုစု

ဓာတ်ပုံ -အင်တာနက်

#ယနေ့ခေတ်

သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူတို့အမှု အယူခံကို တရားရုံးပယ်ချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်