ရွှေပြည်သာမြို့ရှိ နေအိမ်တစ်လုံး ဓားပြတိုက်ခံရမှုဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ – ၉

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်၊ မြမာလာ ၃ လမ်းရှိ နေအိမ်တစ်အိမ်၌ ယနေ့ နံနက်ပိုင်းက ဓားပြတိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာ ၉ ရက်၊ နံနက် ၉ နာရီ ဝန်းကျင်တွင် ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်၊ မြမာလာ ၃ လမ်းရှိ နေအိမ်တစ်လုံး၌ Mask တပ်ထားသည့် အမျိုးသား ၄ ဦးမှ လက် နက်များဖြင့်ချိန်းခြောက်ကာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ငမောက်စျေးနားကအိမ်ပဲ မနက် ၉ နာရီလောက်က ဝင်တိုက်သွားတာ” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ဓားပြတိုက်မှုဖြစ်ချိန်၌ နေအိမ်တွင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် လေဖြတ်ဝေဒနာခံစားနေရသည့် သားဖြစ်သူ နှစ်ဦးထဲရှိနေသည့် အချိန်ဖြစ်ကာ နေ အိမ်ရှိ ငွေကျပ်သိန်း ၂၀၀ နှင့် တန်ဖိုးကြီးပစ္စည်းများ ပါသွားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ဩဂုတ်လ ၃၀ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ မြောင်းကြီးလမ်းနေအိမ်တစ်ခု၌ အသက်၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ၎င်းစီးနေကြ အနှေးယာဉ်မောင်းနှင့် အပေါင်းအပါ များက နေအိမ်၌သတ်ဖြတ်၍ ပစ္စည်းလုယက်မှုဖြစ်ပွားခဲ့သည်။

ချစ်ချစ်ခိုင်

#ယနေ့ခေတ်

ရွှေပြည်သာမြို့ရှိ နေအိမ်တစ်လုံး ဓားပြတိုက်ခံရမှုဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်