လွိုင်ကော်၌ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးသူ ၁၉ ဦးထိရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ ယမန်နေ့တစ်ရက်တည်း၌ပင် လေကြောင်းဖြင့် ဗုံးကျဲခံရခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းတို့ကြောင့် ဒေသခံ ၁၉ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်က လွိုင်ကော်မြို့၌ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား ကိုးဦး၊ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ မနေ့က ဒေါဥခူရပ်ကွက်မှာ လေယာဥ်နဲ့ ဗုံးကျဲခံရတာ ဘုန်းကြီးကျောင်းတွေလည်း ထိတယ်။ မိုင်းလုံးရပ်ကွက်မှာဆိုလည်း လက်နက်ကြီး​ကျည်ကျတာ၊ အိမ်တည့်တည့်ကိုကျတာ။ အိမ်ထဲက သားအမိတွေထိသွားတယ်။ မနေ့က တနေ့ကုန်ပဲ လက်နက်ကြီးရော၊ လေယာဥ်နဲ့ရောပစ်တာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့် တိုက်ခိုက်ခံရခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ပြီး အကြောင်းမဲ့ပစ်ခတ်ခံရ၍ သေဆုံးသူ ၃ ဦးရှိခဲ့ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏စစ်တမ်းအရ သိရသည်။

ထို့နောက် လွိုင်ကော်မြို့အတွင်းရှိ နာနတ်တော၊ ထေးငျားလျား၊ ဘာဒို၊ ဒေါဥခူ၊ မိုင်းလုံး၊ ချိကယ်၊ မင်းစု (ချိကယ်အစပ်-ဆေးရုံကုန်းဖက်)၊ နမ့်ကွတ်၊ နောင်ယား၊ ပန်းသီရီတော၊ ပိုးစာခြံ၊ နောင်ယား(ထွေအုပ်ရုံးအနီး၊ အစိုးရရုံးအနီး၊ ထ-(၂)) စသည့်ရပ်ကွက်များမှဒေသခံများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အတွင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ ရပ်ကွက်များ၌ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် အရပ်သား ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ များထံမှ သိရသည်။

နိုဝင်ဘာ ၁၁ ရက်မှစတင်ပြီး ယနေ့အချိန်အထိ လွိုင်ကော်မြို့နှင့် အနီးတဝိုက်အပါအဝင် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့များ၌ စစ်ဘေးရှောင် သုံးသောင်းကျော်အထိ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိ ရသည်။

#ဂျူဂျူး

ဓာတ်ပုံ – KHRG

#ယနေ့ခေတ်

လွိုင်ကော်၌ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးသူ ၁၉ ဦးထိရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်