လားရှိုးရှိ Sunny ဟိုတယ်၌ ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ ဩဂုတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ Sunny Hotel ၌ ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ် ၆ ရက်၊ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က လားရှိုးမြို့၊ အမှတ် (၆) ရပ်ကွက်၊ နယ်မြေ (၁)၊ သိန်းထိုက်ရုပ်ရှင်ရုံနောက်ကျောရှိ Sunny Hotel ဝန်းအတွင်း မြေအောက်ဆိုင် ကယ်ရပ်နားသည့်နေရာရှိ ဆိုင်ကယ်တစ်စီးမှ ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့၌နေထိုင်သူတစ်ဦးက ပြောသည်။

“ ပေါက်ကွဲသံက အကျယ်ကြီးဘဲကြားရတာ။ မြေကြီးတောင်တုန်တယ်။ မီးလောင်လို့ထွက်တဲ့ မီးခိုးငွေ့တွေလဲ မြင်လိုက်ရတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ ဆိုင်ကယ်အား ဟိုတယ်အတွင်း ရပ်ထားခဲ့ပြီးနောက် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ဟိုတယ်ရှိ လုံခြုံရေးဝန်ထမ်းတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ ဆိုင်ကယ် ၈ စီးခန့် ပျက်စီးသွားကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဖောက်ခွဲမှုကို မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် ပြုလုပ်ခဲ့သည်ကို မသိရပေ။

လားရှိုး၌ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိနေကာ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက် ၊ နံနက်ပိုင်းက လားရှိုးမြို့မစျေးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့၌ လာရောက်ရပ်တန့်ထားသည့် ဆိုင်ကယ် ပေါက်ကွဲမှုဖြစ်၍ တစ်ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

လားရှိုးရှိ Sunny ဟိုတယ်၌ ပေါက်ကွဲမှုဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်