ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တံတားတစ်စင်း မိုင်းကွဲ၍ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ ကျောက်တံခါးနှင့် ဖြူးမြို့နယ်အကြား ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တံတားတစ်စင်း ယနေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲ၍ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်အစောပိုင်းက အဆိုပါလမ်းဟောင်းပေါ်ရှိ ကွင်းချောင်းတံတားတွင် မိုင်းပေါက်ကွဲမှုဖြစ်ကာ တံတားတစ်စင်းလုံးနီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။

“ မနက်အစောကြီး ၄ နာရီလောက်က မိုင်းကွဲတဲ့အသံတစ်သံကို အကျယ်ကြီး ကြားရတာ။ မနက်ကျတော့ တံတားကျိုးသွားတယ်လို့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တံတား၏ ချဉ်းကပ်လမ်းအပါအဝင် အစိတ်အပိုင်းအချို့ပျက်စီးခဲ့ပြီး ယနေ့နေ့လည်အထိ လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံအချို့က ဆိုသည်။

ထိုသို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တံတားတစ်စင်းပျက်စီးခဲ့ကာ သွားလာ၍မရတော့၍ ကုန်တင်ယာဉ်များအပါအဝင် ယာဉ်အမျိုးမျိုးမှာ အမြန်လမ်းမှ ဖြတ်သန်းသွားလာ လျက်ရှိနေကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်- မန္တလေးအမြန်လမ်း၏ အချို့နေရာများတွင် ယနေ့နံနက်ပိုင်း ယာဉ်ကြောပိတ်ဆို့မှုများရှိနေကြောင်း သိရသည်။

“ အမြန်လမ်း ၁၁၅ မိုင်မရောက်ခင် တချို့နေရာတွေမှာရယ်၊ တိုးဂိတ်တွေမှာရယ် ယာဉ်ကြောပိတ်ဆို့နေတာ။ ကွန်တိန်နာတွေ၊ ဆီတင်ယာဉ်တွေနဲ့ လမ်းဟောင်းကသွားတဲ့ ကားအ များစု အမြန်လမ်းပေါ် ရောက်လာတော့ ကားတွေပိတ်ကုန်တာ။” ဟု အမြန်လမ်းတွင်ခရီးသွားလာခဲ့သူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါတံတားပျက်စီးမှုနှင့် ပတ်သတ်၍ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ရာတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တံတားတစ်စင်း၊ ရထားလမ်းနှင့် ကာ ကင်းစစ်စခန်းအချို့အား ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်ချေ မှုန်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဒေသအချို့တွင် နှစ်လကျော်ကြာ ဖြစ်ပွားလျက်ရှိသည့် နှစ်ဖက်တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည့် တံတား ၁၀ စင်းထက်မနည်း ကျိုးကျပျက်စီးခဲ့ကာ၊ အချို့ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ- စီဂျေ

#ယနေ့ခေတ်

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တံတားတစ်စင်း မိုင်းကွဲ၍ ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်