လက်နက်ကြီးကျည်အား ဆော့ကစားမိ၍ပေါက်ကွဲရာ ကလေး ၃ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ နမ့်ကျင်စန်အုပ်စု၊ မန်ကျန်းကျေးရွာအနီးတွင် ယမန်နေ့က လက်နက်ကြီးကျည်ဆော့ကစားမိရာမှ ပေါက်ကွဲရာ ကလေး ၃ ဦး ပြင်းထန် ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်က မန်ကျန်းကျေးရွာအနီး၌ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် (RPG ထိပ်ဖူး)အား ကလေး ၃ ဦးကတွေ့ရှိ၍ ဆော့ကစားမိရာမှ ပေါက် ကွဲခဲ့ရာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ RPG ထိပ်ဖူးကို ပစ်ပေါက်ပြီး ဆော့ကစားမိရာကနေ ပေါက်ကွဲသွားတာလို့ သိရတယ်။ ဒဏ်ရာတွေက ခန္ဓာကိုယ်အနှံ့ ရရှိတာတွေ့ရတယ်“ ဟု လူမှုရေးလုပ်ငန်းများလုပ်ဆောင် နေသည့် ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူ ကလေးငယ် ၃ ဦးမှာ အသက် ၆ နှစ်ဝန်းကျင်အရွယ်များဖြစ်ကြ ပြီး လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်၌ နစကတပ်များနှင့် KIA, TNLA နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အချို့ လှုပ်ရှားသွားလာလေ့ရှိပြီး နှစ်ဖက်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံ များထံမှ သိရသည်။

တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်ဒေသများ၌ မပေါက်ကွဲသေးသည့် စစ်လက်ကျန်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒေသခံအရပ်သားများ နှစ်စဉ်ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများရှိနေပြီး UNICEF ၏စာရင်းအရ ယခုနှစ် ၆ လတာအတွင်း နိုင်ငံတစ်ဝန်း၌ လူ ၆၀၀ နီးပါးခန့် ထိခိုက်ခံစားရကြောင်း သိရပြီး ဒေသအလိုက်အနေဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့၌ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

လက်နက်ကြီးကျည်အား ဆော့ကစားမိ၍ပေါက်ကွဲရာ ကလေး ၃ ဦး ပြင်းထန်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်