ရသေ့တောင်မြို့နယ်၌ စစ်ဘေးရှောင် ၅၀၀၀ ကျော် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

ရသေ့တောင်၊ သြဂုတ် ၁၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတွင် ဒေသခံစစ်ဘေးရှောင် ၅၀၀၀ ကျော် စားနပ်ရိက္ခာနှင့် အမိုးအကာများအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် များကိုကူညီပေးနေသူများထံမှ သိရသည်။

စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်သည် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်းကဖြစ်ပွားသည့် တိုက်ပွဲများကြောင့် တိမ်းရှောင်လာသူများဖြစ်ကြောင်း၊ အဆိုပါစစ်ရှောင်များတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါဝေဒနာရှင်များ ၂၀၀၀ နီးပါးခန့်ပါဝင်ကြောင်း သိရသည်။

” အခု စစ်ဘေးရှောင်တွေက ပြီးခဲ့တဲ့ဇွန်လ ပထမအပတ်နဲ့ ဇူလိုင်လ ဒုတိယအပတ်လောက်က ရောက်လာတဲ့ စစ်ရှောင်အသစ်တွေပါ။ စစ်ဘေးရှောင်အကုန် ၅၀၀၀ ကျော်လာက်ရှိ တာ။ စစ်ရှောင်တွေထဲမှာ ကလေးတွေတော်တော်များတယ်။ အခု သူတို့တွေ အမိုးအကာတွေ၊ အနွေးထည်တွေ၊ စားဖို့ရိက္ခာတွေလိုအပ်နေတာ။ အခု လိုအပ်ချက်ကအရမ်းများနေ တယ်။ စစ်ရှောင်တွေက မလျော့တဲ့အပြင် ထပ်တိုး၊ ထပ်တိုးလာတော့ လိုအပ်ချက်ကများနေတာပေါ့။” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးကပြောသည်။

အဆိုပါ စစ်ဘေးရှောင်များထဲမှ ကလေးများနှင့် သက်ကြီးပိုင်းများသည် ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရသည့်အတွက် ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်း၊ အသာများနာကျင်ခြင်း၊ အစားအသောက်ပျက်ခြင်း စသည့်အခြေအနေများဖြစ်ပေါ်နေကြောင်း သိရသည်။

” အရင်က အလှူရှင်တွေအရမ်းပေါတာ။ အခုလုံးဝမရှိသလောက် ဖြစ်နေတယ်။အရင်လို လွတ်လွတ်လပ်လပ် သွားလို့လာလို့ မရတာတွေကြောင့်ပေါ့။ ဒီလိုဆိုလည်း ပြစ်မထားကြပါ နဲ့၊ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အဝတ်အထည်တွေ စားဖို့သောက်ဖို့ပစ္စည်းတွေကို လှူဒါန်းပေးဖို့ပြောချင်ပါတယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်ကို ကူညီကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်မည့် ပြည်တွင်း၊ ပြည်ပ မည်သည့်အဖွဲ့အစည်းများမဆို(နစက)ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီထံ အသိပေးတင်ပြပြီးမှသွားရောက်နိုင်မည်ဟု သက်ဆိုင်ရာမှထုတ်ပြန်ထားသည့် မှတ်တမ်းများအရ သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

ရသေ့တောင်မြို့နယ်၌ စစ်ဘေးရှောင် ၅၀၀၀ ကျော် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်