လေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်နှင့် ရခိုင်ပြည်နယ်တို့၌ လေပြင်းတိုက်၍ မိုးသည်းထန်နိုင်

ရန်ကုန်၊ ဇူလိုင် -၃၁

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်နှင့် ရခိုင်ပြည်နယ်တို့၌ လေပြင်း တိုက်၍ မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်သူ ဦးဝင်းနိုင်ကပြောသည်။

ယနေ့နံနက် အစောပိုင်းအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်ရွေ့လျားနေပြီး ဗဟိုလေတိုက်နှုန်းမှာ တစ် နာရီ ၂၈.၇ မိုင်ဖြစ်နေကာ ထိုအခြေအနေကြောင့် ယနေ့မှ ဩဂုတ် ၂ ရက်အထိ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်နှင့် ရခိုင်ပြည်နယ်တို့၌ တစ်နာရီလျှင် မိုင် ၂၀ မှ ၃၀ ခန့်အထိ လေပြင်းတိုက်ခတ်နိုင်ပြီး မိုးသည်းထန်နိုင်ကြောင်း ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

ထို့ပြင် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းအနောက်ဘက် ကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ယနေ့မှ ဩဂုတ် ၂ ရက်အထိ မိုးသက်လေပြင်းများကျရောက်၍ တစ်နာရီမိုင် ၃၀ အထိ လေတိုက်ခတ်နိုင်ကြောင်းနှင့် ကမ်းနီးပင်လယ်ပြင်များ၌ လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရောက်ရှိနိုင် ကြောင်း သိရသည်။

“ ဒီနေ့မနက် ၈ နာရီအချိန်မှာ စစ်တွေမြို့အနောက်တောင်ဘက် မိုင် ၈၀ ခန့်မှာဗဟိုပြုပြီး မြောက်-အနောက်မြောက်ဘက်ကို ဆက်ရွေ့မယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံဘက် ကို တိုက်ရိုက်ဝင်မှာမဟုတ်ပေမဲ့ ညာဘက်ခြမ်းမှာတော့ လေပြင်းကျနိုင်တာရော မိုးသည်းထန်နိုင်တာရော ၂ ခုစလုံး သတိထားဖို့လိုပါမယ်။” ဟု ဦးဝင်းနိုင်က ခန့်မှန်းသတိပေးထား သည်။

မိုး/ဇလ၏ ယနေ့နံနက်အစောပိုင်းအချိန် ခန့်မှန်းချက်တွင် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကာ နောက် ၂ ရက်အတွင်း မုတ်သုံလေ အားအလွန်ကောင်းနေမည်ဖြစ် ကြောင်း ခန့်မှန်းထားသည်။

ထို့အပြင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၃ ပေအထိ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ညနေအထိ ရန်ကုန်၊ ဧရာဝတီ၊တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်မိုးကြီးနိုင်ကာ ပဲခူးနှင့်ရခိုင်ပြည်နယ်တို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ခန့်မှန်းထား သည်။

ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သကဲ့သို့ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းအတွင်းရှိ ဒေသ အချို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်၍ ဒေသခံများ ဘေးလွတ်ရာသို့ ရွေ့ပြောင်းမှုများရှိကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများ ရေကြီးရေလျှံမှု သတိပြုရန်နှင့် ကုန်းမြင့်ပိုင်းတွင်နေထိုင်သူများ မြေပြိုမှုအန္တရာယ်ကို သတိပြုကြရန် မိုးလေဝသ ဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်နေသူများက သတိပေးပြောကြားသည်။

မောင်ဇော်

ဓါတ်ပုံ – Win Naing ၊ CJ

#ယနေ့ခေတ်

လေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်နှင့် ရခိုင်ပြည်နယ်တို့၌ လေပြင်းတိုက်၍ မိုးသည်းထန်နိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်