သင်္ဘောသားများ၏ လစာဝင်ငွေခွန် ကြိုတင်ဆောင်ရမည့်အပေါ် ဖြေလျှော့ပေးရန် သက်ဆိုင်ရာသို့တင်ပြမည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၃

သင်္ဘောသားများ၏ လစာဝင်ငွေခွန် ကြိုတင်ဆောင်ရမည့်အပေါ် ဖြေလျှော့ပေးရန် သက်ဆိုင်ရာအခွန်ဦးစီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနများသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ် ဥက္ကဌ ကပ္ပတိန် ဦးစိုးမင်းအောင်က ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ၃၇ လမ်း အောက်ဘလောက်ရှိ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ်ရုံးတွင် သင်္ဘောသားများနှင့် တွေ့ ဆုံပြီး သင်္ဘောသား လစာဝင်ငွေခွန် ကြိုတင်ဆောင်ရာတွင် ကြုံတွေ့လာမည့် အခက်အခဲတင်ပြချက်များကို စာရင်းမှတ်ယူပြီး၊ ယနေ့ နိုဝင်ဘာ လ ၃ ရက်တွင် ပြည်တွင်းအခွန် ဦးစီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ကြိုတင်ဝင်ငွေခွန်ကို လစာရဲ့ ၂ ရာခိုင်နှုန်းကို ၆ လစာသွင်းထားတဲ့ အခွန်ပြေစာတင်ပြနိုင်မှ ပတ်စ်ပို့ကို သက်တမ်းတိုးလို့ရမယ်ဆိုရင် အခုမှ သင်္ဘောတက်မယ့်သူတွေ အခွန်ဆောင် ခိုင်းတာလား။ သင်္ဘောတက်ပြီး ပြန်လာတဲ့သူတွေကို အခွန်ဆောင်ခိုင်းတာလား မသဲကွဲဘူး။ အခုလို ဝင်ငွေခွန် ကြိုတင်ဆောင်ရမယ်ဆိုရင်တော့ ဆောင်မယ့်သူတွေရှိသလို၊ မဆောင်ချင်တဲ့သူတွေလည်း ရှိတယ်။ ပတ်စ်ပို့သက်တမ်းမရှိတဲ့ သင်္ဘောသားတွေကို ဘယ်ကုမ္ပဏီကမှ မခေါ်တဲ့အတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် အခွန်ကိစ္စ ဖြေလျှော့မှုတွေ ပြုလုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေကို တင်ပြသွားမှာပါ။” ဟု ကပ္ပတိန် ဦးစိုးမင်းအောင်က ယနေ့ခေတ်ကို ပြောသည်။

အောက်တိုဘာလ ၁ ရက် မှ မတ်လ ၃၁ ရက်အထိ ခြောက်လစာ လစာ၏ နှစ်ရာခိုင်နှုန်းကို ကြိုတင်ဝင်ငွေခွန်ဆောင်ရန် အောက်တိုဘာလ ၁ ရက်တွင်စီးပွား/ကူးသန်းဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပြီး သင်္ဘောသားများအပါအဝင် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်သူများ ရရှိလာသည့်လစာ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

“ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကတော့ ထားလိုက်ပါတော့။ ဝင်ငွေခွန် ၁၀ ရာ ခိုင်နှုန်းပါ ကောက်မယ်ဆိုတဲ့ သတင်းတွေပါ ထွက်နေတယ်။ ကျွန်တော်တို့ လစာရဲ့ ၁၀ ပုံ ၁ ပုံကို အခွန်ဆောင်ပေးရင် ကျွန်တော်တို့ကို ဘာပြန်လုပ်ပေးမလဲ။ နောက်ပြီး ကျွန်တော်တို့ရလာတဲ့ လစာထဲက ၂၅ ရာခိုင်နှုန်းကိုလည်း သူတို့သတ်မှတ်ထားတဲ့ ဘဏ်တွေကနေတစ်ဆင့် သူတို့သတ်မှတ်တဲ့ဈေးနဲ့ မြန်မာငွေကို ပြန်လဲပေးမှာ။ သင်္ဘောလိုင်းအသစ်မှာ အခုမှသင်္ဘောတက်တဲ့ သူတွေအတွက်တော့ အခက်အခဲတွေရှိလာမယ်။ တစ်ချို့ဆို ပေါင်နှံချေးငှား ပြီးမှ သင်္ဘောလိုက်ရတာ။” ဟု ကိုရီးယားသင်္ဘောလိုင်းတွင် သင်္ဘောလိုက်နေသူတစ်ဦးက ပြောသည်။

၁၉၉၀ ခုနှစ်ဝန်းကျင်ခန့်က သင်္ဘောသားများ ရရှိလာသည့် လစာထဲမှ ၅၀ ရာခိုင်နှုန်းကို အစိုးရသတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်ရောင်းချရပြီး အစိုးရဘက်မှ ကားတင်သွင်းခွင့်၊ လျှပ်စစ်ပစ္စည်းများဖြစ်သည့် ပန်ကာ၊ ရေခဲသေတ္တာ၊ တီဗီနှင့် အိမ်မိုးသွတ်ပြားများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပေးခဲ့ကြောင်း သိရသည်။

၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် လစာထဲမှ ၂၅ ရာခိုင်နှုန်းကို အစိုးရသတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချစေခဲ့ပြီး တစ်နှစ်လျှင် ကားတစ်စီးတင်သွင်းခွင့်ရှိခဲ့၍ ၂၀၁၂ မှစတင်ကာ အဆိုပါသတ်မှတ်ချက်များ မရှိတော့ပဲ၊ သင်္ဘောသားများကို အခွန်ကင်းလွတ်ခွင့်ပေးထာပြီး၊ ယခု အခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည့်သတင်းများ ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ – #အောင်သူရိန်

#ယနေ့ခေတ်

သင်္ဘောသားများ၏ လစာဝင်ငွေခွန် ကြိုတင်ဆောင်ရမည့်အပေါ် ဖြေလျှော့ပေးရန် သက်ဆိုင်ရာသို့တင်ပြမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်