လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ကားများညအိပ်ရပ်နားခွင့် မပြုသည့်အတွက် ယာဉ်ကြောပိတ်ဆို့ မှုများရှိနေ ဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၁

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ကားများညအိပ်ရပ်နားခွင့် မပြုသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများရှိနေကြောင်း မော်တော်ကားရောင်းဝယ်ရေး အသင်းဗဟို(ရန်ကုန်) မှ ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းသို့ ကားများဝင်ရောက်ချိန် မနက်ပိုင်း ခြောက်နာရီ ခန့်နှင့် ပြန်ထွက်ချိန် ညနေ လေးနာရီဝန်းကျင်တို့တွင် အင်းစိန်လမ်းမကြီးနှင့် ရောင်းဝယ်ရေးစခန်းသို့ ဝင်ရောက်ရာလမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း ဦးအောင်သန်းဝင်းကပြောသည်။

“မနက်ဆို ကားတွေက ဝင်းထဲကိုလာထိုးကြတယ်။ ကားတွေအများကြီးဆိုတော့ အင်းစိန်လမ်းမကြီးကဝင်လာရင် ဈေးရှိတယ်။ အဲဒီမှာ ပိတ်‌တော့တာဘဲ။ နောက်တခြားလမ်းဘက် ကဝင်လာတော့ ကျောင်းရှိတယ်။ ညနေပြန်ထွက်ရင်လည်း ပိတ်တယ်။ ရပ်ကွက်ထဲသွားရပ်ဖို့လဲ နေရာမရှိဘူး” ဟု ၎င်းကပြောသည်။

ဩဂုတ်လ ၁၇ ရက်တွင် သိရိမင်္ဂလာဈေး ယာဉ်ရောင်းဝယ်ရေးစခန်းမှ မော်တော်ယာဉ်များကို လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းသို့ ပြောင်းရွှေခဲ့ပြီးနောက် မော်တော်ယာဉ်များ အ ရောင်းအဝယ်ပြုလုပ်ခြင်းကို မနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ရောင်းဝယ်ခွင့်ပြုထားကြာင်း သိရသည်။

အဆိုပါ အခက်အခဲများကြောင့် လှိုင်ယာဉ်ရေးဝယ်ရေးစခန်းတွင် မော်တော်ယာဉ်များ ညအိပ်ရပ်နားနိုင်ရန် အသင်းမှ ရန်ကုန်မြို့တော်ဝန်ထံ တင်ပြထားကြောင်း၊ မော်တော်တစ်စီး လျှင် ညအိပ်ရပ်နားခ တစ်ရက်လျှင် ၁၀၀၀ ကျပ် (သို့) ၁၅၀၀ ကျပ်ကောက်ခံပြီး မော်တော်ယာဉ်များကို ညအိပ်ရပ်နားခွင့်ပြုစေလိုကြောင်း တင်ပြထားသည်ဟု သိရသည်။

အောင်သူရိန်

ဓာတ်ပုံ-Myanmar Logistic Guide

#ယနေ့ခေတ်

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ကားများညအိပ်ရပ်နားခွင့် မပြုသည့်အတွက် ယာဉ်ကြောပိတ်ဆို့ မှုများရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်