သထုံမြို့နယ်၌ ဘုရားဖူးယာဉ်တစ်စီး မိုင်းထိ၍ နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၊ ကမာစိုင်ကျေးရွာအနီး၌ ယမန်နေ့က ဘုရားဖူးယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်စဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ယာဉ်ပေါ်ပါသူနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက် ၆ နာရီက ဘုရားဖူးယာဉ်တစ်စီး မောင်းနှင်လာစဉ် အဆိုပါ လမ်းပေါ် မိုင်တိုင်အမှတ် (၁၃၂/၅)နှင့် (၁၃၂/၆) အရောက်၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ၎င်း၏ဇနီးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ သူတို့က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ကနေ ကျိုက်ထီးရိုးဘုရားလာဖူးသူတွေလို့ သိရပါတယ်။ ယာဉ်မောင်းနဲ့ ဘေးမှာထိုင်တဲ့ သူ့ဇနီးတို့ ဒဏ်ရာရသွားတာ။ ကျန်သူတွေတော့ ဒဏ်ရာမရဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိမှန်၍ ယာဉ်မောင်းအမျိုးသား၌ မေးရိုးနှင့်လည်ပင်း မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကာ ၎င်း၏အမျိုးသမီးမှာ ဦးခေါင်းမိုင်းစရှပ်မှန် ဒဏ်ရာတို့ရရှိခဲ့ပြီး သထုံပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ထို့ပြင် မိုင်းထိမှန်၍ Truck အမျိုးအစား ဘုရားဖူးယာဉ်၏ ရှေ့လေကာမှန်နှင့် အမိုးများပျက်စီးခဲ့ပြီး ထိုနေရာရှိ မြေကြီးမှာလည်း ၂ ပေခန့် ချိုင့်ဝင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ မည်သည့်အဖွဲ့က မိုင်းထောင်ထားခဲ့သည် ကို မသိရသေးပေ။ အဆိုပါလမ်းပေါ်၌ ယခုနှစ်အတွင်း မိုင်းပေါက်ကွဲ၍ မော်တော်ယာဉ်များအား ထိမှန်မှု မကြာခဏဖြစ်ပွားလေ့ရှိကာ ခရီးသွားလာသူများ မိုင်းစထိမှန်၍ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

သထုံမြို့နယ်၌ ဘုရားဖူးယာဉ်တစ်စီး မိုင်းထိ၍ နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်