ရှမ်း(မြောက်)တွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း ရှမ်း(တောင်)ရှိ ဟိုတယ်ဘိုကင်နှင့် ခရီးစဉ်များအား ယနေ့အထိ ဖျက်သိမ်းသူမရှိသေး ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ယနေ့ နေ့လည်အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဟိုတယ်ဘိုကင်နှင့် ခရီးစဉ်ဖျက်သိမ်းသူ မရှိသေးကြောင်း ယင်းဒေသရှိ ဟိုတယ်များနှင့် ခရီးသွားကုမ္ပဏီများ၏ ပြောပြချက်အရ သိရသည်။

“ အခုထိတော့ ဟိုတယ်ဘိုကင်လုပ်ထားတာ အပြည့်ပါပဲ။ cancel လုပ်တာတော့မရှိသေးဘူး။” ဟု တောင်ကြီးဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် တောင်ကြီး၊ အင်းလေး၊ ကလောခရီးစဉ်အတွက် ဟိုတယ်အခန်း ကြိုတင်မှာယူမှုများမှာ ယခုလလယ်ပိုင်းမှစ၍ ပြည့်နေခြင်းဖြစ်ကြောင်း အဆိုပါဒေသရှိ ဟိုတယ်များနှင့် ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

“ ခရီးစဉ်ကတော့ ပုံမှန်အတိုင်းပဲ သွားနေတယ်။ ခုထိတော့ ခရီးစဉ်ဖျက်သိမ်းတာမရှိဘူး။ ပိတ်ရက်မတိုင်ခင် ကြိုရောင်းထားတာဆိုတော့ အကုန်ပြည့်နေပြီ။” ဟု ပြည်တွင်းခရီးသွား ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်နှင့် နီးကပ်သည့် ပြည်တွင်းခရီးစဉ်များဖြစ်သော နောင်ချိုနှင့် ပြင်ဦးလွင်တို့သို့ ခရီးသွားလာသူများလည်း ယနေ့အထိရှိကြောင်း ဒေသတွင်းခရီးသွားလုပ်ငန်း များထံမှ သိရသည်။

ယမန်နေ့နံနက် ၄ နာရီခန့်မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် နေရာအနှံ့အပြားတွင် ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ်(TNLA)နှင့် ရခိုင့်တပ်တော် (AA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ပူးပေါင်းတပ်တို့က စတင်တိုက်ခိုက်ရာမှ ယနေ့အထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများကို ထိခိုက်မှုမရှိသော်လည်း နိုင်ငံပုံရိပ်ကိုကျဆင်းစေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောကြားထားသည်။

စုစု

ဓာတ်ပုံ -အင်တာနက်

#ယနေ့ခေတ်

ရှမ်း(မြောက်)တွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း ရှမ်း(တောင်)ရှိ ဟိုတယ်ဘိုကင်နှင့် ခရီးစဉ်များအား ယနေ့အထိ ဖျက်သိမ်းသူမရှိသေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်