ရှမ်း(မြောက်)တိုက်ပွဲများကြောင့် တစ်လအတွင်း အရပ်သား ၇၂ ဦး သေဆုံးကာ ၁၂၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တစ်လအတွင်း အရပ်သား ၇၂ ဦးသေဆုံးကာ၊ ၁၂၅ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်းရှိ စစ်ဘေး ရှောင်များအား ကူညီပေးနေသည့် တအောင်းအမျိုးသမီးအဖွဲ့အစည်း(TWO) ထံမှ သိရသည်။

အောက်တိုဘာ ၂၇ ရက်နေ့မှ ယနေ့(နိုဝင်ဘာ ၂၇ ရက်နေ့) အထိ တစ်လအတွင်း အသက် ၁ နှစ်မှ ၁၆ နှစ်အရွယ် ကလေးငယ် ၂၆ ဦးအပါအဝင် အရပ်သား ၇၂ ဦး သေဆုံးခဲ့ကာ ၁၂၅ ဦး ထိခိုက်ဒဏ်ရာရပြီး ထိခိုက်သေဆုံးသူ စုစုပေါင်း ၁၉၇ ဦးအထိရှိကြောင်း TWO မှ ကောက်ယူထားသည့်စစ်တမ်းအရ သိရသည်။

“ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ ၁၉၇ ဦးအနက် အမျိုးသမီး ၅၅ ဦးပါဝင်ပြီး အသက်အားဖြင့် ၃၀ မှ ၈၅ ကြားရှိ သက်ကြီးရွယ်အိုများဖြစ်နေပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကလည်း တိုက်ပွဲကြား ထွက်ပြေးနေစဉ်အတွင်း ၆ လလွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျမှုလည်းရှိခဲ့ပါတယ်။” ဟု တအောင်းအမျိုးသမီးအဖွဲ့အစည်း၏ ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

ထို့ပြင် တစ်လအတွင်း တိုက်ပွဲများကြောင့် ယနေ့အထိ ရှမ်း(မြောက်)ဒေသရှိ ဒေသခံ ၆၃,၆၆၁ ဦး စစ်ဘေးတိမ်းရှောင်နေရကာ စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များစွာပါဝင်ပြီး ၎င်းတို့အတွက် လုံလောက်သော အသုံးအဆောင်ပစ္စည်း မရှိသည့်အပြင်၊ ကျန်းမာရေး စောင့်ရှောက်မှုမရှိခြင်း၊ အဟာရပြည့်ဝစွာ စားသုံးနိုင်သည့် အခြေအနေမရှိခြင်းကြောင့် ကျန်းမာရေးပိုင်း ထိခိုက်မှုများပါရှိလာကြောင်း သိရသည်။

ထို့အပြင် အမျိုးသမီးများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသည့် အခြေအနေကိုကြုံတွေ့နေရပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုများကို တိုးချဲ့ကူညီဆောင်ရွက်မှုပေးရန်တောင်းဆိုကြောင်း တအောင်းအမျိုးသမီးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်း(မြောက်)ဒေသရှိ တိုက်ပွဲများကြောင့် တစ်လအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့သည့် မြို့နယ်များမှာ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်တို့ဖြစ်ပြီး ထိုဒေသမှ ဒေသခံ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ပြီးခဲ့သည့် တစ်လနီးပါးမှစတင်၍ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်တောင် ပိုင်းတို့မှ ဒေသခံသုံးသိန်းနီးပါး စစ်ရှောင်နေရကြောင်း UNOCHA က ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ – ရှမ်း(မြောက်)တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများ၊ ပျက်စီးမှုများနှင့် စစ်ရှောင်များအား တွေ့ရစဉ်။

#ယနေ့ခေတ်

ရှမ်း(မြောက်)တိုက်ပွဲများကြောင့် တစ်လအတွင်း အရပ်သား ၇၂ ဦး သေဆုံးကာ ၁၂၅ ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်