ဝန်းသို၌ ကလေးများအပါအဝင် သေဆုံးသူအလောင်း ၁၉ လောင်းတွေ့

ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၌ ယမန်နေ့က ကလေးများအပါအဝင် သတ်ဖြတ်ခံရ၍ သေဆုံးသူ ၁၉ ဦး၏ ရုပ်အလောင်းများအား တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လည်ပိုင်းက ဝန်းသိုမြို့နယ်၊ ဝင်းကြီးကျေးရွာ (ဒေသအခေါ် ငါး မိုင်) ၌ အစုလိုက်အပြုံလိုက် သေဆုံးနေသူများ၏ အလောင်းများအား တွေ့ရှိရကြောင်း သိရသည်။

“ မနေ့က နေ့လည်က ငါးမိုင်နားမှာ အလောင်းတွေတွေ့တာလို့ သိရတယ်။ သေဆုံးတဲ့အထဲမှာ ကလေးအလောင်းတွေလည်းတွေ့ရတယ်။ အားလုံးက သေနတ်နဲ့ပစ်ခံရတဲ့ ဒဏ်ရာမျိုး နဲ့ သေဆုံးနေတာ။ သူတို့ဘယ်သူတွေလည်းဆိုတာတော့ မသိရဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ ကလေးများအပါအဝင် အမျိုးသား ၁၇ နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်ကြောင်းသိရပြီး၊ ၎င်းတို့မှာ ဒေသခံများမဟုတ်ပဲ မည်သည့်ဒေသမှ လာရောက်သူများဖြစ် သည်ကို လတ်တလောမသိရကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ၎င်းတို့ ၁၉ ဦးအား မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် သတ်ဖြတ်ခဲ့သည်ကို မသိရကြောင်း ဒေသခံများက ဆိုသည်။

ထိုဖြစ်စဉ်အား လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောကြားရာတွင် လက်နက်ကိုင်အဖွဲ့က အဆိုပါလူတစ်စုအား သတ်ဖြတ်ပြီး၊ သေဆုံးသူများ၏ ယာဉ်များ၊ ငွေကြေး၊ လက်ဝတ် လက်စားနှင့် ဆိုင်ကယ်များကို ယူဆောင်သွားကြောင်း ပြောကြားသည်။ ထိုသို့ပြောဆိုမှုအပေါ် ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

လတ်တလော၌ ဝန်းသိုမြို့အနီးရှိ ကောလင်းမြို့အား ဒေသခံကာကွယ်ရေးအဖွဲ့ PDF က ထိန်းချုပ်ထားလျက်ရှိပြီး ကောလင်းနှင့် ဝန်းသိုမြို့တို့အနီးတွင် နေ့စဉ်နှင့်အမျှ နှစ်ဖက်တိုက် ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ထိုဒေသရှိ ဒေသခံတစ်သောင်းထက်မနည်းမှာ ဘေးလွတ်ရာတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဝန်းသို၌ ကလေးများအပါအဝင် သေဆုံးသူအလောင်း ၁၉ လောင်းတွေ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်