လောက်ကိုင်၌ သက်သာသောစျေးနှုန်းဖြင့် ရောင်းချသော ဆန်များအားဝယ်ယူပြီး စျေးတင်ရောင်းချသူများကို အရေးယူမည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၌ သက်သာသောစျေးနှုန်းဖြင့် ရောင်းချသော ဆန်များအားဝယ်ယူပြီး စျေးတင်၍ ပြန်လည်ရောင်းချ သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဒေသအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့က လောက်ကိုင်မြို့၌ ဆန်တစ်အိတ်လျှင် ယွမ် ၂၀၀ နှုန်းဖြင့် ရောင်းချရာတွင် တိုးကြိတ်ဝယ်ယူသူ များပြားသဖြင့် တစ်ဦးနှင့်တစ်ဦးနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။

ထိုသို့ ဖြစ်ပေါ်သဖြင့် ဒေသအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ရာတွင် တိုက်ပွဲကြောင့် ကိုးကန့်သို့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့သွား၍ ဒေသတွင်းနေ့စဉ်လိုအပ် နေသော စားသောက်ကုန်စည်များ ပြတ်လပ်သွားခဲ့ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံ၏အကူအညီဖြင့် ဆန်များအားဝယ်ယူ၍ ရောင်းချခြင်းဟု ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ရောင်းချမှုမှာ ယမန်နေ့က ဒုတိယအကြိမ်မြောက် ရောင်းချခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက် (ပထမအကြိမ်) ရောင်းချစဉ်က အချို့ပြည်သူများသည် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူထားသောဆန်များကို အကျိုးအမြတ်ယူပြီး ပြန်လည်ရောင်းချနေကြောင်းသိရ၍ အရေးယူမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။

“ အဲ့ဒီဖြစ်စဉ်တွေကို သက်ဆိုင်ရာဌာနမှ စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ဒေသအာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

ထို့ပြင် နောက်ပိုင်းကာလတွင် ထိုဒေသရှိ ပြည်သူများအတွက် ဆန်အပြင် ဟင်းသီးဟင်းရွက်နှင့် အခြားနေ့စဉ်လိုအပ်သောပစ္စည်းများကို ပေါင်းစပ်ဝယ်ယူပေးသွားမည်ဟု ထုတ်ပြန် ခဲ့သည်။

ယမန်နေ့ နေ့လည်က လောက်ကိုင်မြို့ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံး၌ ဒေသခံများအား ငါးဆယ်ကီလိုဂရမ်ပါ ဆန်တစ်အိတ်လျှင် ယွမ် ၂၀၀ နှုန်းဖြင့် လူတစ်ဦးလျှင် တစ်အိတ်ရောင်းချပေးခဲ့ကာ စုစုပေါင်း ဆန်တန်ချိန် ၃၃ တန်အား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် ဒေသခံထောင်ချီ၍ တိုးကြိတ်ဝယ်ယူခဲ့ရပြီး တစ်ဦးနှင့်တစ်ဦးနင်းမိကာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ သို့ရာတွင် လာရောက်ဝယ်ယူသူ အလွန်များ ပြားခဲ့ပြီး ဆန်ကားတစ်စီးထဲသာ ရောင်းချပေးသည့်အတွက် ဝယ်ယူခွင့်မရသူ များစွာရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

၂၀၀၈ အခြေခံဥပဒေအရ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့ကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပြီး ထိုဒေသတွင် စားသောက်ကုန်စည်များ အား စျေးမြှင့်တင်၍ မရောင်းရန်နှင့် ရောင်းချပါက တာဝန်ရှိသူများကို တိုင်ကြားရန်နှင့် လောက်ကိုင်မြို့နယ်အတွင်း ည ၁၀ နာရီမှ နံ နက် ၅ နာရီအတွင်း အပြင်မထွက်ရန်တို့ကို ဒေသအာဏာပိုင်အဖွဲ့မှ အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ထားကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – Kokangnews

#ယနေ့ခေတ်

လောက်ကိုင်၌ သက်သာသောစျေးနှုန်းဖြင့် ရောင်းချသော ဆန်များအားဝယ်ယူပြီး စျေးတင်ရောင်းချသူများကို အရေးယူမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်