ဝန်ထမ်း ၂၀၀၀ ကျော်ရှိ တရုတ်အထည်ချုပ်စက်ရုံ မီးလောင်

ရန်ကုန်၊ ဇူလိုင် ၅

မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း၌ ယမန်နေ့ ညနေပိုင်းက GGG တရုတ်အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းအင်အား ၂၀၀၀ ကျော်ရှိစက်ရုံဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း၊ ဇေကမ္ဘာ ၉ လမ်း၌ ဇူလိုင်လ ၄ ရက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်က GGG တရုတ်အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး level 1 ယာဥ်အုပ်စုများအဖြစ် ထွက်ခွာမီးငြိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ထိုနောက် ၆ နာရီ ၅၀ မိနစ်တွင် level 2 ယာဥ်အုပ်စုအဖြစ် ထွက်ခွာမီးငြိမ်းသတ်ခဲ့ရပြီး ည ၇ နာရီ ၆ မိနစ်ခန့်တွင် မီးထိန်း ထားနိုင်ကာ ၇ နာရီ ၂၃ မိနစ်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ မီးက လောင်အားများတယ်၊ အထည်ဖြတ်စတွေထားတဲ့ ဂိုဒေါင်ကနေစပြီး လောင်တာလို့ သိရတယ်၊ အဲဒီ ဂိုဒေါင်တစ်ခုလုံး ကုန်သွားတယ်၊ အထည်အလိပ်တွေသိုလှောင်ထားတဲ့ ဂိုဒေါင်တွေကိုပါ မီးကူးကုန်တာ၊ ဆုံးရူံးမှုတန်ဖိုးများမယ်ထင်တယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

GGG အထည်ချုပ်စက်ရုံမှာ တရုတ်လူမျိုးပိုင်စက်ရုံဟုသိရပြီး CRIVIT တံဆိပ်နှင့် အခြား Brands များထုတ်လုပ်ကာ ဝန် ထမ်းအင်အား ၂၀၀၀ ကျော်ဖြင့် လည်ပတ်နေသော စက်ရုံဖြစ်၍ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း ပျက်ဆီးဆုံးရူံးမှုတန်ဖိုးများနိုင်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

နေပိုင်ဇော်

ဓာတ်ပုံ – MFSD

ဝန်ထမ်း ၂၀၀၀ ကျော်ရှိ တရုတ်အထည်ချုပ်စက်ရုံ မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်