သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရမည်ဆိုလျှင် နိုင်ငံအတွင်းသေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်ထားခြင်းကို ပယ်ဖျက်သွားမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၂

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လာမည့် နိုဝင်ဘာလအတွင်းကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရမည်ဆိုပါက လက်ရှိသမ္မတ ဂျိုးဘိုင် ဒန်လုပ်ဆောင်ထားသော သေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်စွာကန့်သတ်ထားခြင်းကို ဖြေလျော့သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်။

ဒေါ်နယ်ထရမ့်က “ သေနတ်ပိုင်ရှင်တွေနဲ့ သေနတ်ထုတ်လုပ်သူတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တင်းကြပ်ထားမှုတွေကို ကျွန်တော်သမ္မတအဖြစ် ပထမဆုံးနေ့မှာပဲ ပြန်ဖျက်သွားမယ်။ ကျွန်တော် သမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း သေနတ်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်ပြီး တင်းကြပ်တဲ့စည်းကမ်းတွေထုတ်ပြန်ဖို့ ဖိအားတွေရင်ဆိုင်ခဲ့ရပေမယ့် ခုခံခဲ့တယ်။ ကျွန်တော် သမ္မတအဖြစ်တာဝန်ယူတဲ့ လေးနှစ်အတွင်းမှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်ပြီး တင်းကြပ်တဲ့စည်းကမ်းတွေ ထုတ်ခဲ့တာ သိပ်မရှိဘူး။ သေနတ်နဲ့ပတ်သက်ပြီး ကျွန်တော် သမ္မတသက်တမ်းမှာ ဖိအားမျိုးစုံရင်ဆိုင်ရတယ်။ ဒါပေမယ့် ကျွန်တော်ဟာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်ပြီး တင်းကြပ်တဲ့စည်းကမ်းမထုတ်ခဲ့ဘူး၊” ဟု ပြောသည်။

ဒေါ်နယ်ထရမ့်သည် လက်ရှိအချိန်တွင် စွဲချက်များဖြင့်ရင်ဆိုင်နေရသော်လည်း လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားရာ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်၏ အဓိကပြိုင်ဘက်ဖြစ်သူ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်လည်း ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်သည် အသက် ၈၁ နှစ်အရွယ်ရှိ ရှိနေပြီဖြစ်ရာ ၎င်း၏အသိမှတ်ဉာဏ်များနှင့်ပတ်သက်ပြီး ပုံမှန်မဟုတ်တော့ဘဲ မှတ်ဉာဏ်စွမ်းအား လျော့နည်းနေကြောင်း ဝေဖန်မှုများထွက်ပေါ်နေသည်။

ဒေါ်နယ်ထရမ်သည် ပြီးခဲ့သောရက်ပိုင်းက ပြုလုပ်ခဲ့သော National Rifle Association (NRA)အဖွဲ့မှစီစဉ်သော ပွဲတစ်ခုတွင် မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရမည်ဆိုလျှင် သေနတ်နှင့်ပတ်သက်ပြီး ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခြင်း တင်းကြပ်စွာကန့်သတ်ထားခြင်းကို ပြန်လည်ပယ်ဖျက်၊ ဖြေလျော့မည်ဟု ပြောသည်။

အဆိုပါ(NRA)အဖွဲ့သည် ၂၀၂၆ ခုနှစ် သမ္မတရွေးကောက်ပွဲကာလတုန်းကလည်း ဒေါ်နယ်ထရမ့်ကိုအခိုင်မာအားပေးထောက်ခံမဲဆွယ်ခဲ့သော အဖွဲ့စည်းဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

asiaone.com

သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရမည်ဆိုလျှင် နိုင်ငံအတွင်းသေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်ထားခြင်းကို ပယ်ဖျက်သွားမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်