ရွှေလွိုင်ကော် ပရဟိတအသင်းရုံးနှင့် လူနာတင်ကားများ မီးရှို့ဖျက်စီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ကယားပြည်နယ်(ကရင်နီပြည်)၊ လွိုင်ကော်မြို့ရှိ ရွှေလွိုင်ကော် ပရဟိတအသင်း၏ နေအိမ်၊ ရုံးခန်းနှင့် အသင်းပိုင် လူနာတင်ကား ၇ စီး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ရွှေ လွိုင်ကော် ပရဟိတအသင်း၏ နေအိမ်၊ ရုံးခန်းဖွင့်လှစ်ထားသည့် အဆောက်အဦနှင့် လူနာတင်ယာဉ် ၇ စီးတို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အသင်းနှင့်နီးစပ်သူများထံမှ သိရသည်။

“ လိုချင်တာ အကုန်ယူသွားလို့ ရနေတာပဲလေကွာ၊ ခင်ဗျားတို့ စိတ်ကြိုက်ယူလို့ ရနေတာပဲ။ အိမ်လေး၊ အသင်းကားလေးတွေကျန်ရင်ပဲ ရပါပြီလို့ ဖြေသိမ့်ထားရတာ။ တိုက်ပွဲဇုံထဲ ရောက်နေလို့ မတော်တဆထိမိလို့ ပါသွားတာ ခံသာပါသေးတယ်။ အခုတော့ လက်နက်ကြီးလည်း မဟုတ်ဆိုတော့၊ ရှို့မီးတဲ့လားဗျာ။” ဟု အသင်းနှင့်နီးစပ်သူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

လွိုင်ကော်မြို့၏ အားထားရာ အသင်းတစ်သင်းဖြစ်ကာ၊ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ရှောင်နေရချိန်ဖြစ်ပြီး၊ အဆိုပါဖြစ်စဥ်ကြောင့် ဒေသခံများမှာ စိတ်မကောင်းဖြစ်ရ ကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြကြသည်။

“ ပြောစရာစကား​တောင် မရှိ​တော့ဘူး ​ရွှေလွိုင်​ကော်ရယ်။ လွယ်လွယ်​လေး ထူ​ထောင်ခဲ့ရတာမဟုတ်ဘူး။ တစ်ပြည်နယ်လုံးအားကိုးရတဲ့ အသင်းကြီးဗျာ။” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လွိုင်ကော်မြို့နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရရှိသူများနှင့် စစ်ဘေးရှောင်များအား ကူညီပေးသည့် ပရဟိတအသင်းကားတချို့မှာ ပစ်ခတ်ခံရမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ လွိုင်ကော်မြို့ပေါ်အပါအဝင် အနီးတစ်ဝိုက်ရှိ ဒေသများ၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်ခံရခြင်း၊ လေကြောင်းဖြင့်ပစ် ခတ်ခံရခြင်းများရှိ၍ ဒေသခံ ငါးသောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

#ဂျူဂျူး

photo – AMM

ပုံစာ – ရွှေလွိုင်ကော် ပရဟိတအသင်းကားများ(ပုံဟောင်း)

#ယနေ့ခေတ်

ရွှေလွိုင်ကော် ပရဟိတအသင်းရုံးနှင့် လူနာတင်ကားများ မီးရှို့ဖျက်စီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်