လမ်းကြောင်းအခက်အခဲကြောင့် မော်ချီးတွင် ဆန်တစ်အိတ် လေးသိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေ

ရန်ကုန်၊ အောက်တိုဘာ ၃

ကယား(ကရင်နီ) ပြည်နယ်၊ မော်ချီးဒေသ၌ လမ်းကြောင်းပိတ်ဆို့နေသဖြင့် ဆန်တစ်အိတ်လျှင် ကျပ်လေးသိန်းဝန်းကျင်အထိ ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

မော်ချီးဒေသသို့ လွိုင်ကော်မြို့မှတစ်ဆင့် ဆန်တင်ပို့ရောင်းချရပြီး ဆန်တစ်အိတ်လျှင် သယ်ယူစရိတ် ကျပ်ငါးသောင်းအထိ ပေးဆောင်ရကြောင်း သိရသည်။

“ မော်ချီးကို ဆန်ပို့ပေးရတယ်လေ။ ဒီမှာက ပေါ်ဆန်းမွှေးတစ်အိတ်ကို အမြင့်ဆုံး တစ်သိန်းခြောက်သောင်း၊ ခုနှစ်သောင်းရှိတာလေ။ ကားခက တစ်အိတ် ငါးသောင်းပေးရတယ်။ အဲ့မှာ နှစ်သိန်းကျော်ကို သူတို့က ထပ်ပြီးတင်ရောင်းတာနဲ့ လက်လီရောင်းတာနဲ့ဆို သုံးသိန်းကျော်၊ လေးသိန်းနီးပါးထိ ရှိမယ်ထင်ရတယ်၊ စားတဲ့သူက တိုက်ရိုက်ဝယ်ရင်တော့ အဲ့ လောက်မရှိဘူးပေါ့။” ဟု လွိုင်ကော်မြို့ မှ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

မော်ချီးဒေသ၌ ၂၄ ပြည်ပါ ရွှေဘိုဆန်တစ်အိတ်လျှင် လေးသိန်းကျပ်ဝန်းကျင်၊ ကြက်ဥတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် နှစ်သောင်းကျပ်၊ ကွမ်းရွက်တစ် ပိဿာလျှင် တစ်သိန်းခွဲကျပ် စသည်ဖြင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

“ အခုက လမ်းပိတ်လို့၊ ဒီကသွားတဲ့ ကားသမားတွေတောင် ပိတ်မိနေတာ တစ်လလောက်ရှိနေပြီ။ ဖုန်းလိုင်းလည်းမကောင်းဘူး။ စကားတောင် ကြာကြာမပြောရဘူး။ လိုင်းကျသွား တာ။ ပြန်ခေါ်လဲမရဘူး။ လမ်းတွေပိတ်တော့ ဟိုမှာလည်း ဈေးတွေတက်ကုန်တာပေါ့။” ဟု ဒေသခံတစ်ဦးကပြောသည်။

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့အနီးဝန်းကျင်ရှိ ကျေးရွာအချို့၌ ဇွန်လနောက်ဆုံးပတ်က နှစ်ဖက်လက်နက်ကိုင်တပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း ရှိ အဝင်အထွက်လမ်းများအား ပိတ်ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး လွိုင်ကော်မှ ဖရူဆိုလမ်းပိုင်း၊ ဖရူဆိုမှ မော်ချီးအောက်ဘက် လမ်းပိုင်းများပါ ပိတ်ထားသဖြင့် မောချီးသို့ ကုန်ကားများမရောက်ရှိ နိုင်တော့ပဲ ဘော်လခဲ၊ မော်ချီးနှင့် ဖရူဆိုဒေသများ၌ စားသောက်ကုန်များ ပြတ်လပ်လျက်ရှိကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

ဘောလခဲအနီးရွာများတွင် ပိတ်မိနေသူများရှိပြီး အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။ လွိုင်ကော်မှ ကုန်စည်များသယ်ဆောင်ကာ ဘော်လခဲသို့ ဖြတ်သန်းပြီးမှသာ မော်ချီးသို့ ရောက်ရှိခြင်းဖြစ်သဖြင့် ထိုဒေသ၌ တိုက်ပွဲများဖြစ်ကာ လမ်းပိတ်ဆို့ထားသဖြင့် မော်ချီးဒေသ၌ စားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း လွိုင်ကော်မှတက်သွားသည့် ကုန်ကားအချို့နှင့် ကုန်သည်များလည်း လမ်းပိတ်ထားသည့်နေရာ၌ တစ်လကျော်ကြာပိတ်မိနေပြီး ယခင်က တိုက်ပွဲကြောင့်ပိတ် လျှင် အများဆုံး ၁၅ ရက်ခန့်သာ ကြာမြင့်လေ့ရှိကြောင်း လွိုင်ကော်မှကုန်သည်အချို့က ဆိုသည်။

ဂျူဂျူး

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

လမ်းကြောင်းအခက်အခဲကြောင့် မော်ချီးတွင် ဆန်တစ်အိတ် လေးသိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်