ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲခံရ၍ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေ့ကုန်း ကျေးရွာအနီး၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲခံရပြီး၍ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၈ ရက်၊ ည ၉ နာရီကျော်က အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီး၊ ကျွဲပွဲမြို့ မြောက်ဘက်အထွက်တွင်ရှိသော ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဂွေးတောက် ခင်တံတားမှာ မိုင်းပေါက်ကွဲခြင်းကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

“ မိုင်းကွဲတဲ့အသံကတော့ တော်တော်ကျယ်တယ်။ အုတ်တွင်းမြို့ပေါ် ကတောင် ကြားရတယ်။ တံတားတစ်ခြမ်း ပျက်စီးသွားတာ။ လောလောဆယ်တော့ မပျက်စီးပဲကျန်ခဲ့တဲ့တစ် ခြမ်းကနေ ကားအသွားအလာတွေ လုပ်နေရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

တံတားပေါ်တွင် အဝါရောင်ပုံးများထားရှိပြီး မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုကြောင့် တံတားအရှေ့ဘက်အခင်းနှင့် ဘောင်များပျက်စီးခြင်းနှင့် အကျယ် ၁၀ ခန့်နှင့် အလျားပေ ၄၀ ခန့်ရှိသည့် တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတံတားသည် အလျားပေ ၄၀ နှင့်အကျယ်ပေ ၄၀ ရှိကာ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် တည်ဆောက်ထားပြီး ကုန်စည်စီးဆင်းမှုအတွက် အရေးပါသည့်တံတား တစ်စင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အလားတူ အောက်တိုဘာ ၂၇ ရက်မှ စတင်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တံတားသုံးစင်းနှင့် မွန်ပြည်နယ်အတွင်းရှိ တံတားတစ်စင်းတို့ ပျက်စီး ခဲ့ကာ ယနေ့အထိ ပြင်ဆင်နိုင်မှု မရှိသေး၍ ဒေသခံအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲခံရ၍ ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်