ရှမ်း(မြောက်)၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ရှောင်ဦးရေ နှစ်သောင်းနီးပါး ရှိလာ

ရန်ကုန်၊ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအချို့၌ ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းနေဆဲဖြစ်ပြီး ဒေသတစ်ခုလုံးတွင် စစ်ဘေးရှောင်သူလူဦးရေ နှစ်သောင်းနီးပါးအထိ ရှိလာ ကြောင်း ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းတွင် ကွတ်ခိုင်၊ သိန္ဒီနှင့် နမ့်ခမ်းမြို့နယ်တို့အပါအဝင် ဒေသအချို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေကာ ထိုဒေသရှိ ဒေသခံများ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းအထိ ဒေသတစ်ခုလုံးတွင် စစ်ဘေးရှောင်သူလူဦးရေ နှစ်သောင်းနီးပါးအထိရှိလာပြီး လားရှိုးမြို့တွင် စစ်ရှောင်သူ ခြောက်ထောင်ကျော်အထိရှိနေကာ ဒေသတစ်ခုလုံးတွင် စစ်ဘေးရှောင်နေရသူအရေအတွက် အများဆုံးဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများမှာ မြို့ပေါ်သို့လာရောက်ပြီး စစ်ဘေးတိမ်းရှောင်လျက်ရှိနေကာ ယနေ့အထိ ဘုန်းတော်ကြီးကျောင်းများအပါအဝင် ယာယီကယ်ဆယ်ရေးစခန်း ၁၃ ခု ဖွင့်လှစ်ထားရကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှ သိရသည်။

“ ဦးဇင်းတို့ကျောင်းမှာက စစ်ရှောင်သူဦးရေ အများဆုံးပဲ။ ဒီနေ့အထိဆို နှစ်ထောင်ကျော်၊ သုံးထောင်နီပါးရှိတယ်။ လိုအပ်ချက်တွေက အဓိက အစားအသောက်လိုတာပါ။ လားရှိုးရဲ့ တခြားနေရာတွေမှာလည်း စစ်ရှောင်သူတွေရှိတယ်။ နှစ်ရာ၊ သုံးရာ၊ လေးငါးရာနဲ့ စုစုနေကြတဲ့နေရာ လေး၊ ငါးနေရာလည်း ရှိတယ်။ လားရှိုးတစ်မြို့လုံးဆို ဒီနေ့အထိ ခြောက်ထောင်ကျော်လောက်ရှိတယ်။ လားရှိုးမြို့က နေ့ဘက်တော့ ငြိမ်တယ်။ ညဘက်ဆိုရင်တော့ ပစ်ခတ်သံတွေ ကြားရတယ်။” ဟု စစ်ရှောင်များအား ကူညီပေးနေသည့် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းမှ ဆရာတော်တစ်ပါးက ယနေ့ခေတ်သို့ မိန့်ကြားသည်။

လားရှိုးမြို့ပေါ်၌ သီရိမင်္ဂလာ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းအပြင် ဟိုနမ့်၊ ဟိုပိတ်၊ မိုင်းတင်၊ ကုန်းသာ၊ မန်အိုင်၊ တာပုံ၊ ကောင်းခန် စသည့်ဘုန်းတော်ကြီးကျောင်းများတွင် လည်း လာရောက်စစ်ဘေးရှောင်သူလူဦးရေ ထောင်ချီ၍ရှိနေ ကြောင်း သိရသည်။

ထို့ပြင် ယနေ့အထိ စာရင်းများအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အခြားဒေသများဖြစ်သော သိန္ဒီမြို့နယ်ရှိ စစ်ရှောင်စခန်း ၆ ခုခန့်တွင် ဒေသခံ ၇၀၀၀ နီးပါး၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)ရှိ စစ်ရှောင်စခန်း ၃ ခုခန့်တွင် ဒေသခံ ၂၀၀၀ နီးပါး၊ ကွတ်ခိုင်မြို့နယ်နှင့် မုန်စီးဒေသရှိ စစ်ရှောင်စခန်း ၃ ခုတွင် ဒေသ ခံ ၁၀၀၀ နီးပါး၊ ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်စခန်း ၂ ခုတွင် ဒေသခံ ၆၀၀ နီးပါး၊ မန်တုံမြို့နယ်ရှိ စစ်ရှောင်စခန်း ၁ ခုတွင် ဒေသခံ ၁၀၀ ကျော်နှင့် ရှမ်း(မြောက်) ဒေသနှင့်ထိစပ်နေသည့် မန္တလးတိုင်း၊ မိုးကုတ်မြို့ နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ဒေသခံ ၃၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူများ၏ ပြောကြားချက်အရ သိရသည်။

“ မူဆယ်ဘက်မှာ တိုက်ပွဲပိုပြင်းထန်တော့ စစ်ရှောင်တဲ့သူတွေက တစ်နေ့ထက်တစ်နေ့ ပို,ပိုများလာနေတာ။ စာရင်းက ခန့်မှန်းခြေ လက်လှမ်းမှီသလောက် ကောက်ထားတာပဲ ရှိတယ်။ စာရင်းကောက်လို့ မရသေးတာနဲ့ တိုက်ပွဲတွေထဲ ပိတ်မိနေသူတွေလည်း ရှိသေးတယ်။” ဟု မူဆယ်ဒေသခံ ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးက ယနေ့ ခေတ်သို့ ပြောကြားသည်။

လက်ရှိ အချိန်အထိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် အိပ်ယာခင်းများ လိုအပ်ချက်ရှိနေကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောကြားသည်။

အောက်တိုဘာ ၂၇ ရက်မှ စ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ သိန္ဒီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် ဒေသအများအပြားသို့ ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA)နှင့် ရခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ပူးပေါင်းတပ်တို့က စတင်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား နေခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း နှစ်ဖက်ပစ်ခတ်မှုများအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများနှင့် လေကြောင်းတိုင်ခိုက်မှုများကြောင့် ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တို့အပါအဝင် ဒေသအချို့ တွင် ယနေ့အထိ ထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိသူ ဒေသခံ ၂၀ ဦးထက်မနည်းရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ- တိုက်ပွဲကြောင့် ပျက်စီးမှုများနှင့် စစ်ဘေးရှောင်များအား တွေ့ရစဉ်

#ယနေ့ခေတ်

ရှမ်း(မြောက်)၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ရှောင်ဦးရေ နှစ်သောင်းနီးပါး ရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်