လိုင်ဇာအနီး ပေါက်ကွဲမှုအား နယ်စပ်ဂိတ်တွင် တရုတ်ရဲကစစ်ဆေးနေ ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၂

KIA စခန်းဌာနချုပ်၊ လိုင်ဇာအနီးပေါက်ကွဲမှု၏ အကြောင်းအရင်းအား တရုတ်နယ်စပ်ဂိတ်တွင် တရုတ်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိကြောင်း ယမန်နေ့ ညက နစကပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာသို့ ပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီး သိုလှောင်ရုံတွင် အမိုနီယမ်နိုက်ထရိတ်(ယမ်း) ၁၀၅ တန်ခန့်နှင့် အခြားပေါက်ကွဲစေတတ်သည့်ပစ္စည်းများ သိုလှောင်ထားရာမှ မတော်တဆတစ် ခုခုကြောင့် ပေါက်ကွဲမှုပွားခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲသည့်အကြောင်းအရင်းအား မိမိတို့စုံစမ်းဆဲဖြစ်ပြီး၊ တရုတ်နယ်စပ်ဂိတ်တွင်လည်း တရုတ်ရဲတပ်ဖွဲ့က အကြောင်းအရင်းကို စုံစမ်းနေကြောင်း ပြောကြားသည်။

“ မတော်တဆ ရုတ်တရတ်ပေါက်ကွဲတာဖြစ်တယ်လို့ သတင်းဖော်ထုတ်ရရှိပါတယ်။ ဒါနဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံနယ်စပ်ဂိတ်မှာ တရုတ်ရဲတပ်ဖွဲ့ဝင်တွေက အကြောင်းအရင်းတွေ စုံစမ်းဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။” ဟု ၎င်းကနိုင်ငံပိုင်မီဒီယာသို့ ပြောသည်။

ထို့ပြင် မိမိတို့က ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်ခြင်းတို့ကြောင့် ဖြစ်ပွားခြင်းမဟုတ်ပဲ မြေပြင်ဓါတ်ပုံများအရ ပေါက်ကွဲမှုကြောင့် ပွင့်ထွက်သွားခြင်းကို မြင်တွေ့ရကြောင်း ဆက်လက် ပြောသည်။

ထို့အပြင် ယခင်ကပစ်ခတ်မှုများကို ကျည်ခွံ၊ ကျည်စများဖြင့် သက်သေခံထုတ်ပြခြင်းမျိုးများရှိကြောင်း၊ ယခုဖြစ်ရပ်အား ပြုလုပ်စရာအကြောင်းမရှိကြောင်း ငြင်းဆိုပြောကြားပြီး သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

လိုင်ဇာမြို့အနီး ၂ မိုင်ခန့်အကွာရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းတွင် အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီဝန်းကျင်က ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ် ၁၁ ဦး အပါအဝင် ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၅၆ ဦးထက်မနည်းရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

ထိုပေါက်ကွဲမှု ဖြစ်စဉ်အပေါ် လေကြောင်းတိုက်ခိုက်ခံရခြင်း သို့မဟုတ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ပြောဆိုမှုအပေါ် နစကပြောရေးဆိုခွင့်ရှိသူက မိမိတို့လုပ် ဆောင်ခြင်း မဟုတ်ကြောင်း အောက်တိုဘာ ၁၀ ရက်၊ နေ့လည်က ငြင်းဆိုပြောကြားပြီး ယမန်နေ့ညက ထပ်မံ၍ငြင်းဆိုပြောကြားခြင်းလည်း ဖြစ်သည်။

ပေါက်ကွဲမှုဖြစ်စဉ်အပေါ် KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက “ လက်နက်ကြီးတော့ မဟုတ်ဘူး။ လေယာဉ်နဲ့လား၊ ဒရုန်းနဲ့လား တစ်ခုခုတော့ ဟုတ်မယ်။ လေယာဉ်နဲ့ဆိုရင် အသံကကြားရမယ်။ အခုက မကြားရတော့ ဒရုန်းနဲ့ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြတယ်။” ဟု အောက်တိုဘာ ၁၀ ရက်၊ နံနက်ပိုင်းက RFA သတင်းဌာန၏မေးမြန်းချက်အား ပြန် လည်ဖြေကြားထားသည်ကို တွေ့ ရသည်။

KIA အဖွဲ့ဘက်မှ ယနေ့နံနက်အထိ ဖြစ်စဉ်အပေါ် တရားဝင်သတင်းထုတ်ပြန်၍ ပြောဆိုခြင်းမတွေ့ရသေးပေ။ ထိုသို့ အပြန်အလှန်ပြောဆိုမှုများအပေါ် ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

ထိုဖြစ်စဉ်အပေါ် UN နှင့် UNICEF Myanmar တို့က အလွန်အမင်းစိုးရိမ်ကြောင်းနှင့် ထိတ်လန့်ဝမ်းနည်းရကြောင်း ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၃ ရက်၊ ညပိုင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနန့်ပါကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရပြီး ၆၂ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိုဖြစ်စဉ်အပေါ် စစ်ရေးလိုအပ်ချက်အရ စစ်ဆင်ရေးဆောင်ရွက်မှုသာဖြစ်ပြီး အရပ်သားများ ထိခိုက်မှုမရှိဟု နစကပြောရေးဆိုခွင့်ရှိသူက ထိုစဉ်ကပြောဆိုခဲ့သည်။

မောင်ဇော်

Photo – Kachin Land

#ယနေ့ခေတ်

လိုင်ဇာအနီး ပေါက်ကွဲမှုအား နယ်စပ်ဂိတ်တွင် တရုတ်ရဲကစစ်ဆေးနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်